ဒေသဖွံ့ ဖြိုးရေးနဲ့ ကယားပြည်နယ်ရောက် အတွေး

0
427

ကယားပြည်နယ်၊ လွိုင်ကော် ရောက်တော့ ဒီကမိတ်ဆွေတွေနဲ့ စကား စမြည်ပြောဆို ဒေသအကြောင်း မေးမြန်း ဖြစ်တယ်။ သူတို့က အခုတလော ဖြစ် ပျက်နေတဲ့ ပြဿနာလေးတွေနဲ့ မကြာ သေးမီက ကျင်းပခဲ့တဲ့ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု ဖိုရမ် (Kayah State investment forum May 2018) အကြောင်း ပြောပြကြတယ်။

ကျွန်တော်မြင်တာကတော့ ဒေသန္တ ရအစိုးရတွေရဲ့ တာဝန်ကတော့ သူ့ ဒေသက ပြည်သူတွေရဲ့ သာယာဝပြော ရေး၊ ဖွံ့ဖြိုးရေးကို ဦးစားပေးဖို့ပဲ မဟုတ်ဘူးလား။ ဖွံ့ဖြိုးရေးဆိုတာလဲ ဘယ်လိုလဲဆိုတာ မေးခွန်းထုတ်စရာ ရှိပါတယ်။ သဘာဝအတိုင်းလေးပဲ၊ ခုခေတ်စကားနဲ့ပြောရင် အော်ဂဲနစ် (Organic)ပေါ့၊ လှနေတယ်၊ လူတွေက စိတ်ပိုင်း၊ ရုပ်ပိုင်း ဖူလုံ ချမ်းသာနေတယ် ဆိုရင်ရော ဖွံ့ဖြိုးရေး မဟုတ်ဘူးလားပေါ့။ စီးပွားရေးဖွံ့ဖြိုးမှုဆိုတာကလည်း ရုပ်ဝတ္ထု အဆောက်အဦတွေ၊ ဂျီဒီပီ ကိန်းဂဏန်းတွေမျှသာ မဟုတ်ဘဲ လူထုတွေဘ၀ ဖွံ့ဖြိုးဖို့လည်း လိုအပ် ပါတယ်။

ပထမပြဿနာက ကျွန်တော်ကြားရ တာက ဒေသခံ ကားလိုင်းတွေကိုကျော်လို့ ပြည်မက ကုမ္ပဏီတစ်ခုကို လုပ်ပိုင်ခွင့်ချ ပေး လိုက်တာပါပဲ။ အကြောင်းပြချက်က ဒေသခံကားလုပ်ငန်းတွေက ဝန်ဆောင်မှု ညံ့လွန်းလို့၊ ကားတွေ ညံ့ဖျင်းနေလို့၊ ဒါကြောင့် ပြင်ပက ကုမ္ပဏီတွေ၊ လိုင်း တွေကို ခေါ်ယူပြေးဆွဲဖို့ စေခိုင်းတယ် ဆိုတယ်။ ဒီလိုဆောင်ရွက်လိုက်ရင် ဝန် ဆောင်မှု ပိုကောင်းတာတွေကို လက်ငင်း ရရှိနိုင်ပါတယ်။ ချက်ချင်းပဲ ကားကောင်း တွေ စီးရနိုင်ပါတယ်။ ဈေးကွက်စီးပွားရေး သဘောအရ ပြောရင်လည်း ဒေသတွင်း ပိတ်ဆို့ထားတာ မဟုတ်ဘဲ ပြိုင်ဆိုင်မှု တွေရှိသင့်ပါတယ်။ အာဆီယံနိုင်ငံတွေမှာ တောင် အာဆီယံ စီးပွားရေးအသိုက်အဝန်း (AEC)ဆိုပြီး လာကြမယ့် ရင်းနှီးမြှုပ်နှံမှု တွေ၊ ဝန်ဆောင်မှုတွေ ဖွင့်ပေးကြရဦး မှာပဲ မဟုတ်ဘူးလား။ ဒါပေမယ့် ဒေသခံ လူထုတွေဆီက ကြားရတာ ကတော့ ဒီလိုဆိုတယ်။ ဒီလွိုင်ကော်မှာ ရှိနေတဲ့ ကားလိုင်းတွေဆိုတာက အရင်ခေတ်ဆိုး ကြီး တစ်လျှောက် ချော၊ ပေါ်တာ၊ အခွန်၊ ဆက်ကြေးပေါင်းစုံကို ကြံ့ကြံ့ခံ ရပ်တည် လာခဲ့တာ၊ ဘယ်သူတွေကမှ လုပ်ငန်း လာ မလုပ်ချင်တဲ့အချိန်ကတည်းက လုပ်ငန်းတွေ မပြုတ်သွားအောင်၊ ခရီး သွားလာရေး ပြတ်တောက် မသွားအောင် အငြိုအငြင်ခံ ရုန်းကန်နေလာ ခဲ့ကြရတာ၊ သူတို့ ကားတွေ အရည်အသွေးကျဆင်း နေပြီဆိုတာလည်း လက်ခံကြပါတယ်။

အဲဒါကြောင့်ပဲ။ အလွယ်တကူ ဒေသပြင်ပက ကားလိုင်းတွေ ခေါ်ယူပြေး ဆွဲကြတဲ့အခါ ဒေသခံကားပိုင်ရှင်တွေ ဒီဘိဇနက်က ထွက်သွားကြရမှာလား။ သူတို့ ကားစုတ်တွေကို ပိုက်ပြီး အနားယူ သင့်ပါပြီလား။ အဲဒီမှာ မကျေနပ်ကြတဲ့ လုပ်ငန်းရှင်တွေက လွှတ်တော်ရှေ့ ဟစ်တိုင် မှာ ဆန္ဒထုတ်ဖော်ကြမယ်လို့ ဖြစ်ပါတော့ တယ်။ နောက်ဆုံး ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌက ဦးဆောင်ပြီး၊ အစိုးရအဖွဲ့ ဝန်ကြီးတွေ၊ လုပ်ငန်းရှင်တွေ ညှိနှိုင်းပေး နေတယ်လို့တော့ သတင်းရရှိပါတယ်။ ဘယ်လိုဖြစ်သင့်တယ်ဆိုတာ ဒေသခံ အချို့ ဆွေးနွေးကြတာလည်း နားထောင် ရပါတယ်။ သူတို့ပြောတာက ပြည်နယ် အစိုးရက အာမခံ၊ ဘဏ်လုပ်ငန်းရှင်တွေနဲ့ ညှိ၊ လုပ်ငန်းရှင်တွေက ချေးငွေယူပေးပြီး သူတို့ကို ပိုကောင်းတဲ့ ကားအသစ်တွေ အကြွေးနဲ့ဝယ်၊ ပြန်ဆပ်နိုင်ဖို့ လုပ်ငန်း စဉ်ညှိ၊ ဒေသခံကားတွေကိုပဲ ပြေးခိုင်း တာမျိုးက ပိုမကောင်းဘူးလားလို့ ဆိုကြ တယ်။ ဘယ်လိုဆက်ဖြစ်မယ် မသိရ သေးပါဘူး။ ပြေလည်ပါစေလို့ပဲ ဆုတောင်း ပါတယ်။

ဒီပြဿနာနဲ့ အလားတူမယ်ထင် တယ်။ နောက်ထပ်ကိစ္စတစ်ခုကတော့ အခုနှစ်၊ မေလက လုပ်ခဲ့တဲ့ ကယားပြည် နယ် ရင်းနှီးမြှုပ်နှံမှု ဖိုရမ်ပါ။ ပြည် ထောင်စု ရင်းနှီးမြှုပ်နှံမှု ကော်မရှင်နဲ့ ပြည်ထောင်စုအစိုးရက လူကြီးတွေလာပြီး ကယားပြည်နယ်က အခွင့်အလမ်းတွေ ဖော်ထုတ်နိုင်ဖို့ ကြိုးပမ်းကြတာပါ။ ကယားပြည်နယ်အတွင်းမှာ နိုင်ငံခြားရင်း နှီးမြှုပ်နှံသူတွေအနေနဲ့ ထုတ်ကုန်လုပ် ငန်း၊ သတ္တုတွင်း၊ ဟိုတယ်-ခရီးသွား လုပ်ငန်းနဲ့ စက်မှုလုပ်ငန်းကဏ္ဍတွေ အတွက် ရင်းနှီးမြှုပ်နှံနိုင်တဲ့ အခွင့်အလမ်း တွေ ရှိစေမယ်ဆိုပါတယ်။ ဒါတွေကို ပြပြီး ရင်းနှီးမြှုပ်နှံမှုတွေ ဆွဲဆောင်တဲ့ ပွဲပါ။

ကျွန်တော် ကြားသိရသလောက် ကယားပြည်နယ်က ဆန်ဖူလုံပါတယ်။ ရှမ်းပြည်နယ်ကိုတောင် ဆန်တင်ပို့ ရတယ် ဆိုတယ်။ သီးနှံ သားငါးလည်း မရှားလှဘူး။ လူဦးရေက ၃ သိန်းကျော် ပဲရှိတော့ မြေယာလည်း လူဦးရေနဲ့စာရင် ပေါကြွယ်ဝနေပါသေးတယ်။ ပြီးခဲ့တဲ့ အစိုးရလက်ထက်က လျော်ကြေးသဘော မျိုးနဲ့ ကယားပြည်နယ်ကို လျှပ်စစ်မီး ရရှိအောင် အလေးပေး ဆောင်ရွက်ပေးခဲ့ တဲ့အတွက် လျှပ်စစ်မီးလည်း ရပါတယ်။ သစ်တောတွေ ခုတ်ခဲ့တာ များတယ်ဆိုပေမယ့်၊ သဘာဝပတ်ဝန်းကျင် ဒီလောက်ကြီး မပျက်စီးသေးပါဘူး။ သဘာဝပတ်ဝန်း ကျင်နဲ့ သာယာလှပတဲ့ ရှုခင်းတွေကြောင့် ခရီး သွားလုပ်ငန်းအတွက် အလားအလာ လည်း အတော်ကောင်းပါသေးတယ်။

ကျွန်တော်မြင်တာကတော့ သူတို့ ကယားပြည်နယ်အတွက် ဖွံ့ဖြိုးတိုးတက် ရေးဆိုရင် ဒေသခံတွေက ကိုယ်တိုင် ကိုယ်ကျ စဉ်းစားထားတဲ့ ဖွံ့ဖြိုးရေး အစီအစဉ် မူဘောင် (Development plan framework) အတိုင်း လုပ်ကြ တာပဲ ကောင်းပါတယ်။ တစ်ချိန်က လောပီတ လျှပ်စစ်ဓာတ်အားပေးစက်ရုံ ကို ကယားပြည်နယ်မှာ ဆောက်ထားပေ မယ့်၊ ဒေသခံပြည်သူတွေ မီးမရဘဲ ကာလ အတန်ကြာ နေခဲ့ရပါတယ်။ ပြောရရင် တော့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တရားမျှတမှု (environmental justice) မရှိခြင်း၏ ဆိုးကျိုးဒုက္ခတွေကို ဒေသခံတွေ လုံလောက်အောင် ခံစားခဲ့ ကြရပြီးပါပြီ။ ဒါဆိုရင် ဒေသခံတွေ သဘောကျ ရေးဆွဲထားတဲ့ ဖွံ့ဖြိုးရေး မူဘောင် ရှိနေပြီလားပေါ့။ မရှိသေး ဘူးလို့ ကြားရပါတယ်။ ဆိုလိုတာက ဘယ်ကဏ္ဍတွေကတော့ ပိုဖွံ့ဖြိုးဖို့ ကောင်းတယ်။ ဘယ်အတိုင်းအတာအထိ ဖွံ့ဖြိုးစေမယ်။ ဘယ်ကဏ္ဍတွေကတော့ ဒေသခံတွေ ကိုယ်တိုင်လုပ်နိုင်ပြီး၊ ဘယ်လိုကဏ္ဍတွေမှာ အကူအညီ၊ ဖက်စပ်၊ ရင်းနှီးမြှုပ်နှံမှု လိုတယ် စသည် ဖြင့် ကျေကျေလည်လည် သဘောတူ ညီကြရင် ပိုကောင်းပါတယ်။ ကိုယ်ပိုင် မူဘောင်နဲ့ကိုက်ရင် ဖိတ်ခေါ်၊ မကိုက် ညီရင် မယူရုံပေါ့။

ဖွံ့ဖြိုးရေးဆိုတာ လူတွေကို ဇိကုတ်ပြီး နတ်ပြည်တင်တာ မဟုတ် သလို၊ အပေါ်ကလာတဲ့ Top-down Plan   (အပေါ်ကကျ လာတဲ့ စီမံကိန်း) လည်း မဖြစ်သင့်ပါဘူး။ အခုလို နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုတွေ လာကြတော့၊ ဒေသခံ လူထုတွေက ထိုင်ကြည့်နေရပြီး၊ မြေငှား စားခလောက် ပဲရတဲ့ အစီအစဉ် မျိုး၊ ဆိုးကျိုးကျတော့ ဒေသခံတွေ ခါးကော့အောင် ခံရမယ်ဆိုတာမျိုး ဖြစ်နေမလား စိုးရိမ်မိတယ်ဆိုတာ ဒေသခံတွေက ပြောပြကြတယ်။ ဒေသခံ တက်ကြွလှုပ်ရှားသူ တစ်ဦးကတော့”ကျွန်တော်တို့ကို ဗန်းပေါ်တင်ရောင်း နေပြီ”လို့ ပြောပါတယ်။ ပြင်ပက လူစိမ်း တွေလာတော့မယ်။ ဒေသခံတွေရဲ့ သဟဇာတဘ၀ကလေး ပျက်စီးရတော့ မယ်။

မြေယာလုယက်မှုတွေလည်း ဖြစ်ကောင်း ဖြစ်လာမယ်။ မိုးမြင့်တိုက် တာတွေနဲ့ ရုပ်ဝတ္ထု ဖွံ့ဖြိုးလာမှုတွေလည်း ဖြစ်ပေါ် ကောင်း ဖြစ်ပေါ်နိုင်ပါတယ်။ ဒါပေမယ့် ဒါဟာ ဒေသခံပြည်သူတွေက လိုချင်ရဲ့ လားဆိုတာလည်း ပြန်ပြီး မေးကြည့်ဖို့ လိုအပ်နေပါသေးတယ်။ လုံးဝ ကမ္ဘာကြီး ကို တံခါးပိတ်ထားမယ့် ဇနပုဒ်ဝါဒီမျိုး မဖြစ်သင့်သလို၊ အရင်း ဈေးတောင်းထဲက ဗန်းပေါ် ဘုမသိ၊ ဘမသိ တက်ထိုင်လိုက် ရမယ့်ဘ၀မျိုးလည်း မဖြစ်စေချင်ပါဘူး။ အဲသလို ရွေးချယ် စရာ ဖွံ့ဖြိုးရေးလမ်းနှစ်ခွကို ကျွန်တော် တွေးနေမိပါတယ်။