ချောင်းဆုံတွင် ဖမ်းမိသည့် ကသမျှင်ငါးကို ကျပ်သိန်း ၅၀၀ ကျော်ဖြင့် ရောင်းချ

0
750

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် ဖမ်းမိသည့် ကသမျှင်ငါးအမတစ် ကောင်ကို ကျပ် ၅၆၅ သိန်းဖြင့် ရောင်း ချခဲ့ကြောင်း မွန်ပြည်နယ် ငါးလုပ်ငန်း ဦးစီးဌာနထံမှ သိရသည်။
အလျား ၆ ပေ ၊ အနံ ၁ ဒသမ ၁ ပေနှင့် အလေးချိန် ၃၅ ဒသမ ၅ ပိဿာ ရှိသည့် အဆိုပါ ကသမျှင်ငါးကို နိုဝင်ဘာ ၁၁ ရက်က ချောင်းဆုံမြို့နယ် ဝဲကလိအတန်းလိုက် တင်ဒါပိုက်ချက် အမှတ်(၁) တင်ဒါရရှိထားသူ ဦးမြင့်လွင် ၏ ကျားဓမင်ပိုက်ချက်တွင် ဖမ်းဆီးရ မိခြင်းဖြစ်သည်ဟု မွန်ပြည်နယ် ငါးလုပ်ငန်း ဦးစီးဌာန ဒုပြည်နယ်မှူး ဦးစိုးမင်းက ပြောသည်။

“ကသမျှင်ငါးတွေက မွန်ပြည်နယ် မှာ အများအပြား ရှိတယ်၊ အကောင်သေး တာနဲ့ အကောင်ကြီးတာပဲ ကွာတယ်၊ အကောင်ကြီးတော့ ဈေးကောင်းရတာ ပေါ့၊ ငါးကို မုတ္တမပင်လယ်ဝဘက်မှာ ဖမ်းမိတာများတယ်”ဟု ဦးစိုးမင်းက ပြောသည်။
ကသမျှင် ငါးအဆီဖောင်းသည် ဈေးနှုန်းမြင့်သဖြင့် ကြိုက်ဈေးနှင့် ရောင်းချခဲ့ရပြီး ဝယ်ယူသူမှာ တရုတ် နိုင်ငံမှ ဖြစ်ကြောင်း ၎င်းက ဆက် ပြောသည်။
ငါးရောင်းချ ရငွေများကို တင်ဒါ အောင်ထားသည့် ငါးလုပ်ငန်းပိုင်ရှင် ကသာ ရရှိပြီး အစိုးရဌာနအနေဖြင့် ငါးဖမ်းဆီးရရှိမှုကို မှတ်တမ်းတင်ခြင်း သာ ပြုလုပ်ကြောင်း ဦးစိုးမင်းက ပြော သည်။

ကသမျှင်ငါးသည် ရွှေရောင်နှင့် ငွေရောင် နှစ်မျိုးရှိပြီး အရွယ်အစားပေါ် မူတည်၍ ဈေးနှုန်းကွာသည်။
ငါး၏ အဆီဖောင်းကို တရုတ်ရိုးရာ ဆေးဝါးဖော်စပ်သည့်နေရာတွင် အသုံး ပြုကြသည့်အတွက် ဈေးကြီးပေး ဝယ် ကြသည့် ငါးတစ်မျိုး ဖြစ်သည်။
ကသမျှင်ငါးသည် ရေချိုနှင့် ရေငံ ပေါင်းစပ်သည့် မြစ်ချောင်းများတွင် နေထိုင်ကြသည်ဟု ငါးလုပ်ငန်းလုပ်ကိုင် နေသူတို့က ပြောသည်။

မွန်ပြည်နယ်အတွင်း၌ ကသမျှင် ငါးကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလခန့်က သံဖြူဇရပ်မြို့နယ် ကျိုက်ခမီရေလယ် ဘုရား အနောက်ဘက်တွင် အလေးချိန် ၁၂ ပိဿာရှိ ကသမျှင်တစ်ကောင်၊ ဇွန်လခန့်တွင် ကျိုက်ခမီမြို့ကမ်းခြေမှ သုံးမိုင်အကွာတွင် အလေးချိန် ၃၆ ပိဿာရှိ ကသမျှင်ငါးတစ်ကောင်၊ ၂၀၁၈ ခုနှစ်တွင် ကျိုက်ခမီမြို့ကမ်းခြေမှ ၁၀ မိုင်အကွာတွင် အလေးချိန် ၁၆ ဒသမ ၅၀ ပိဿာ ကသမျှင်ငါးတစ်ကောင် ကိုလည်းကောင်း ဖမ်းဆီးရမိခဲ့သည်ဟု ပြည်နယ်ငါးလုပ်ငန်း ဦးစီးဌာနရှိ မှတ်တမ်းအရ သိရသည်။