နဘုလယ်ခြေတော်ရာဘုရား ခေါင်းလောင်းစာ

0
22

သမိုင်းကို လေ့လာတဲ့အခါ ဒြပ်ရှိ အထောက်အထားနဲ့ ဒြပ်မဲ့အထောက် အထားဆိုပြီး သတ်မှတ်ပါတယ်။ ဒြပ်ရှိ အထောက်အထား ဆိုတာက မြင်တွေ့ကိုင် တွယ်ပြသနိုင်တဲ့ မြို့ရိုးတွေ၊ ကျုံးတွေ၊ အုတ် တွေ၊ အရုပ်တွေဆိုပြီး ရှိတယ်။ သမိုင်းကို အများယုံအောင်၊ လက်ခံအောင်ပြောဖို့ဆိုရင် ဒါတွေကို သက်သေလုပ်ပြီး ပြောရပါတယ်။ ဒီလို ဒြပ်ရှိ အထာက်အထားတွေထဲ မှာ ဗုဒ္ဓဘာသာဝင်တွေရဲ့ ခေါင်းလောင်းတွေလည်း တစ်ခုအပါအ၀င် ဖြစ်ပါတယ်။

ဒီလို ခေါင်းလောင်းအလှူတွေထဲမှာမှ စာပါတဲ့ခေါင်းလောင်းတွေဆိုရင် သမိုင်း အတွက် အရေးပါလှပါတယ်။ ထားဝယ်မှာ ကံကောင်းတာက ရှင်မုတ္ထီးဘုရားမှာ ရှိတဲ့ မွန်စာပါခေါင်းလောင်း၊ မြန်မာလို ရေးထိုးထားတဲ့ ခေါင်းလောင်း(၁၀)ကျော် တွေ့ရပါတယ်။ ဒီခေါင်းလောင်းတွေက ထားဝယ်သမိုင်း၊ မြန်မာနိုင်ငံသမိုင်းတွေ အတွက်များစွာ အရေးပါလှတယ်။

ဒီလို အရေးပါမှန်းသိလို့ ၂၀၀၂ ခုနှစ်၊ ၂၀၀၃ ခုနှစ်တွေမှာ ထားဝယ် တက္ကသိုလ်က တာဝန်ခံပါမောက္ခချုပ် ဦးကျော်ကျော်ဌေး၊ မြန်မာစာပါမောက္ခ ဦးအောင်ဇော်၊ နည်းပြဦးဇော်မိုးဝင်း၊ ဦးထွန်းလင်းကျော်နဲ့ ဦးသန်းဆွေ (မောင်သန်းဆွေ-ထားဝယ်)တို့ ခေါင်းလောင်း စာတွေ စုခဲ့ပါတယ်။ ၂၀၀၃ခုနှစ်မှာ နဘုလယ်ခြေတော်ရာရှိ ခေါင်းလောင်းစာ ကိုကူးခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၁၅ နှစ် ကျော်က နဘုလယ်သွားဖို့ဆိုတာ ခက်ပါတယ်။ နဘုလယ်အပိုင် ဦးမောင်လွင်ကြီး အကြောင်းကြားတော့ မောင်းမကန်မှာ လာကြိုပါတယ်။ ဘုရားခြေတော်ရာသွားတော့ ပြည်သူစစ်အဖွဲ့တွေ လုံခြုံရေးလိုက် ပေးတာလည်း သတိရမိတယ်။

မြန်မာစာဌာနက တွဲဖက်ပါမောက္ခ ဦးညွှန့်သိန်းကလည်း ထားဝယ်ဒေသခေါင်း လောင်းစာများဆိုပြီး ထားဝယ် တက္ကသိုလ် သုတေသနစာတမ်းဖတ်ပွဲမှာ ဖတ်ကြား တင်သွင်းဖူးပါတယ်။ ဆရာရဲ့စာတမ်းမှာ ခေါင်းလောင်းစာ အတော်များများကို လေ့လာနိုင်ပါတယ်။ မြန်မာစာဌာန ပါမောက္ခ ဦးအောင်ဇော်ရဲ့ဇနီးကလည်း ရန်ကုန်တတ္ကသိုလ်မှာ ထားဝယ်ခေါင်းလောင်း တွေအကြောင်း စာတမ်းဖတ်ဖူးတယ်လို့ ကြားရတယ်။ ဒီလိုတွေပြောတာက စိတ်ဝင်စားတဲ့သူတွေ လိုက်ရှာနိုင်အောင်ပါ။

စုထားတဲ့ ခေါင်းလောင်းစာတွေ ပြန်ကြည့်တဲ့အခါ နဘုလယ်ခြေတော်ရာ ခေါင်းလောင်းစာကို မတွေ့ရဘူး။ ဘယ်မှာ ဘယ်လို ပျောက်နေမှန်းမသိဘူး။ ဒါနဲ့ သစ်တိုထောင့်သား တပည့်ကျော် သန့်ဇင်အောင်ခေါ်ပြီး ခေါင်းလောင်းစာကို ပြန်ကူးရတယ်။

နဘုလယ်ခြေတော်ရာ ခေါင်းလောင်းစာ

စာကြောင်း၁။    ။ ဇေယျတုသပ္ပမင်္ဂလံ။ သက္ကရာဇ်၁၁၉၀ပြည့်နတ္တော်လပြည့် ကျော်၅ဥက် ၆၈နညတစ်ချက်တီး အချိန်တွင်။ နန္ဒပညာမတြာနှင့် ရွှေပုတ်လဲခင်ကြီ ဘုန်ကြီအောင်ဘုန်ကြီး သာဟုနာမတွင်ပြီး ဆရာကြီးတိုးရင်နှီး အစချီပြီးမှုလျှင်၊ အာစရိယ ဂနုပ်

စာကြောင်း၂။    ။မုတ်ဂိုဏ်အုပ်စန္ဒ ပညာဓဇမဟာဓမ္မရာဇာဂုရုအမှူးပြု၍ တိုက်စုသံဃာ အများလာ၍ ညီညာဝိုင် ထုပ်သွန်လုပ်သော့အခါ ဆင်ဆိတ်လကွဲကျွန် ရွှေပုပ်လဲရွာ ကျောင်တကာပိဒုမ် သမီးခင်ပွန် ကျောင်တကာ ဘိုးမြတ်ကျော် ကျောင်တကာဘိုးမြတ်ကြောင်တလို

စာကြောင်း၃။    ။ င်တိန် ပိန္နဲတော နှင့် ဓာယကာဆရာတစုတိုးနှင့်ညိုညွတ် တိုင်ပင်သွန်လုပ်၍ အောင်မြင်ပြီလျှင် မြတ်စွာဘုမ်မေါ့်မည်တော်တွင်ထ ဂေါ်ဓမ္မ အား ယည်ယော်၍ ပါဒရွေံ စက်ချလျက် နင်ထားချေဖ၀ါးတောသ်္ကြ် စက်ဘုမ်းကျော် ကို အသံဟူသောအလှူဖြင့် အကျွ

စာကြောင်း၎။    ။ န်ုပ်တို့လှူပါ၏ ဣဓိနာဃဃုဒါနေန။ ဤခေါင်လောင်ဟူ သောအလှူကြောင့်။ မယံ။ အကျွန်ုပ် တို့သည်။ အနာဂတေ။ နောင်သောအခါ၌။ပညာဓိကပညာဖြင့်လွှန် မြတ်သော ဗုဂ္ဂတ္တ။ ဘုရားအဖြစ်သို့။ ယတ္ထေားယော့သည်။ဘ၀ါမိဖြစ်ရလို၏။ဘ၀ါဘဝေ၊ ဘ၀ကြီးငယ် ၌သံသရာန္တေ်ကြင်လ

စာကြောင်း၅။    ။ ဉ်သဉ်ရှိသော် မဓူ ရသရသမ်္ပနေ်္နာ သာယာသောအသံနှင့်ပြီ့ စုံခြင်သဉ်လဉ် င်ေဝါ့စါယစကား ဆိုခြင်း ဖြင့် အဘိလဘဘိတောစ အလွန်တင့် တယ်ခြင်သဉ်လဉ်ငေ် ယောဝ အကြင်မျှ လောံ သာဝေ ၀ဥကာမောကျားစေလိုသဉ် အမှီဖြစ်၏တာဝ။ ထိုမျှလောံ။ သဃုနအသံ ဖြင့် ယရိ

စာကြောင်း၆။    ။ တုံနှုန်စိန်သောဌါ၊ သမတ္ထောစ၊စွန်နိုင်သည် ဘဝေဘ၀ါမိဖြစ် ရလို၏။ ဣမသ။ ဤခေါင်လောင် တူသော အလှူ၏။ဘါဝဉ္စ။ အလှူ၏အဖိုကိုလဉ်။ မာတာပီတာစရိယေ၀။ မိဘဆရာဧကရဇ် တိုကိုလျှင်၊ အာဒိကတွာအစပြု၍ တေဘုံမ္မ ကာဘုံသုမ္ဘာ၌ဖြစ်ကုန်သော သတ္တ၀ါတို့ သှ်မယံအကျွန်ုပ်

စာကြောင်း၇။    ။ တို့နှင်သမံအမျှ လန္ဘန္တု ယစေကုံသတည်။         ၊ကြေး အချိန်ဘောင်အခွက် ၆၄ ၆ိဝကို နန္ဒပညာ မတ္တရာနှင့်ကုသိုလ်အထွန်ရှည်စွာသွန်လုပ် ကျသည် ပုတိအာနှင့်ပြည့်စုံဘာလို၏

ဒီခေါင်းလောင်းစာကို တတ်သမျှ မှတ်အမျှလေးဖတ်ပြီး တွေးမိတာကတော့ ထားဝယ်နဲ့ နဘုလယ်အတွက် အရေးပါ တဲ့ အချက်တွေ တွေ့ရတယ်။ နဘုလယ် အတွက် ခိုင်လုံတဲ့ သမိုင်းအထောက် အထားလည်း ဖြစ်တယ်။ ခေါင်းလောင်း မှာ ရေးထိုးထားတဲ့ ပထမစာကြောင်းမှာပဲ အချိန်ဆိုတဲ့ သက္ကရာဇ် ၁၁၉၀ ပြည့် နတ္တော် လပြည့်ကျော် ၅ရက်ဆိုပြီး တိတိကျကျ ရေးထိုးထားတာ တွေ့ရတယ်။ သက္ကရာဇ် တွေမှာလည်း သာသနာသက္ကရာဇ်၊ ကောဇာ သက္ကရာဇ်ဆိုပြီးရှိတယ်။ အခုရေးထိုးထား တဲ့ သက္ကရာဇ် ၁၁၉၀ ဆိုတာ ကောဇာ သက္ကရာဇ်ပဲ ဖြစ်တယ်။ လက်ရှိကောဇာ သက္ကရာဇ်က ၁၃၈၀ခု ဖြစ်တယ်။ ဒါကြောင့် ဒီခေါင်းလောင်းက လွန်ခဲ့တဲ့ နှစ်ပေါင်း (၁၉၀)နှစ်က ဖြစ်တယ်။

အလှူရှင်က ဘယ်သူတွေလဲဆိုတော့ နန္ဒပညာအမတ်၊ ရွှေပုတ်လဲခင်ကြီး၊ ဘုန်ကြီး အောင်၊ ဘုန်းကြီးသာတို့က အစပြုတယ်။ ဆရာဖြစ်တဲ့ဂနုပ်မုတ်ဂိုဏ်းအုပ်ဆရာ တော်စန္ဒပညာဆရာတော်ကြီး တိုက်စု သံဃာတွေ အမှူးထားတယ်။ ဒါယကာ တွေက ဆင်ဆိတ်လကွဲကျွန် ရွှေပုပ်လဲရွာ က ကျောင်းတကာကြီးပိဒုမ်မိသားစု၊ ဘိုးမြတ်ကျော်၊ ဘိုးမြတ်ကြောင်၊ တလိုင် ထိန်၊ ပိန္နဲတောက ဒါယကာဆရာတစ်စုတို့ ဖြစ်တယ်။

မြတ်စွာဘုရားရှင်ကို ရည်ရွယ်တဲ့ ခြေတော်ရာမှာ အသံဟူတဲ့အလှူအဖြစ် လှူတယ်။ ခေါင်းလောင်းကို အသံ ကိုယ်စား လှူဒါန်းတယ်။ ဒီနေရာမှာ စိတ်ဝင်စား စရာက ရွှေပုတ်လဲ၊ ရွှေပုပ်လဲဆိုတဲ့နေရာ ပါ။ ဒီနေရာက ရွှေပုတ်လဲခင်ကြီးဆိုတဲ့ သာသနာခေါင်းဆောင်လည်း ပါပုံရတယ်။ ခင်ကြီးလည်း သုံးတယ်။ ပြီးတော့ ဘုန်းကြီး လည်း သုံးတယ်။ ဂိုဏ်းအုပ်လည်း သုံး တယ်။ သာသနာအတွင်းက အဆင့်အတန်း တွေလား၊ ဂိုဏ်အရလား၊ ဒေသအလိုက် သုံးတာလား၊ စဉ်းစားစရာ ဖြစ်ပါတယ်။

ပြီးတော့ ဒကာတွေထဲမှာလည်း အဓိက ဖော်ပြတာက ရွှေပုပ်လဲရွာ ကျောင်းတကာ ပိဒုမ်သမီးခင်ပွန်း၊ ကျောင်းတကာ ဘိုး မြတ်ကျော်၊ ကျောင်းတကာဘိုးမြတ်ကြောင် ဆိုပြီးဖော်ပြတယ်။ ရွှေပုပ်လဲရွာဘယ်မှာ လဲ။ ရွှေပုပ်လဲရွာဆိုတဲ့ စာလုံးရှေ့မှာ ဆင်ဆိတ်လကွဲကျွန်လို့ ရေးထားတဲ့ အတွက် ဒီနေ့ ဆင်ဆိတ်လက်ဝဲကျွန်း နေရာနီးမှာ ရှိခဲ့သလားဆိုတာ ဆက်လေ့ လာရမယ့် ကိစ္စဖြစ်ပါတယ်။

အသံအလှူဖြစ်တဲ့ ခေါင်းလောင်းကို လှူတယ်။ ဒီလှူရတဲ့အကြောင်းကြောင့် နောင်အခါ ဘုရားအဖြစ် ဆုတောင်းတယ်။ ဘုရားဖြစ်တဲ့အခါမှာလည်း ပညာအဓိက ဘုရားရှင်ဖြစ်ချင်တယ်။ ဆုတောင်းက အားကြီးလှပါတယ်။ အခုလက်ရှိ ဂေါတမ ဘုရားရှင်သာသနာမှာ နိဗ္ဗာန်မရချင်ဘူး။ ဒီဆုတောင်းမျိုးကို အခြားဒေသမှာလည်း တွေ့ရပါတယ်။

ဆုတောင်းက ဆက်ပါသေးတယ်။ကျွန်တော်တော့သိပ်နားမလည်ပါ။ တွေးမိသမျှရေးရရင် နိဗ္ဗာန်မရခင်၊ ပညာ ဓိကဘုရား မဖြစ်ခင် သံသရာမှာ ကျင်လည် ရရင်လည်း အသံနဲ့ပြည့်စုံခြင်း၊ ကောင်း သောစကားကို ဆိုခြင်းတို့ ရလိုတယ်လို့ ထင်တယ်။ အသံဖြင့် သံသရာကို စွန့်လွှတ် နိုင်တဲ့ဘ၀ဖြစ်ရစေလိုတယ်လို့ ဆိုချင်ပုံရ ပါတယ်။

ပြီးတော့မှ ဒီခေါင်းလောင်းအလှူ အတွက် အလှူရှင်၊ မိဘဆရာ၊ ဧကရာဇ်၊ သတ္တ၀ါတွေကို အမျှပေးတယ်။ ခေါင်းလောင်း ရဲ့ အလေးချိန် ၆၄ပိဿာ ၆၀သားလို့ ရေးထားတယ်။ နန်္ဒပညာအမတ်ကြီးနဲ့ ကုသိုလ်အရှည် အတွက် သွန်းလုပ်တယ်။ ပုဒိအာနဲ့ ပြည့်စုံလိုတယ်။ နောက်ဆုံး စာကြောင်းကျမှ နန္ဒပညာအမတ်ကြီး တစ်ယောက်တည်းဖော်တယ်။ ဘုရားဖြစ် လိုကြောင်း ထပ်မံပြီး ဖော်ပြပါတယ်။

လွန်ခဲ့တဲ့နှစ်ပေါင်း(၁၉၀)နှစ်က နဘုလယ်ခြေတော်ရာဘုရားမှာ ဆရာတော် ကြီးတွေနဲ့သံဃာတွေ၊ နန္ဒပညာ အမတ် ကြီး၊ ဆင်ဆိတ်လကွဲကျွန်ရွှေပုပ်လဲရွာ၊ တလိုင်ထိန်၊ပိန္နဲတောက ဒါယကာမိသားစုတွေ စုပေါင်းပြီး အသံဆိုတဲ့ ခေါင်းလောင်း ကို လှူတယ်။ နောင်ဘ၀ ဘုရားဖြစ်လို ကြောင်းဆုတောင်းတယ်။ သံသရာကျင် လည် ရရင်လည်း အသံနဲ့ပြည့်စုံချင်တယ်။ အလှူကို မိဘဆရာသာမက ဘုရင်နဲ့သတ္တ၀ါ တွေကို အမျှဝေတယ်။ ခေါင်းလောင်းက ကြေးချိန် ၆၀ပိဿာ ၆၀သားရှိတယ်။

ဘုလယ်လို့ထားဝယ်လိုခေါ်တဲ့နဘု လယ်ဒေသသမိုင်းအတွက်ဆိုရင် ခြေ တော်ရာဘုရားခေါင်းလောင်းစာက အရေးပါလှပါတယ်။ ဒီခေါင်းလောင်းစာ အကိုးအကားအရ ထားဝယ်နဘုလယ် ဒေသမှာ လွန်ခဲ့တဲ့နှစ်ပေါင်း (၁၉၀)က တည်းက လူနေထိုင်ရုံသာမက ဗုဒ္ဓဘာသာစည်ပင်ထွန်းကားနေပြီဖြစ်ကြောင်း မှတ်တမ်းတင်နိုင်ပါတယ်။ နဘုလယ်နဲ့ ပတ်သက်လို့ ထားဝယ်ဒေသသမိုင်းတွေ၊ ပုံပြင်တွေ၊ အစဉ်အဆက်မှတ်ခဲ့တာတွေက ထားဝယ်ဘိုးဘေးတွေရဲ့ဒေသဖြစ်တယ်။ ဒီခေါင်းလောင်းစာအရ နှစ်ပေါင်း(၁၉၀)တော့ ရှေးကျပြီလို့ မငြင်း နိုင်အောင်ပြော နိုင်ပြီ။ ဒီထက် ပိုပြောချင်ရင်တော့ ဒီခေါင်းလောင်းအလှူ မလုပ်ခင်အနည်း ဆုံးနှစ်(၁၀၀)ကတည်းက လူနေပြီလို့ ပြောနိုင်တယ်။

ကျွန်တော်က ဘာသာဗေဒကျွမ်းကျင် သူ မဟုတ်ပါ။ ဒါကြောင့် တက္ကသိုလ်တွေ က မြန်မာစာဌာနနဲ့ သမိုင်းဌာန၊ ရှေး ဟောင်းသုတေသနတို့က ဆရာတွေ။ဆရာမတွေ ရေးစေချင်တယ်။ နောင်လူငယ် တွေကလည်း မှားတာပြင်၊ လိုတာထပ်ထည့် ကြပါလို့ တောင်းဆိုပါတယ်။

ဒါကြောင့်ထားဝယ်တို့ရဲ့ရှေးရိုးရာဓလေ့များရှင်သန်နေသေးတဲ့ နဘုလယ်ဒေသကို ၀ိုင်းဝန်းထိန်းသိမ်းကြပါစို့။

 

          ဆရာဇော် (စိတ်ပညာ)