ထားဝယ်ရိုးရာသပိတ် တစ်နှစ်ထက်တစ်နှစ် ပိုထုတ်လာရ

0
381

သီတင်းကျွတ်ကာလ၌ ထားဝယ် ရိုးရာသပိတ်မျှောပွဲတွင် အသုံးပြု သည့်သပိတ်များ တစ်နှစ်ထက်တစ်နှစ် ပိုမိုထုတ်လုပ်လာရကြောင်း ထားဝယ် မြို့၊ အိုးလုပ်ရပ်ကွက်ရှိ အိုးလုပ်ငန်းလုပ် ကိုင်သူများက ပြောသည်။
ပြီးခဲ့သည့်နှစ်မှစ၍ သပိတ်အိုးများ ပိုမိုထုတ်လုပ်လာရခြင်းဖြစ်သည်။
၂၀၁၇ ခုနှစ်တွင် သပိတ် ၁၂၀၀၀ ထုတ်လုပ်ခဲ့ပြီး ယခုနှစ်တွင်မူ အလုံးရေ ၁၅၀၀၀ ခန့်ထုတ်လုပ်ထားကြောင်း အိုးလုပ်ရပ်ကွက်ရှိ အိုးလုပ်ငန်းလုပ်ကိုင် သူ ဒေါ်ခင်သူဇာက ပြောသည်။

၂၀၀၆ ခုနှစ်က ထုတ်လုပ်ခဲ့သည့် လုံးရေကို မမှတ်မိခဲ့သော်လည်း ၂၀၁၇ ခုနှစ်တွင် ထုတ်လုပ်သည့်ပမာဏထက် ၂၀၁၇ ခုနှစ်တွင် ထုတ်လုပ်သည့်ပမာဏ ပိုများသည်ဟု ၎င်းက ဆိုသည်။
သပိတ်မျှောပွဲ ကျင်းပသည့်နေရာ များလာခြင်း၊ သပိတ်မျှောသူများလာ ခြင်း၊ အဖွဲ့အစည်းများက သပိတ်များကို ဝယ်ယူကာ အဆင်သင့်မျှောနိုင်သည့် သပိတ် (ဆွမ်း၊ သစ်သီး၊ ဖယောင်းတိုင်၊ တံခွန်၊ ကုက္ကား စသဖြင့် လှူဖွယ်ပစ္စည်း များ ထည့်ထားသည့်သပိတ်) များကို သပိတ်မျှောပွဲ ကျင်းပသည့်နေရာအနီး ရောင်းချခြင်းကြောင့် သပိတ်အိုး ပိုမိုထုတ်လုပ် လာရခြင်းဖြစ်ကြောင်း အိုးလုပ်ငန်းလုပ်ကိုင်သူများက ပြောသည်။
“ပွဲတော်(နေရာ)တွေ များလာတော့ သပိတ်မျှောအိုးတွေ စိတ်ဝင်စားလာ တယ်။ တစ်နှစ်ထက်တစ်နှစ် ရောင်းအား ကောင်းလာတယ်”ဟု ဒေါ်ခင်သူဇာက ဆိုသည်။

နှစ်စဉ် ထားဝယ်မြို့တွင် သပိတ် မျှောပွဲကို အနည်းဆုံး ၃ နေရာထက် မနည်း၊ လောင်းလုံးမြို့နယ်ဘက်ခြမ်း ကမြောကင်းတံတားထိပ်တွင်လည်း နှစ်စဉ် သပိတ်မျှောပွဲ ကျင်းပလေ့ရှိသည်။
၎င်းအပြင် ထားဝယ်ခရိုင်အတွင်းရှိ ရပ်ကွက်ကျေးရွာများတွင်လည်း နီးစပ် ရာ မြစ်၊ ချောင်းများအတွင်းသို့ သပိတ် မျှောလေ့ရှိသည်။
ယခုနှစ်တွင် သပိတ်မျှောပွဲတော်သို့ လာရောက်သည့် ရပ်နီးရပ်ဝေးမှ ဘုရား ဖူးဧည့်သည်များ အဆင်ပြေစေရန် ရည် ရွယ်၍ (အသင့်ပြုလုပ်စီမံထားသော) သပိတ်ပေါင်း အလုံး ၃၀၀၀ ခန့်ကို ရောင်းချရန် စီစဉ်ထားကြောင်း ထားဝယ် ကမ်းနားဈေးအနီးတွင် ကျင်းပမည့် သပိတ်မျှောပွဲတော် ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးရဲထွဋ်နိုင်က ပြောသည်။

“သပိတ်မျှောပွဲတော်ကို ထားဝယ် ကမ်းနားလမ်းမြို့မျက်နှာစာမှာ ကျင်းပ ဖို့စီစဉ်ထားတယ်။ ဆွမ်း၊ တံခွန်၊ကုက္ကား၊ ဖယောင်းတိုင်၊ အမွှေးတိုင် ဝေယျာဝစ္စ တွေ အကုန်အပြီးအစီး (သပိတ်)ကို ကျွန်တော်တို့ ၁၀၀၀ ကျပ် သတ်မှတ်ပါ တယ်” ဟု ဦးရဲထွဋ်နိုင်က ဆိုသည်။
ယခုနှစ်တွင် သပိတ်အလွတ် တစ် လုံးလျှင် ၄၀၀ ကျပ်မှ ၅၀၀ ကျပ် အထိ ရောင်းချလျက်ရှိသည်။
ထားဝယ်ဒေသတွင် နှစ်စဉ် သီတင်းကျွတ်လပြည့်နေ့ အရုဏ်တက် ချိန်တွင် အရှင်ဥပဂုတ္တမထေရ်မြတ်အား ရည်စူးကာ သပိတ်မျှောလေ့ရှိသည်။