ရှင်ကိုးရှင်မှစ၍

0
3655

တနင်္သာရီတိုင်းဒေသကြီး ထားဝယ် ခရိုင်လေးမြို့နယ်အတွင်း “ဟေမာဂီရိ မြို့တြိ မှတ်ဘိ ရှင်ကိုးရှင်”ဆိုတဲ့ ရှင်ကိုးရှင် ဘုရားများဟာ ထင်ရှားကျော်ကြား လှပါတယ်။

စာရေးသူနဲ့ အထက်မြန်မာပြည်က သမိုင်း သုတေသီများ စကားလက်ဆုံ ကျကြတဲ့အခါတိုင်းမှာ ထားဝယ်ဒေသနဲ့ ပတ်သက်တဲ့ သမိုင်းဆိုင်ရာ အချက် အလက်တွေကို မေးမြန်းတတ်ပါတယ်။ သူတို့အနေနဲ့ အတော်များများဟာ ရာဇဝင်ကြောင်းတွေကို လေ့လာထားကြပြီး သူတွေက များပါတယ်။

သို့သော်လည်း သမိုင်းသုတေသီ တို့၏ အာသီသအတိုင်း ရာဇဝင်တွေသိရုံ နဲ့ အားမရ။ ခိုင်မာတဲ့သမိုင်းကိုသာ အလေးပေး သိလိုကြတဲ့အခါ ထင်ရှားတဲ့ ရှင်ကိုးရှင်နဲ့ ပက်သက်တဲ့ သမိုင်းကို မေးလေ့ရှိပါတယ်။ သမိုင်းသုတေသီတွေ ဆိုတော့ စတာနဲ့ မေးတဲ့ မေးခွန်းက “ရှင်ကိုးရှင်ဆိုတာ ဘယ်အချိန်က စပေါ်လာတာလဲ” ဆိုတဲ့ မေးခွန်းမျိုးက စမေး တော့တာပါ။ သူတို့ ဒီလိုမေးတဲ့အခါတိုင်း စာရေးသူဖြေလေ့ ရှိတာကတော့ “ရှင်ကိုးရှင် ဆိုတာ ယခင်ကာလတွေက မရှိ။ပေါ်လာတာ မကြာသေးဘူး”ဆိုတာ ဖြစ်ပါတယ်။

ဒီလိုဖြေတော့ သူတို့က ပိုစိတ်ဝင်စားကြပြီး သမိုင်းကောက်ကြောင်းရေးဖို့ တိုက်တွန်းကြတယ်။ တိုက်တွန်းတိုင်း လည်း အနည်းငယ် ပြောပြဖြစ်တာမှအပ စာအဖြစ်နဲ့တော့ မရေးဖြစ်။ မရေးတဲ့ အကြောင်း များစွာရှိပေမဲ့ အဓိက ကျတာကတော့ ရှေးရိုးစွဲသမားတွေနဲ့ အတိုက်အခံ မဖြစ်လိုသေးတာကြောင့် ဖြစ်ပါတယ်။

ရာဇဝင်သမားများနဲ့ သမိုင်း သုတေသီများကြား မတူညီတဲ့စံ ရပ်တည် ချက်ကွဲပြားတာတွေ ရှိကြပါတယ်။ သမိုင်းသုတေသီတွေဟာ အစဉ်အလာ ယုံကြည်ချက်တွေကို လိုအပ်လာတဲ့ အခါတိုင်းမှာ တော်လှန်ရလေ့ ရှိတယ်။ အစဉ်အလာ ယုံကြည်ချက်ကို တော်လှန် ကြသူတိုင်း အန္တရာယ်(သို့) ပြဿနာများ ရင်ဆိုင်ရလေ့ရှိကြတာက နယ်ပယ်တိုင်း မှာ ဖြစ်လေ့ရှိတဲ့ သဘာဝတစ်ခုပါ။ ဖောက်ထွက်တော်လှန်သူတိုင်းဟာ အနိမ့်ဆုံး အနေနဲ့ အမြင်စောင်းတာတော့ ခံကြရပါတယ်။

သမိုင်းသုတေသီများကတော့ ဒီဖြစ် စဉ်ကို ရှောင်မရ။ လိုအပ်လာတိုင်း တော်လှန် ရတယ်။ ပြင်ဆင်ကြရတယ်။ ဒေါက်တာ သန်းထွန်းရဲ့ သြဝါဒ အတိုင်းပြောရင် သမိုင်းရေးသူဟာ ချစ်လို့ မုန်းလို့ ကြောက် လို့ မသိလို့ဆိုတဲ့ လေးချက်ကြောင့် မရေးရဲတာ၊ ရေးရဲတာ မဖြစ်ရဘူးလို့ မှာကြားပါတယ်။ အဂတိကင်းဖို့လိုတယ်လို့ ပြောတာပါ။

ရှေးရိုးစွဲသမားတွေကတော့ ထားဝယ် တွေထဲမှာလည်း ရှိလိမ့်မယ်လို့ ထင်ပါတယ်။ ဘာသာရေးနွယ်တဲ့အကြောင်း အရာ သဒ္ဓါတရားနဲ့ဆိုင်တဲ့အကြောင်း အရာဖြစ်လို့ စာဖတ်သူအနေနဲ့ကတော့ ယုံကြည်ချင်သလို ယုံကြည်ခွင့် ရှိပါတယ်။ ဒီစာကို ရေးတာကလည်း အကြည်ညို တန်ပါစေ သဒ္ဓါပျက်ယွင်းပါစေဆိုတဲ့ သဘောမပါပါ။ ဓမ္မနဲ့ ပတ်သက်တာတွေ ကို စာရေးသူ မပြောပါ။ ဝံသတွေကိုပဲ ဦးတည်ပါတယ်။

ရှင်ကိုးရှင်ဆိုတဲ့အရာ ပေါ်လာပုံ ကောက်ကြောင်းကို အရှိအတိုင်း ပြောရုံ မျှသာပါ။

ရှင်ကိုးရှင်ဆိုတာနဲ့ပတ်သက်လို့ ရှေးယခင် ကာလတွေကနေ လွတ်လပ်ပြီး ခေတ်အထိ (၂၀ ရာစု မတိုင်မီ) ထားဝယ် ရာဇဝင် မှတ်တမ်း အစောင်စောင်တို့မှာ ဘယ်နေရာမှာမှ မပါရှိပါ။ စေတီဘုရား တစ်ဆူချင်းစီ၏ ရာဇဝင်အပိုင်းအစများ ပါရှိကြသော်လည်း “ရှင်ကိုးရှင်”ဟူ၍တော့ အစောပိုင်း ကျောက်စာ ပေစာ ပုရပိုက်စာ တို့၌ ဘယ်မှတ်တမ်းမှာမှ မပါ။ ရှင်ကိုး ရှင်ဆိုတာ ဘယ်အချိန်မှာ စပေါ်လာတာလဲ ဆိုတဲ့ မေးခွန်းအတွက် အဖြေက ၁၉၇၀ ကျော်လောက်မှ ပေါ်လာတာလို့သာ ပြောစရာရှိပါတယ်။ စာရေးသူ ကြားဖူး လာတာတော့ ၁၉၉၅ နောက်ပိုင်းမှပါ။

ဒီဝေါဟာရကို အစောဆုံး တွေ့ရတာ ကတော့ ဆရာကြီးရွှေဝယ်ဧရေးတဲ့ ထားဝယ်ရာဇဝင်သမိုင်းစာအုပ်မှာ ဖြစ်ပါတယ်။ အဲဒီစာအုပ်ကို ၁၉၇၄ ခုနှစ် အောက်တိုဘာလမှာ ပထမအကြိမ် ထုတ်ဝေပါတယ်။ ၂၀၀၅ သြဂုတ်မှာ ဒုတိယအကြိမ် ထုတ်ပါတယ်။ ဒါကြောင့် အဲချိန်မှပေါ်လာတယ်လို့ ပြောရတာပါ။

ရှေးဟောင်းသမိုင်းဝင် ရှင်ကိုးရှင် ဘုရားများလို့ ဆိုလိုက်တော့ ကျန်တဲ့  “ရှင်”ပါတဲ့ စေတီဘုရားတွေ အခြား ဘုရားစေတီတွေက သမိုင်းဝင် မဟုတ်ဘူး လားဆိုပြီး သိသိနဲ့ စနောက်လိုတော့ ပြောင်ချော်ချော်နဲ့ အမေး ထုတ်တာလည်း ရှိပါတယ်။ ကျန်တာတွေလည်း သမိုင်းဝင် များသာ ဖြစ်ပါတယ်။ သမိုင်းစောတာနဲ့ နောက်ကျတာရယ် ကျော်ကြားတာနဲ့ မထင်ရှားကြတာသာ ကွာကြတာပါ။ အားလုံးက သမိုင်းဝင်တွေ ချည်းပါပဲ။ တနင်္သာရီတိုင်းဒေသကြီး (သို့ ) ထားဝယ် လေးမြို့နယ်အတွင်း သမိုင်းဝင်ဘုရားတွေ ထင်ရှားတာတွေ သမိုင်းတွင်သော်လည်း တိမ်မြုပ်နေတာတွေ များစွာ ရှိပါတယ်။

ရှင်ကိုးရှင်ဆိုတာရှိလာတော့ ပေါ်လာ တော့ ဘာဖြစ်သလဲဆိုရင် ဘာမှမဖြစ်ပါ။ ကောင်းတာရှိသလို အားနည်းတာတွေ လည်း ရှိပါတယ်။ ကောင်းတာကတော့ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းတွေအပြင် ဘုရားကိုမှီပြီး စီးပွားရေး အခွင့်အလမ်း တွေ ပွင့်လန်း လာပါတယ်။ နိုင်ငံတော် ဘဏ္ဍာအတွက် (အခွန် အကောက်မှန်ခဲ့ ရင်-ပါးပါးနပ်နပ် ကိုင်တွယ်တတ်ခဲ့ရင်) ဝင်ငွေ ပိုရစေပါတယ်။

အားနည်းချက်အပိုင်းကတော့ ဒေသခံများအနေနဲ့ သိပ်မသိသာပေမယ့် အနယ်နယ် အရပ်ရပ်က လာကြတဲ့သူတွေ ဟာ အခြား ထင်ရှားတဲ့နေရာတွေကို သတိမမူမိတော့ဘဲ ရှင်ကိုးရှင် ဆိုတာကိုပဲ အာရုံရောက်နေတော့ ဦးစားပေးအနေနဲ့ အချိန်မီ ပတ်သွား ကြတာတွေက များလာ ပါတယ်။ နီးနီးကပ်ကပ်ရှိပေမယ့် ကပ်ကျော်ခဲ့တာတွေ များတယ်။ ဥပမာ ပြောရင် ရှင်ပင်ခရု ဘုရားကို သိပေမယ့် သိပ်မဝေးတဲ့ မြစေတီဘုရားကို မသိတော့ မမေးဖြစ် မသွားဖြစ်တော့တာတွေရှိသလို အဲဒီက နည်းနည်းလေး ကျော်သွားရင် ထင်ရှားတဲ့ ဇလွန်းတောင် ရွှေတောင်တွေ က စေတီဘုရားတွေကို မသိကြတော့ပါဘူး။ မသွားဖြစ်တော့ဘူး။ ကျန်ခဲ့ပါတော့ တယ်။

ရပ်ဝေးကလာကြသူတွေသာ အဲဒါ တွေကို အကုန်သိနေကြရင် သူတို့အတွက် လည်း ဒေသန္တရသုတနဲ့ ကုသိုလ် ပိုရမှာ ဖြစ်သလို တဖက်က ဒေသခံများကလည်း  တစ်ဦးချင်းဝင်ငွေတက်လာ နိုင်ပါတယ်။ တစ်ဦးချင်းဝင်ငွေ တက်လာရင် တိုင်းပြည်ဝင်ငွေပါ တက်လာတာမို့ များစွာ အကျိုးရှိစေပါတယ်။

မြန်မာနိုင်ငံမှာ ဘုရားက ထမင်းကျွေး ထားသူတွေ သန်းချီရှိပါတယ်။ အချို့တွေ က ဒီစေတီဘုရားတွေ ရှိတာ ဘာလုပ်လို့ရလဲ။ ရင်ထဲရှိရင် ပြီးတာပဲ မဟုတ်လား ဆိုပြီး စာတွေပေတွေနဲ့ ထောက်ပြီး ပြောတတ်သူတွေ ရှိတာကို မြင်ဖူးပါ တယ်။ ဒါက ဟုတ်ပါတယ်။ ဒါပေမယ့် ဒီလို အမြင်မျိုးဟာ တစ်လမ်းသွားအမြင်ဖြစ်ပါတယ်။ တကယ်တော့ ဒီစေတီ ဘုရားတွေကိုမှီပြီး ဝမ်းကျောင်းနေသူတွေ စီးပွားရှာနေသူတွေသာမက အသက်ဆက် နေကြရသူတွေလည်း များစွာ ရှိပါတယ်။ ဘုရားက လူသားတွေကို ဓမ္မနဲ့သာမက အခြားနည်းတွေနဲ့ဘယ်လိုစောင့်ရှောက် သလဲ ဆိုတာကို မြင်သာစေမယ့် အချက် တွေထဲမှာ ဒီဟာကတစ်ခု ပါပါတယ်။

ရှင်ကိုးရှင်ဆိုတာကို ဖန်တီးခဲ့သူ အနေနဲ့ ဘယ်လိုသဘောနဲ့ ဖန်တီးခဲ့သည် ဖြစ်စေ အပြစ်ထင်စရာတော့ မရှိပါ။ ကောင်းမြတ်တဲ့ ရည်ရွယ်ချက်တစ်ခုခုနဲ့ ဖန်တီးခဲ့တာပဲ ဖြစ်ပါလိမ့်မယ်လို့သာ နားလည်ပါတယ်။ ရှင်ကိုးရှင်ဆိုတာ အရင်က မရှိခဲ့သည်မှာ မှန်သော်လည်း နှစ်ပေါင်းငါးဆယ်ကျော်မျှ စွဲမြဲလာခဲ့ပြီး ဖြစ်သလို နိုင်ငံပြင်ပထိ ထင်ရှားနေပြီမို့ ရှိနေတာကို ရှိပြီးတဲ့ အတိုင်းသာ ရှိနေ ပါစေတော့လို့ သဘော မှတ်ရမှာပါ။ သာမန်အနေအထားအားဖြင့် လက်မခံစရာ ပယ်ဖျက်စရာ တစ်ခုအနေနဲ့ မရှုမြင် သင့်ပါ။ သို့သော် သမိုင်းသုတေသီများ သမိုင်းရေးကြတဲ့အပိုင်းမှာတော့ ဒီလို သဘောထားလိုက်လို့ မရ။ မှတ်တမ်း အနေနဲ့ အရှိအတိုင်း အမှန်အတိုင်းသာ ရေးသားမှတ်တမ်းပြုထားရမှာ ဖြစ်ပါ တယ်။ အရေးကြီးတာ မဟုတ်ပါဘူးကွာ ဆိုပြီး ပေါ့ပေါ့ဆဆတော့ လုပ်မရပါ။

ရာဇဝင်ဆရာများကိုလည်း တိုက်တွန်း နှိုးဆော် အကြံပြုလိုတဲ့အချက် ကတော့ စာအုပ်တွေ ထုတ်ဝေကြတဲ့အခါ ထားဝယ် ရှေးဟောင်းသမိုင်းဝင် ရှင်ကိုးရှင် ဘုရားများဆိုတာနဲ့ ဘောင်ခေတ်မထားဖို့ ဖြစ်ပါတယ်။ ထားဝယ်ဒေသတွင်းရှိ သမိုင်းဝင်ဘုရားများဆိုတာမျိုးကို ပိုမို ဦးစားပေး ထုတ်ဝေသင့်ပါတယ်။ ဘုရား ကိုးဆူသာ မဟုတ်ဘဲ အခြားအခြား တို့ကိုပါ ကျယ်ကျယ်ပြန့်ပြန့် စုပေါင်း ရေးသား ထုတ်ဝေရင် ပိုကောင်းတယ်လို့ တိုက်တွန်း တင်ပြအပ်ပါတယ်။

ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းရှင်များ အပိုင်းကိုလည်း အကြံပြုလိုပါတယ်။ လုပ်ငန်းရှင်များအနေနဲ့ မိမိတို့ရဲ့ လုပ်ငန်း ကြော်ငြာ လက်ကမ်းစာစောင်၊ ခရီးသွား လမ်းညွှန် ဝက်ဘ်ဆိုဒ်၊ လူမှုကွန်ရက် မီဒီယာများကနေ မိမိတို့ ဝန်ဆောင်မှု လုပ်ငန်းအကြောင်း ဖော်ပြကြတဲ့အခါ ဒေသတွင်း ဘာတွေရှိတယ်ဆိုတာကို အချက်အလက် ဝေဝေဆာဆာနဲ့ နီးစပ်ရာ မိမိတို့ ဝန်ဆောင်မှုပေးနိုင်တဲ့ ဧရိယာ တွေထဲ ရှိတာတွေကို တတ်နိုင်သလောက် အထိ အသေးစိပ် ဖော်ပြတာမျိုး လိုအပ်နေပါတယ်။

ကနေ့ တွေ့ရသလောက် အခြေ အနေကို ပြောရင် ကမ်းခြေများနဲ့ ရှင်ကိုးရှင်ဆိုတာလောက်ကိုသာ ဇောင်းပေး ဖော်ပြနေကြတာကိုတွေ့ရပါတယ်။ ဒီထက်ပိုပြီး ဆွဲဆောင်သင့်ပါတယ်။ လိုအပ်နေတယ်လို့ အကြံပြုလိုပါတယ်။ ရှင်ကိုးရှင်အတွက်ကို သုံးရက်နဲ့ အေးအေးလူလူ သွားလို့ရရင် သုံးရက်စာ ပဲ ဝင်ငွေရရှိမှာပါ။ ဆယ်ရက်စာ ဆွဲဆောင်ထားနိုင်ရင်တော့ ပျမ်းမျှ ငါးရက်စာ ဝင်ငွေ ရနိုင်ပါတယ်။ ဒါကြောင့် ဒီအပိုင်းကို ပိုမို အားထည့်သင့်ကြောင်း အကြံပြုပါတယ်။

ရှင်ကိုးရှင် ရာဇဝင်တွေမှာ အချို့ အနည်းငယ်လောက်မှအပ သမိုင်း အချက်အလက်အတွက် ကောက်နုတ် ထုတ်ယူစရာ များများ မရှိလှပါ။ ဗိသုကာလက်ရာ အနုပညာဟန် စတဲ့အပိုင်းတွေကလည်း ခဏခဏ မွမ်းမံ ပြင်ဆင်လွန်းလို့ မူလဟန်တွေ တောင် အတော်ပျောက်ကွယ်ကုန်ပါပြီ။ ခေတ်အဆက်ဆက် ဂေါပကများ အလှူ ရှင်များ အနေနဲ့ စေတန အား သဒ္ဓါအား တွေနဲ့ ပြုပြင်ကြရာက မရည်ရွယ်ဘဲ အမှားလုပ် မိကြသလိုဖြစ်ပြီး ပျက်စီးကုန်တာကလည်း မယုတ်မလွန် ပြောရ ရင် ၈၀ ရာခိုင်နှုန်း လောက် ဖြစ်နေပါပြီ။

စေတနာ သဒ္ဓါအားကောင်းလှ သော်လည်း ပညာအားမှာ လိုအပ်နေတယ် လို့ပြောရင် အမှန်ဖြစ်ပေမယ့် နားဝင် သာမှာ မဟုတ်လို့ ဒီလိုတော့ မပြောလိုပါ။

ရှေးဟောင်း သမိုင်းဝင်ဆိုပြီး ခေတ်သစ်နည်းပညာတွေ ဒီဇိုင်းတွေနဲ့  ပိုက်ဆံပေါတိုင်း မကြာမကြာ ပြင်ဆင် မွမ်းမံနေကြတာဟာ ပျက်စီးယိုယွင်းမှာ စိုးရိမ်လို့ ထိန်းသိမ်းလိုတဲ့ ကောင်းမြတ် တဲ့သဘော စေတနာဟာ ပေါ်လွင်လွန်း လှတာ ဟုတ်ပါတယ်။ တဖက်ကလည်း ပြင်ရင်းပြင်ရင်း ပျက်သွားတာတွေ အတွက်ကိုလည်း ထပ်ထပ် မဖြစ်ကြစေ ဖို့ရာ သတိမူပြီး ထိန်းသိမ်းပေးကြဖို့ရာ မေတ္တာရပ်ခံလိုပါတယ်။

ဥပမာ ရှင်ဓာတ်ဝဲဘုရား ဆိုရင် ခေတ်ဟောင်း လက်ရာတွေ ဖုံးလွှမ်း ပျက်စီးကုန်ပြီး မရှိသလောက်ပင် ဖြစ်နေတော့တာမျိုးပါ။ ပျက်စီးယိုယွင်း တာကို ထိန်းသိမ်းဖို့လိုတာ မှန်ပါတယ်။ ပြင်တယ်ဆိုပြီး နီးစပ်ရာ ပန်းရံ ပန်းပုသမားတွေကို ကန်ထရိုက်ပေးပြီး လွှတ်ထားလိုက်မိကြရာက ပျက်စီးတာ မျိုးက များပါတယ်။ ဒါတွေလုပ်တဲ့အခါ နားလည်ကျွမ်းကျင်တဲ့ သက်ဆိုင်ရာ ပညာရှင်တွေ လိုအပ်ပါတယ်။ မိမိတို့ ဒေသတွင် ဆိုင်ရာပညာရှင်များ မရှိခဲ့ပါ က အာဏာပိုင်များဆီ တင်ပြတောင်းဆို နိုင်ပါတယ်။

ရှေးဟောင်းမှ မဟုတ် ဘာသာရေး ဆိုင်ရာ အဆောက်အအုံအသစ် တည် ဆောက်တာ ပြုပြင် မွမ်းမံတာတွေ အတွက် ဥပဒေအရ အာဏာပိုင်ရဲ့ ခွင့်ပြုမိန့် လိုအပ်ပါတယ်။ တည်ဆောက် ပြင်ဆင်ခွင့် အရင်လျှောက် ထားရပါတယ်။ ခွင့်ပြုမိန့်ရပြီးမှသာ တည်ဆောက် ပြင်ဆင်ခွင့်ရှိတာဖြစ်လို့ ရုံးပိုင်းဆိုင်ရာ ချည်းကပ်ရမှုအပိုင်းတွေ ရှိနှင့်ပြီးသား ဖြစ်ပါတယ်။ ရှေးဟောင်း အဆောက်အအုံ ဆိုပါလျှင် ခွင့်ပြုမိန့်အတွက် တင်ပြ ကတည်းက ကြီးကြပ်နိုင်မယ့် သက်ဆိုင်ရာ ပညာရှင်ကိုပါ တာဝန်ချထားပေးဖို့ တခါတည်း ပူးတွဲစာနဲ့ တင်ပြတောင်းခံ ထားသင့်ပါတယ်။

ယခင် ခေတ်အဆက်ဆက်မှာတော့ ရုံးပိုင်းဆိုင်ရာဘက်က ကြီးကြပ်ဖို့ ပျက်ကွက်တာတွေ တွေ့ခဲ့ရပါတယ်။ ယနေ့ခေတ်တော့ မပြောတတ်ပါ။ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေကလည်း ပြင်ဆင်နေစဉ် ကာလအတွင်း သွားရောက် စစ်ဆေးပြီး ပြီးစီးမှု အခြေအနေ (ဥပမာ- တစ်ပတ်စာ)ကို (သို့) မသင့်တာ လုပ်နေ သည်ဟု မြင်ပါလျှင် ယာယီ လုပ်ငန်း ရပ်ဆိုင်းထားစေတာမျိုး လုပ်ရမှာ မြို့နယ်ကို မှတ်တမ်းဓာတ်ပုံများနဲ့တကွ တင်ပြပေးနေဖို့ လိုအပ်တာမို့ ရပ်/ကျေး အဖွဲ့တွေကလည်း ဂရုစိုက်ဖို့ လိုအပ်ပါ တယ်။

လုပ်ရိုးလုပ်စဉ်တွေ အရေးမကြီးပါ ဘူးကွာဆိုပြီး သဘောထားလျှင်တော့ လစာလိမ်ယူနေတဲ့သဘော ရောက်ကုန် ပါလိမ့်မယ်။

သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ရှေးဟောင်းသုတေသန ဦးစီးဌာန – ရုံးခွဲ( တိုင်း/ခရိုင်) ရှိပါ တယ်။ ဒီဌာနတွေနဲ့ တိုက်ရိုက်ချိတ်ဆက် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ကြီးကြပ် ရေးအဖွဲ့မှာ သက်ဆိုင်ရာဌာနတွေက ဝန်ထမ်း (ပညာရှင်) သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတို့ မဖြစ်မနေပါဝင်နေရမှာ ဖြစ်ပါတယ်။  သြဝါဒစရိယ သံဃာတော် ဂေါပက ရပ်မိရပ်ဖ ဆိုတာ လောက်နဲ့ မဖြစ်ပါ။ သက်ဆိုင်ရာ ဝန်ထမ်း နားလည်ကျွမ်းကျင်သူကို ခေါ်ထားရမှာ ဖြစ်ပါတယ်။ ဝန်ထမ်း အနေနဲ့ နေ့တိုင်းလာဖို့ မလွယ်တာ မှန်သော်လည်း ဌာနအစီအစဉ်နဲ့ ၃ရက် တစ်ခါလောက်တော့ မလာကြည့် နိုင်စရာ အကြောင်း မရှိပါ။ တာဝန်ချ ထားပေး သည်ကို အဲသလောက်မှ မလာရင် ယင်း ကိစ္စကို အာဏာပိုင်များထံ လိုအပ်သလို စီစဉ်ဆောင်ရွက် ပေးနိုင်ပါရန် အသိပေးဖို့ လိုပါတယ်။

တည်ဆောက် ပြင်ဆင်နေစဉ်တုန်း ကတော့ တစ်ခါမှ မလာ။ ပွဲတော် ဖွင့်ပွဲ လွှတ်ပွဲ စသည်တို့ လုပ်တဲ့အခါမှ ဖဲကြိုး ဖြတ်ဖို့ ပေါ်လာကြတဲ့ နေရာယူတာ ကျွမ်းလွန်လွန်းလှသည့် အာဏာပိုင်များ အာဏာမပိုင်သော လူကြီးများကို ယခင် ကာလများက ခေတ်အဆက်ဆက်  မြင်တွေ့ရဖူးပါတယ်။ ယနေ့ခေတ်တွင် ထိုဖြစ်စဉ်မျိုး ဖြစ်လာသော် ဘုရားဝင်းထဲ ပေးမဝင်နဲ့လို့ အကြံပြုချင်ပါတယ်။

သက်ဆိုင်ရာ တာဝန်ကျ ဝန်ထမ်း များအနေနဲ့လည်း လာရောက်ရန် အတွက် လုံး၀ အကြောင်းပြ ငြင်းပယ်ခွင့် မရှိပါ။ယင်းလုပ်ငန်းများ ဆောင်ရွက်ရန် ခန့်ထားခြင်း ဖြစ်ပါတယ်။ ယနေ့ခေတ် လုပ်ထုံးလုပ်နည်းများဟာ ဟိုယခင် ခေတ်များလောက် မလွယ်ပါ။ အာဏာပိုင် များဘက်ကလည်း ယခင်လို ဒေသန္တရ အမိန့်စာမျိုး မဟုတ်တော့ဘဲ ဥပေဒ ထုတ်ပြန်ထားသည်အထိ ကြပ်မတ်လာ ပြီး လုပ်ထုံး လုပ်နည်း စည်းမျဉ်းများ စွာနဲ့ ကိုင်တွယ်လာကြတာကို တွေ့မှာ ဖြစ်ပါတယ်။ ပြည်သူဘက်ကလည်း ဘောင်အတွင်းကနေ တရားဝင်နည်း လမ်းတကျ တောင်းဆို လုပ်ကိုင်တာမို့ ဘယ်သူ့ကိုမှ ဝန်မပိစေပါ။ ပြည်သူဘက် က တောင်းဆိုဖို့ မပျက်ကွက်သင့်ပါ။ လုပ်ထုံးလုပ်နည်းအတိုင်းသာ ဖြစ်ပါ တယ်။ ဌာနဆိုင်ရာဘက်မှလည်း နားလည် ကျွမ်းကျင်သူ ကိုသာ ဝာာဝန် ချထားပေးသင့်ပါတယ်။ လူလွှတ်ထား ပေးလျှင်ပြီးရော မလုပ်သင့်ပါ။

တိုင်းအစိုးရ ဌာနဆိုင်ရာများ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများဘက်ကလည်း မိမိတို့တာဝန်ကို လေးစားပြီး ခွင့်ပြုမိန့် ပေးပြီးခဲ့သော် ကြပ်မတ်စစ်ဆေးဖို့လည်း မပျက်ကွက် သင့်ပါ။ သက်ဆိုင်ရာ ဂေါပကများ ကော်မတီဝင်များဘက်ကလည်း လုပ်သင့်တာတွေ နည်းလမ်းတကျလုပ်ဖို့ လိုအပ်ပါကြောင်း အကြံပြု တင်ပြအပ်ပါ တယ်။

ဒီစာမှာ ရှင်ကိုးရှင်ဆိုတာ ဘယ်အချိန် က ပေါ်လာတာလဲ။ ဘုရားစေတီတွေက လူတွေကို ဘယ်လိုစောင့်ရှောက်နေသလဲ။ ရာဇဝင်ဆရာများ လုပ်သင့်နေတဲ့အရာ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းတွေရဲ့ လုပ်သင့်ပြီး လိုအပ်နေတဲ့အစိတ်အပိုင်း ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းဖို့အကြောင်း အာဏာပိုင်များ နှင့် ဂေါပကများ ဆောင်ရွက်သင့်တဲ့အရာ အချို့ကို အနည်းငယ်မျှလောက် တင်ပြခဲ့ ပါတယ်။ အတော်များများက သိထားပြီး သား ဖြစ်ကြလိမ့်မယ်လို့လည်း ယူဆပါ တယ်။ အမှုမဲ့အမှတ်မဲ့ မဖြစ်စေဖို့သာ ရည်ရွယ်ပြီး တိုက်တွန်း နှိုးဆော် အကြံပြု တင်ပြခဲ့တာသာ ဖြစ်ပါကြောင်း….။

အာကာဖြိုး(ကံပေါက်)