ကျိုက်မရော ရှေးဟောင်းနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာသုတေသန တွေ့ရှိချက်စာတမ်းဖတ်ပွဲကျင်းပမည်

0
642

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ရှေးဟောင်းယဉ်ကျေးမှုနှင့် သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ သုတေသန တွေ့ရှိချက်များကို ချပြသည့် စာတမ်း ဖတ်ပွဲတစ်ရပ်ကို နိုဝင်ဘာလနောက်ဆုံး အပတ်တွင် ကျိုက်မရောမြို့၌ ကျင်းပပြု လုပ်သွားမည်ဟု သိရသည်။
ကျိုက်မရောမြို့နယ် ရှေးဟောင်း ယဉ်ကျေးမှုနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ သုတေသနကို မွန်ပြည်နယ်လွှတ်တော်နှင့် မော်လမြိုင် တက္ကသိုလ် သမိုင်းဌာန၊ ပထဝီဝင်ဌာန၊ ရူပဗေဒဌာန၊ မြန်မာစာဌာနနှင့် ဘူမိဗေဒ ဌာနတို့မှ ဆရာ၊ ဆရာမတို့ ပူးပေါင်းပြီး ၂၀၁၇ ခုနှစ် နိုဝင်ဘာလမှ ၂၀၁၈ ခုနှစ် ဇွန်လအထိ လုပ်ဆောင်ခဲ့သည်။

“ရည်ရွယ်ချက်ကတော့ သမိုင်း ကြောင်းအရရော ပထဝီအနေအထားအရ ရောတန်ဖိုးရှိတဲ့ အခြေအနေတွေကို သိရှိ စေဖို့ အဲဒီသိရှိထားတဲ့အခြေအနေပေါ်မှာ ထပ်ပြီးတော့ ပျက်စီးဆုံးရှုံးမှုမဖြစ်အောင် ဆုံးဖြတ်ချက်ချတဲ့နေရာမှာ ရင်းနှီးမြုပ်နှံ တဲ့နေရာမှာ ဒါတွေသတိထားဖို့အတွက်နဲ့ လိုအပ်ရင် လိုအပ်သလိုပြင်ဆင်ထိန်းသိမ်းဖို့နဲ့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုး တက်ရေးမှာ အထိုက်အလျှောက် အထောက်အကူပြုစေရေးအတွက်ပါ” ဟု မွန်ပြည်နယ်လွှတ်တော် ဒု- ဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

အဆိုပါ သုတေသနတွေ့ရှိချက်များ ကို စာတမ်းပြုစုထားပြီး စာအုပ်အဖြစ် ပုံနှိပ်ထုတ်ဝေလျက်ရှိကာ လာမည့်စာ တမ်းဖတ်ပွဲကျင်းပမည့်ရက်တွင် သုတေ သနတွေ့ရှိချက်စာအုပ်များကို ဖြန့်ဝေ သွားမည်ဟုလည်း ၎င်းကဆက်ပြော သည်။
လက်ရှိအနေအထားအရ ကျိုက်မ ရောမြို့နယ်အတွင်းရှိ သဘာဝလိုဏ်ဂူ များ၊ သဘာဝထုံးကျောက်တောင်များ၊ ရေပူစမ်းများ အစရှိသည့် စိတ်ဝင်စားစရာနေရာအတော်များများရှိနေသော် လည်း တန်ဖိုးထားထိန်းသိမ်းရမှန်းမသိကြ သလို လေ့လာလည်ပတ်သူလည်းမရှိ ကြောင်း သုတေသနာပြုမှုသာ ပြီးသွား ပါက အဆိုပါဒေသ၏ ခရီးသွားလုပ်ငန်း အတွက်လည်း အကျိုးပြုလာမည်ဟု ဒေါက်တာအောင်နိုင်ဦးက ပြောသည်။
သုတေသနပြုရာတွင် ရှေးဟောင်း ဘုရားနှင့် ကျောက်စာများ၊ ထုံးကျောက် ဂူများနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ၊ အင်းများနှင့် ရေပူစမ်းများဆိုပြီး ခေါင်း စဉ်ခွဲ ၃ ခုဖြင့် ပြုလုပ်ခဲ့ကြသည်။

“ကျိုက်မရောမှာက စိတ်ဝင်စား စရာရှေးဟောင်းအမွေအနှစ်တွေ အများ ကြီးရှိတယ်၊ အထူးသဖြင့် ဂူတွေအများ ကြီးရှိတယ် အထဲမှာဆို ရှေးဟောင်း ဘုရားတွေရှိတယ် ဒါပေမယ့် ဘယ်သူမှ လည်း စိတ်မဝင်စားကြဘူး အလေးမ ထားကြဘူး အဲဒါတွေကြောင့်လဲ တချို့ ဆိုရင် ပျက်စီးကုန်တယ် ပိုဆိုးတာက အခုနောက်ပိုင်းဝင်လာတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ တောင်တွေဖြိုတော တွေဖျက်တော့ ရှိနေတဲ့ သဘာဝအလှ အပတွေက ပျက်စီးကုန်တယ်၊ အချိန်မီ ထိန်းသိမ်းဖို့ လိုအပ်နေတယ်” ဟု ကျိုက်မရောဒေသခံ နိုင်အောင်ကြည်က ပြောသည်။

ကျိုက်မရောမြို့နယ်အတွင်းတွင် ခရုံဂူ၊ ဖားဘောင်ဂူ၊ စပယ်ဂူ၊ မယ်ဂရိုဂူ အစရှိသည့် သဘာဝထုံးကျောက်လိုဏ်ဂူ များတည်ရှိပြီး လိုဏ်ဂူများအတွင်း၌ ရှေးဟောင်း အုတ်ခွတ်ရုပ်ပွားတော်များ ဆင်းတုတော်များလည်း တည်ရှိသည်။
အဆိုပါဂူများအနက်မှ ခရုံဂူတစ်ခု သာ ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်း သုတေသန အမျိုးသားပြတိုက်နှင့် စာ ကြည့်တိုက်ဦးစီးဌာနက ၁၉၇၅ ခုနှစ်မှ စကာထိန်းသိမ်းထားခဲ့သည်။