ဝက်သက်ရောဂါ သတိပြုပါ

0
2469

ဝက်သက်ရောဂါသည် ၀က်သက်ဗိုင်းရပ်စ်ပိုး (Measles Virus) ကြောင့် ဖြစ်ပွားပါသည်။

ဘယ်သူတွေကူးစက်နိုင်သလဲ

ကာကွယ်ဆေးမထိုးထားသူများ အားလုံး(အသက် အရွယ်မရွေး၊ ကျား/မ မရွေး) ၀က်သက်ရောဂါကူးစက် နိုင်ပါသည်။

ဘယ်လိုကူးစက်တတ်ပါသလဲ

(၁) ရောဂါဖြစ်ပွားနေသူ ချောင်းဆိုး/ နှာချေခြင်းဖြင့် ၀က်သက်ဗိုင်းရပ်စ်ပိုးသည် လေထဲသို့ရောက်ရှိပြီး အသက်ရှူလမ်းကြောင်းမှတစ်ဆင့် အခြားသူများသို့ ကူးစက်ခံရနိုင်ပါသည်။

(၂) ရောဂါဖြစ်ပွားနေသူကို ချောင်းဆိုး/ နှာချေခြင်း မှ ထွက်သော အညစ်အကြေး(တံတွေး၊ နှပ်၊ သလိပ်)များကို တိုက်ရိုက်ထိတွေ့ခြင်းဖြင့်လည်း ကူးစက်ခံရနိုင်ပါသည်။

(၃) တစ်ဦးမှတစ်ဦးသို့ အလွန်လျင်မြန်စွာ ကူးစက်တတ်ပါသည်။

(၄) ရောဂါဖြစ်ပွားနေသူနှင့် အနီးကပ်နေထိုင်ပြီး၊ ကာကွယ်ဆေးထိုးထားခြင်း မရှိပါက (၁၀)ဦးလျှင် (၉)ဦးအထိ ကူးစက်ခံရနိုင်ပါသည်။

(၅) ၀က်သက်ရောဂါတွင် အနီစက်/အနီပြင်များ မထွက်ပေါ်မီ (၄)ရက်နှင့် ထွက်ပေါ်ပြီး (၄)ရက်အထိ ကာလသည် အခြားသူသို့ ကူးစက်နိုင်ခြေအများဆုံး ကာလဖြစ်သည်။

ဘယ်လိုလက္ခဏာတွေရှိတတ်ပါသလဲ ကနဦးလက္ခဏာများ

အဖျားကြီးခြင်း၊ ချောင်းဆိုးခြင်း၊ နှာစေးခြင်း၊ မအီမသာဖြစ်ခြင်း၊ မျက်စိနီရဲ၍မျက်ရည်များကျခြင်း၊ ပါးစပ်တွင် အဖြူစက်ထွက်ခြင်း။

ခန္ဓာကိုယ်တွင် အနီစက်များထွက်ခြင်း

(၁) ကနဦးလက်္ခဏာများ စတင်ပေါ်ပေါက်ပြီး (၃)ရက်မှ (၅)ရက်မြောက်အတွင်း မျက်နှာနှင့်လည်ပင်းမှ စတင်ကာ အနီစက်။ အနီပြင်များ ထွက်ပေါ်လာပြီးနောက် ခန်္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့သွားသည်။

(၂) စတင်ပေါ်ပေါက်ပြီး (၅)ရက်မှ (၆) ရက်ခန့်တွင် အနီစက်များ။ အနီပြင်များ အရောင်ဖျော့၍ ပျောက်သွား တတ်သည်။

ဝက်သက်ရောဂါ၏ ပြင်းထန်သောနောက်ဆက်တွဲဆိုးကျိုးများ

(၁) ပြင်းထန်စွာအဆုတ်ရောင်ခြင်း။

(၂)  ရေဓာတ်ဆုံးရှုံးမှုပြင်းထန်သည့် ၀မ်းလျှောခြင်း။

(၃) နားအလယ်ခန်း ရောင်ခြင်း။

(၄) အမြင်အာရုံ ဆုံးရှုံးခြင်း။

(၅) ဦးနှောက်ရောင်ခြင်း။

အသက်(၅)နှစ် အောက်ကလေးများ အာဟာရချို့တဲ့ သူများ ကိုယ်ခံအားစနစ် အားနည်းသူများတွင် ပြင်းထန် သော နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်ပေါ်နိုင်ပြီး အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်ပါသည်။

ဘယ်လိုပြုစုကုသရမှာလဲ

(၁) အရည်များများ တိုက်ပါ။

(၂) ကောင်းစွာ အနားယူပါ။

(၃) ဗီတာမင်အေ ထပ်မံတိုက်ကျွေးပေးရမည်။

(၄) အခြားသူများကို မကူးစက်နိုင်အောင် သီးသန့် နေထိုင်ရမည်။

(၅) ဆေးမြီးတိုများဖြင့် ကုသခြင်း မပြုပါနှင့်။

(၆) နောက်ဆက်တွဲဆိုးကျိုး လက်္ခဏာများပေါ် ပေါက်ပါက ဆေးရုံတွင် ထိရောက်စွာ ကုသရပါမည်။

ဘယ်လိုကာကွယ်ရမလဲ

(၁) ၀က်သက်ရောဂါ ကာကွယ်ဆေးထိုးနှံပါ။

(၂) ပထမအကြိမ် – ကလေးအသက်(၉)လနှင့် ဒုတိယအကြိမ် – ကလေးအသက်(၁၈)လ

(၃) ၀က်သက်ပေါက်သူနှင့် ထိတွေ့ခြင်းနှင့် လူစု လူဝေးထူထပ်သောနေရာများသို့ သွားလာခြင်းကို တတ်နိုင်သမျှရှောင်ကြဉ်ပါ။

(၄) လူနာနှင့် ထိတွေ့ပါက နှာခေါင်းနှင့် ပါးစပ်ကို လုံအောင်အုပ်ပါ။

(၅) လက်ကို ဆပ်ပြာဖြင့် မကြာခဏဆေးကြောပါ။

ဝက်သက်ရောဂါကြိုတင်ကာကွယ်ရန် မိမိ၏ကလေးငယ်ကို ကာကွယ်ဆေးထိုးနှံပါ။

ပထမအကြိမ် – ကလေးအသက်(၉)လနှင့်

ဒုတိယအကြိမ် – ကလေးအသက်(၁၈)လ

ဝက်သက်ရောဂါကာကွယ်ဆေး လုံးဝမထိုးရသေး သော အသက်(၅) နှစ်အောက် ကလေးများကို နီးစပ်ရာကျန်းမာရေးဌာနတွင် သွားရောက်၍ ထိုးနှံပါ။

ကျေးလက်ကျန်းမာရေးဌာန/ ဒေသန်္တရ/ မြို့မ/မိခင်ကလေးကျန်းမာရေးဌာနများနှင့် မြို့နယ်ဆေးရုံ/ ခုတင်(၁၀၀)နှင့် အထက်ဆေးရုံကြီးများတွင် အပတ်စဉ်ဖွင့်လှစ်ထားသော ကာကွယ်ဆေးထိုး စုရပ်များတွင် သွားရောက်ထိုးနှံနိုင်ပါသည်။

 

ရင်းမြစ်။       ။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန