နေ့စဉ်အသစ်

0
577
editorial

မကြာမီ မြန်မာ့ရိုးရာ နှစ်သစ်ကူး အချိန်သို့ ရောက်လာတော့မည် ဖြစ်သည်။

နှစ်သစ်ကူး အချိန်အခါသို့ ရောက်တိုင်း လူတစ်ဦးချင်းစီသည်လည်းကောင်း၊ အစုအဖွဲ့များသည်လည်းကောင်း ရည်မှန်းချက်အသစ်များကို ချမှတ်ကြမည်။

နှစ်သစ်ကို စိတ်သစ် လူသစ်ဖြင့် ဖြတ်သန်းမည်ဟူသည့် စိတ်ကူးများ ထားကြမည်။ အစီအစဉ်များ ရေးဆွဲကြမည်။

တစ်နှစ်တစ်ခါ ဟောင်းကြပြီး တစ်နှစ်တစ်ခါ သစ်ကြသည်။

တကယ့်လက်တွေ့ဘ၀တွင် ဟောင်းခြင်းနှင့် သစ်ခြင်းသည် အစဉ်တဆက်တည်း ဖြစ်နေသကဲ့သို့ တစ်နှစ်ကြာသည်အထိ စောင့်နေ၍ ရသည်မျိုး မဟုတ်ပေ။

လူတစ်ဦးချင်းစီသည်လည်းကောင်း၊ သက်ဆိုင်ရာ အစုအဖွဲ့များသည်လည်း ကောင်း၊ ဦးစီးဦးရွက်ပြုသူများသည်လည်းကောင်း၊ ပံ့ပိုးသူများသည်လည်းကောင်း မိမိတို့၏ နေ့စဉ် ဖြတ်သန်းမှုများကို စိတ်သစ်လူသစ်ဖြင့် ဖြတ်သန်းရမည် ဖြစ်သည်။

မိမိ၏ ဖြတ်သန်းမှုများကို အချိန်နှင့်အမျှ သုံးသပ်ခြင်းဖြင့် အချိန်နှင့်အမျှ စိတ်သစ်လူသစ် ဖြစ်နေမည် ဖြစ်သည်။

ဟောင်းခြင်းသစ်ခြင်းသည် အစဉ်တဆက်တည်း ဖြစ်နေသည်။

နှစ်တစ်နှစ်ကုန်မှ ဟောင်းခြင်း၊ သစ်ခြင်း၊ နှစ်တစ်နှစ်ကုန်မှ စိတ်သစ်လူသစ်ဖြင့် ဖြတ်သန်းခြင်းသည် နောက်ကျသည်ဟု ဆိုရမည်ဖြစ်သည်။

နေ့စဉ် အချိန်နှင့်အမျှ စိတ်သစ်လူသစ်ဖြစ်ရန် ကြိုးစားသင့်ပေသည်။

အယ်ဒီတာ (ဧပြီ ၆၊ ၂၀၁၉)