ကော့သောင်းရေပေးဝေရေး စက်တင်ဘာလကုန်ပိုင်း စဖွယ်ရှိ

0
427

ပိုက်လိုင်းတပ်ဆင်သည့် လုပ်ငန်း တချို့ ကျန်နေသေးသည့်အတွက် ကော့ သောင်းမြို့ ရေပေးဝေရေးလုပ်ငန်းကို စက်တင်ဘာ လကုန်ပိုင်းမှ စတင်ဖွယ်ရှိ ကြောင်း ကော့သောင်း မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အင်ဂျင်နီယာမှူး ဦးနေမျိုးက ပြောသည်။
ရေသန့်စင်မှုနှင့် ပင်မ ရေပိုက်လိုင်း များ ပြီးစီးပြီဖြစ်သော်လည်း ကုမ္ပဏီက ၂ လက်မ ပိုက်လိုင်းငယ်များ တပ်ဆင်ရန် အနည်းငယ်ကျန်နေသေးကြောင်း သိရသည်။

“အောင်သုခရပ်ကွက်နဲ့ အေးရိပ် ငြိမ်ရပ်ကွက်မှာတော့ ရေမီတာတပ်ဆင် ထားပြီးတာတွေရှိတယ်။ ဘုရင့်နောင်နဲ့ အဏ္ဏဝါကျန်သေးတယ်၊ နောက်တစ်ခုက လျှောက်ထားတဲ့ အရေအတွက်နည်းတဲ့ ရပ်ကွက်တွေလည်း ရှိနေသေးတယ်”ဟု ဦးနေမျိုးက ရှင်းပြသည်။

အေးရိပ်ငြိမ်၊ အောင်သုခ၊ ဘုရင့် နောင်၊ အဏ္ဏဝါရပ်ကွက်တို့အား ပထမ ဆုံး ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သိရ သည်။
“လျှောက်ထားတာတော့ ခြောက်လ လောက်ရှိပြီ၊ ဘတ် နှစ်ထောင်ဝန်းကျင် လောက်တော့ကုန်ကျတယ်၊ ခုထိတော့ ရေမရသေးဘူး”ဟု အောင်သုခရပ်ကွက်မှ မီတာလျှောက်ထားသူတစ်ဦးက ပြောသည်။
၂၀၁၈ ဇွန်လမှ ဩဂုတ်လ ဒုတိယ အပတ်ထိ ရေမီတာလျှောက်ထားသူ ၂၂၅ ဦး ရှိကြောင်း ကော့သောင်းမြို့နယ်စည် ပင်သာယာအဖွဲ့မှ သိရသည်။

အေးရိပ်ငြိမ်ရပ်ကွက်ရှိ ယင်းဝါ ရေလှောင်တမံမှ ရေကို သန့်စင်၍ JICA   ချေးငွေကျပ် သန်းပေါင်း ၆၀၀ ကျော်ဖြင့် အကောင်ထည်ဖော်ခဲ့ခြင်းဖြစ်ကာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ဧပြီလမှ နိုဝင်ဘာလအတွင်း လုပ်ငန်းအပြီးသတ် ရမည်ဖြစ်ကြောင်း သိရသည်။
သို့သော် လက်ရှိအချိန်အထိ လုပ်ငန်း မပြီးသေးပေ။