GGS က နိုင်ငံတော်သို့ သဘာဝဓာတ်ငွေ့ဖိုး ကျပ်သိန်းပေါင်း ရှစ်သောင်းကျော် မသွင်းသေး

0
704

ထားဝယ်ခရိုင်အတွင်း သဘာဝ ဓာတ်ငွေ့ဖြင့် လျှပ်စစ်မီး ထုတ်လုပ် ဖြန့်ဖြူးနေသော GGS ကုမ္ပဏီသည် လျှပ်စစ် စထုတ်သည့်လမှစ၍ ယခုနှစ် စက်တင်ဘာလအထိ သဘာဝဓာတ်ငွေ့ဖိုး နိုင်ငံတော်ကို မပေးသွင်းသေးကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဟိန်း က ပြောကြားသည်။
ဒီဇင်ဘာလ ၆ ရက်တွင် ကျင်းပ သော ပြည်ထောင်စုလွှတ်တော် ပုံမှန် အစည်းအဝေးတွင် ယင်းသို့ ဆွေးနွေး ပြောကြားခဲ့ခြင်း ဖြစ်သည်။
GGS ကုမ္ပဏီ လျှပ်စစ် စတင်ထုတ် လုပ်သည့် ၂၀၁၇ ခုနှစ် ဇူလိုင်လမှ ယခု ၂၀၁၈ ခုနှစ် စက်တင်ဘာလအထိ ဓာတ်ငွေ့ဖိုး ပေးသွင်းရန် အကြွေးကျန် နေကြောင်း ကျွန်းစုမြို့နယ် အမျိုးသား လွှတ်aတော်ကိုယ်စားလှယ် ဦးဇော်ဟိန်း က ပြည်ထောင်စု လွှတ်တော်တွင် ဆွေးနွေးပြောကြားခဲ့သည်။

ပေးသွင်းရမည့် အကြွေးမှာ ကျပ် ၈ ဘီလီယံကျော် ( ၈၀၂၆၆၂၉၈၇၀.၀၀ ကျပ်) ဖြစ်သည်။ (ကျပ်သိန်းပေါင်း ရှစ်သောင်းကျော်ရှိ ယင်းငွေပမာဏသည် တစ်မိုင် ကျပ်သိန်းတစ်ထောင်ဝန်း ကျင် တန်ကြေးရှိ ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းခင်းမည်ဆိုပါက မိုင် ၈၀ အရှည် ရရှိနိုင်သည့် ပမာဏဖြစ် သည်။)
“နိုင်ငံတော်မှရသင့်ရထိုက်တဲ့ သဘာ ၀ဓာတ်ငွေ့ဖိုး အကြွေး ၈ ဘီလီယံကျော် မပေးတဲ့အပြင် ပြည်သူများဆီမှ ကျသင့် တဲ့ မီတာဖိုးကိုလည်း လစဉ်ကောက် ယူနေပြီးတော့ ငွေအချိန်မီ မသွင်းပေး နိုင်တဲ့ မီတာရှင်များကိုလည်း ရက်လွန် ကြေးအတွက် ပြည်သူများဆီမှ ဒဏ် ကြေးကြီးမြင့်စွာ တပ်ပြီးတော့ အမြတ် ထုတ်နေကြောင်း သိရှိရပါတယ်”ဟု ဦးဇော်ဟိန်းက ပြောသည်။
ပြည်ထောင်စုလွှတ်တော်သို့ ပြည်ထောင်စုအစိုးရအဖွဲ့က ပေးပို့သည့် ပြည်ထောင်စုဝန်ကြီးဌာန အဖွဲ့အစည်း များ၏ ၂၀၁၇-၁၈ ခု၊ ဘဏ္ဍာရေးနှစ်၊ ဒုတိယ ၆ လပတ် အခွန်ကောက်ခံရရှိမှု အခြေအနေနှင့် ၎င်းအပေါ် ပြည်သူ့ငွေ စာရင်းပူးပေါင်းကော်မတီ၏ လေ့လာ တွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ(၁၁/၂၀၁၈) နှင့် ပတ်သက် ၍ ဦးဇော်ဟိန်းက ဆွေးနွေးခဲ့ခြင်း ဖြစ် သည်။
မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း (MOGE)၊ ဘဏ္ဍာရေးဌာန လ/ထ မန်နေဂျာ ဒေါ်မိမိခိုင်ကလည်း GGS ကုမ္ပဏီမှ သဘာဝဓာတ်ငွေ့ဖိုး စုစုပေါင်းငွေ ၈ ဘီလီယံကျော် (၈၀၂၆၆၂၉၈၇၀ ကျပ်) ပေးသွင်းရမည် ဖြစ်ကြောင်း ဒီဇင်ဘာလ ၇ ရက်က တနင်္သာရီအပတ်စဉ်သို့ အတည်ပြု ပြောကြားသည်။

“မဆပ်ပဲထားလို့ ကျန်နေတာပေါ့ လစဉ်၊ လက ဘယ်ကစတုန်းဆိုတော့ ၂၀၁၇ ခုနှစ် ၇ လပိုင်းကနေပြီးတော့ ၂၀၁၈ ခုနှစ် ၉ လပိုင်းအထိ မဆပ်ရ သေးဘူး၊ လုံးဝ မပေးချေရသေးတာ” ဟု ဒေါ်မိမိခိုင်က ပြောသည်။
အကယ်၍ ကုမ္ပဏီဘက်က ဓာတ် aငွေ့ဖိုး မပေးသွင်းပါက ဓာတ်ငွေ့ပေး ဝေမှု ဖြတ်တောက်ခြင်း၊ လျှပ်စစ် ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း တရား စွဲဆိုခြင်းများ ရှိလာနိုင်ကြောင်း ဒေါ်မိမိခိုင်က ပြောသည်။
ယင်းငွေများအား နေပြည်တော်ရှိ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း မှတဆင့် မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်း (MOGE)သို့ ပေး သွင်းရမည်ဖြစ်ကြောင်း ဒေါ်မိမိခိုင်က ပြောသည်။
လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်းကလည်း GGS ကုမ္ပဏီနှင့် တနင်္သာရီတိုင်းဒေသကြီး အစိုးရ အဖွဲ့အား ငွေပေးသွင်းရန်စာများ အစဉ် တစ်စိုက်ပေးပို့နေကြောင်း ၎င်းက ပြော သည်။

တနင်္သာရီအပတ်စဉ်မှ နေပြည် တော်ရှိ လျှပ်စစ်ဓာတ်အား ထုတ်လုပ် ရေးလုပ်ငန်းသို့ ဒီဇင်ဘာ ၇ ရက်နေ့တွင် တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ တာဝန်ယူဖြေကြားနိုင်သည့် အရာရှိမှာ နိုင်ငံခြားသို့ ရောက်ရှိနေကြောင်း ယင်း ဌာနမှ ပြန်လည် ဖြေဆိုခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီး လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီး ဦးကြည်လှိုင်အား တနင်္သာရီအပတ်စဉ်မှ ဒီဇင်ဘာ ၈ ရက် တွင် တယ်လီဖုန်းဖြင့် ဆက်သွယ်မေး မြန်းခဲ့ရာ နေပြည်တော်မှ ပို့လာသည့် စာများကို GGS ကုမ္ပဏီသို့ တစ်ဆင့် ပေးပို့နေကြောင်း ဖြေဆိုသည်။
“တိုင်းအစိုးရကိုတော့ စာပို့ထား တယ်၊ တိုင်းအစိုးရကနေတစ်ဆင့် သူတို့(ကုမ္ပဏီ)ကို စာပြန်ပို့ရတယ်ပေါ့ သူတို့ကို။ ဒီလောက်တော့ရှိတာပေါ့” ဟု ဝန်ကြီး ဦးကြည်လှိုင်က ပြောသည်။
ဆက်လက်မေးမြန်းရာ တယ်လီဖုန်း လိုင်း ပြတ်တောက်သွားပြီး ထပ်မံ၍ အကြိမ်ကြိမ်ဆက်သွယ်သော်လည်း ဖုန်းမကိုင်ခြင်း၊ ဖုန်းချပစ်ခြင်း၊ ဆက်သွယ် မှု ဧရိယာပြင်ပရောက်ခြင်းနှင့် ဖုန်းကိုင် သော်လည်း တစ်ဖက်က အသံမကြား ခြင်းတို့ကြောင့် ဆက်လက်မေးမြန်းခွင့် မရခဲ့ပေ။

အထက်ပါ သဘာဝဓာတ်ငွေ့ဖိုး အကြွေးကိစ္စနှင့် ပတ်သက်၍ မေးမြန်းနိုင် ရန် တနင်္သာရီအပတ်စဉ်မှ ထားဝယ်မြို့ရှိ GGS ရုံးသို့ သွားရောက်ခဲ့ရာ GGS ကုမ္ပဏီ၏ တာဝန်ရှိသူ ဦးအောင်မြတ်မှာ ရန်ကုန်မြို့သို့ ရောက်ရှိနေကြောင်း ကုမ္ပဏီရုံးရှိ တာဝန်ခံတစ်ဦးက ဆိုသည်။
ထို့ကြောင့် ဦးအောင်မြတ်၏ ဖုန်းနံပါတ်အား အကြိမ်ကြိမ် ဆက်သွယ် ရာ ဖုန်းကိုင်ခြင်း မရှိပေ။
အကြွေး ၈ ဘီလီယံကျော် ပေးရမည့် သတင်းကို ကြားသူအချို့က ကုမ္ပဏီ သည် ပြည်သူအပေါ် တရားမျှတမှု မရှိကြောင်း ပြောကြသည်။
“ပြည်သူတွေဖက်ကတော့ ရအောင် ယူ။ နိုင်ငံတော်ကို ပေးရမယ့်ဟာကျတော့ မပေးတော့ ပြောရမယ်ဆိုရင် တရားမျှတ မှု မရှိဘူးပေါ့”ဟု ရေဖြူမြို့နယ်ရှိ GGS ကုမ္ပဏီ၏ ရပ်/ကျေးမီးလင်းရေးဝန် ထမ်းတစ်ဦးက ပြောသည်။
ထားဝယ်ခရိုင်အတွင်း မီးသုံးစွဲသူ အချို့က GGS ၏ သဘာဝဓာတ်ငွေ့ ဖိုးအကြွေး မပေးချေမှုကို မနှစ်မြို့ကြပေ။
“မပေးနိုင်သေးဘူးဆိုတော့ လူပါးဝ နေသလို ဖြစ်နေတာပေါ့။ သူမပေးနိုင်ဘူး ဆိုတော့ နိုင်ငံတော်ကလည်း နစ်နာ တယ်။ နိုင်ငံတော်နစ်နာရင် တကယ် တော့ ပြည်သူနစ်နာတာပဲ”ဟု သရက် ချောင်းမြို့နယ် ကဇိကျေးရွာမှ အသက် ၄၂ အရွယ် အမျိုးသမီးတစ်ဦးက ပြော သည်။

လျှပ်စစ်မီတာခ တစ်လပျှမ်းမျှ သိန်း ၄၀ ဖိုးခန့် ပေးဆောင်နေသော ထားဝယ်မြို့မှ စီးပွားရေးလုပ်ငန်ရှင် တစ်ဦးကမူ စီးပွားရေးသမားတို့၏ ကျင့်ဝတ်အရ ယင်းသို့ အကြွေးမပေး ခြင်းမှာ မဖြစ်သင့်ကြောင်း ပြောသည်။
အကယ်၍ အကြွေးမပေးသဖြင့် သဘာဝဓာတ်ငွေ့ ဖြတ်တောက်ခံရပါက လျှပ်စစ်မီးပြတ်တောက်ပြီး ပြည်သူတို့ နစ်နာရမည်ဖြစ်ကာ ယင်းကိစ္စကို ကုမ္ပဏီအား စာချုပ်ချုပ်ဆို လုပ်ငန်း အပ်နှင်းထားသော တိုင်းအစိုးရက တာဝန်ယူရမည်ဟု ထိုလုပ်ငန်းရှင်က ပြောသည်။
“အကုန်လုံးငတ်သွားမယ်။ တစ်ရာ နဲ့ ရတဲ့ပစ္စည်း နှစ်ရာ ဖြစ်သွားမယ်၊ သူတို့ကြောင့်ဖြစ်တာ သူတို့ပဲ ခံရသင့် တာaပေါ့၊ ပြည်သူကို ထိတယ်ဆို မမျှတဘူးပေါ့ ။ တိုင်းအအစိုးရကတော့ သူစာချုပ်ချုပ်တတာဆိုတော့ သူ တာဝန်ယူရမှာပေါ့။ တင်ဒါရွေးတာ သူတို့လေ။ သူတို့ တာဝန်ယူရမှာပေါ့”ဟု ၎င်းလုပ်ငန်းရှင်က ပြောသည်။

မြန်မာနိုင်ငံတွင် ရေနံနှင့် သဘာဝ ဓာတ်ငွေ့မှ ကောက်ခံရရှိသည့်အခွန် သည် ၂၀၁၆-၂၀၁၇ ဘဏ္ဍရေးနှစ်တွင် ၄၄၈ ဒသမ ၉၄၃ ဘီလီယံ ရရှိခဲ့ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ၃၅၂.၈၄၇ ဘီလီယံ ရရှိခဲ့သည်။ ယခင် နှစ်ကထက် ၉၆ ဘီလီယံ လျှော့နည်း ခဲ့သည်။
ထိုကဲ့သို့လျှော့နည်းရခြင်း အကြောင်း များထဲတွင် GGS လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးမှ သဘာဝဓာတ်ငွေ့ဖိုး မပေးသွင်းခြင်းကလည်း အကြောင်း တစ်ချက်ဖြစ်ကြောင်း ဦးဇော်ဟိန်းက ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေး ပြောကြားခဲ့သည်။
နိုင်ငံတော်မှရရန်ရှိသော အကြွေးကို GGS ကုမ္ပဏီမှ နိုင်ငံတော်သို့ အမြန် ပေးသွင်းရန်နှင့် သက်ဆိုင်ရာ ဝန်ကြီး ဌာန အဖွဲအစည်းများမှ စုံစမ်းစစ်ဆေး မှုများ ပြုလုပ်ပေးနိုင်ပါရန် ပြည်ထောင်စု လွှတ်တော်တွင် တင်ပြခဲ့ကြောင်း ဦးဇော်ဟိန်းက ၎င်း၏ လူမှုကွန်ရက် စာမျက်နှာမှတဆင့် မဲဆန္ဒရှင်များအား အသိပေးထားသည်။