မြိတ်တွင် ဘဏ်ဓားပြတိုက်

0
375

မြိတ်မြို့ နောက်လယ်ရပ်ကွက်ရှိ ကမ္ဘောဇဘဏ်ခွဲ(၃)တွင် ဩဂုတ်လ ၂၄ ရက် မွန်းတည့် ၁၂ နာရီအချိန်ခန့်က ဓားပြမှုတစ်ခု ဖြစ်ပွားခဲ့သည်။
ဦးထုပ်အဖြူရောင် ဆောင်းထား သည့် အမျိုးသားတစ်ဦးသည် ဓားရှည် တစ်ချောင်းအား ကိုင်ဆောင်ကာ ဘဏ် တွင်းရှိ ကောင်တာမှ ငွေကျပ်ငါးသိန်း အား လုယူပြီး ဆိုင်ကယ်ဖြင့် ထွက်ပြေး သွားခဲ့ကြောင်း ကမ္ဘောဇဘဏ်ခွဲ(၃)နှင့် မြိတ်မြို့မရဲစခန်းမှ သိရသည်။
ဓားပြတိုက်သူသည် မျက်နှာကို အကာအကွယ် တစ်စုံတစ်ရာ တပ်ဆင် ထားခြင်း မရှိပေ။

ထွက်ပြေးသွားသည့် အမျိုးသား အား ဘဏ်ရှိ လုံခြုံရေးကင်မရာ (CCTV)မှတ်တမ်းအရ သက်ဆိုင်ရာ နယ်မြေများရှိ ရဲတပ်ဖွဲ့ဝင် များက ရှာဖွေစုံစမ်းခဲ့ရာ မွန်းလွဲ ၂ နာရီခန့်တွင် ရေနံမြေရပ်ကွက် ငါးအဝယ်ဒိုင်(ရေလယ် ဘော)၌ ဖမ်းဆီးမိခဲ့ကြောင်း မြို့မရဲ စခန်းမှ သိရသည်။
“လိုက်ဖမ်းတော့ ရွှံ့ပြင်ကနေ ရေ လယ်ဘောကို ထွက်ပြေးတာ၊ သူ့ဓား ကောက်က ရေထဲကျကျန်ခဲ့တယ်”ဟု ဖမ်းဆီးရာတွင် ပါဝင်ခဲ့သူ အမျိုးသား တစ်ဦးက ပြောသည်။

အဆိုပါ အမျိုးသားထွက်ပြေးစဉ် ရဲအရာရှိတစ်ဦးက ရွှံ့ပြင်ထဲသို့ သေနတ်နှစ်ချက် ပစ်ဖောက်ခြောက်လှန့် ခဲ့ရကြောင်း ၎င်းက ဆိုသည်။
ဘဏ်ဓားပြ ငွေလုထွက်ပြေးသည့် အချိန်သည် ဘဏ်အရှေ့ရှိ အမှတ် ၅ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းလွှတ်ချိန် ဖြစ်နေသည်။
“ဘဏ်ထဲက လူတွေ ရုန်းရုန်း ရုန်းရုန်းနဲ့ထွက်လာကြတာ ဘာဖြစ်မှန်း တော့ မသိရဘူး၊ နောက်မှ မေးစား ကြည့်(မေးကြည့်)တော့ ဘဏ်ကို ဓားပြ တိုက်တာတဲ့”ဟု ကျောင်းကြိုလာသည့် အမျိုးသားတစ်ဦးက ပြော သည်။
ဘဏ်ဓားပြတိုက်မှု အသေးစိတ်နှင့် ပတ်သက်ပြီး ကမ္ဘောဇဘဏ်ခွဲ(၃)မှ တာဝန်ရှိသူအား မေးမြန်းရာ ရုံးချုပ်က သာ တရားဝင် သတင်းထုတ်ပြန်မည်ဖြစ် ကြောင်း ပြောသည်။

လက်ရှိ(ဩဂုတ်လ ၂၄ ရက်ညနေ) တွင် ဖမ်းဆီးမိသည့် အမျိုးသားအား မြို့မရဲစခန်းတွင် စစ်ဆေးဆောင်ရွက် နေဆဲဖြစ်သည့်အတွက် တာဝန်ရှိသူ များအား အသေးစိတ် မေးမြန်းခွင့် မရ သေးပေ။
ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ၂၄ ရက်၊ မွန်းလွဲ ၂ နာရီအချိန် ခန့်ကလည်း မြိတ်မြို့ကန်ဖျားရပ်ကွက်၊ ကန်ဖျားလမ်းမကြီးရှိ ကမ္ဘောဇမီနီ ဘဏ်တွင် ဆိုင်ကယ်ဦးထုပ်(မှန်ကာ)ဆောင်းထားသည့် အမျိုးသားတစ်ဦးက သေနတ်ပြ ဓားပြတိုက်ခဲ့သဖြင့် ငွေ သိန်း ၂၇၀ ပါသွားခဲ့ဖူးသည်။

အဆိုပါ ဓားပြမှု ကျူးလွန်သူကိုမူ လက်ရှိအချိန်အထိ မဖမ်းမိသေးပေ။