အနာရွတ်လေးတွေကို ချစ်တတ်ပြီလား

0
503

“ငါ့ နင့်ကို ချစ်လွန်းလို့ ဒီလို ပြော နေတာ”
“ငါက ချစ်လို့ ကောင်းစေချင်လို့ ပြောတာကို နားမထောင်ဘူး”
တစ်ယောက်ယောက်က အချစ်ဆို တဲ့ ခေါင်းစဉ်အောက်ကနေ ကိုယ့်ကို တစ်ခုခု ပြောင်းလဲဖို့ ပြုပြင်ဖို့ ပြောလာတဲ့ အခါ အမြဲလိုလို သံသယစိတ် ဖြစ်မိ ပါတယ်။

“သူ ငါ့ကို တကယ်ချစ်တာ ဟုတ် လို့လား”
အကြိမ်ကြိမ် မေးဖြစ်တဲ့ မေးခွန်း ပါ။
မေတ္တာဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရှိတဲ့ မိဘနဲ့ သားသမီးကြား၊ ဆရာနှင့် တပည့်ကြားမှာလဲ အဲဒီလို မကြာခဏ ပြောဆိုတာကို ကြုံရပါတယ်။ ကြုံတိုင်း လည်း အပေါ်က ပြောခဲ့သလိုပဲ “သူ ငါ့ကို တကယ်ချစ်တာ ဟုတ်လို့လား” ဆိုပြီး တွေးမိပါတယ်။
ထားတော့။ ဒီနေရာမှာတော့ မိဘ၊ ဆရာများကိစ္စ မဆွေးနွေးတော့ပါ။
ချစ်သူတွေကြား၊ ဇနီးမောင်နှံများ ကြားမှာ ဖြစ်လေ့ရှိတဲ့ အချစ်နဲ့ပတ်သက် တာကိုပဲ ဆွေးနွေးပါမယ်။
ကိုယ်ချစ်ရတဲ့သူရဲ့ တစ်စုံတစ်ခု သော အပြုအမူ၊ အပြောအဆို၊ အယူ အဆ၊ အလုပ်အကိုင် စသဖြင့် တစ်ခုခုနဲ့ ပတ်သက်ပြီး အမြင်မတော်တာ၊ ကိုယ့် အယူအဆနဲ့ မကိုက်တာ၊ ပြုပြင်သင့် တယ်လို့ ထင်တဲ့ဟာတွေနဲ့ ပတ်သက်ပြီး ပြောတဲ့အခါ ကြုံရတဲ့ တုံ့ပြန်မှုက ဘာတွေပါလဲ။

အများအားဖြင့် ကြုံရတာက ကိုယ်ပြောသလို မဖြစ်တာပါ။
အဲသလို ကြုံတိုင်း ဝမ်းနည်းရ၊ ဒေါသထွက်ရ၊ တစ်ယောက်နဲ့တစ် ယောက် ကတောက်ကဆဖြစ်ရနဲ့ မရိုး ဇာတ်တွေ ခင်းနေကြရတာပါပဲ။
ဆိုပါစို့ . . ရန်ဖြစ်လိုက် ပြန်ချစ် လိုက်ပေါ့။
ပြီးတော့လည်း ဒုံရင်းက ဒုံရင်း ကိုယ့်အတ္တ၊ ကိုယ့်အယူအဆနဲ့ ယှဉ်ပြီး ပြောမိဆိုမိ ပြန်တာပါပဲ။
အကြောင်းကလည်း ရှိပါတယ်။

လူတစ်ယောက်ရဲ့ ဘ၀ကို မိသားစု ရဲ့ လွှမ်းမိုးမှုက ပျမ်းမျှအားဖြင့် နှစ်ပေါင်း ၂၀ ကနေ ၃၀ ကြား ရှိတယ်။
မိသားစုတစ်ခုရဲ့ ဖြတ်သန်းမှု၊ ဘ၀ နေထိုင်မှု ပုံစံ၊ တန်ဖိုးထားမှု၊ အယူအဆ၊ ဓလေ့စရိုက်က အဲဒီ မိသားစုမှာ ကြီးပြင်း ခဲ့ရသူ အပေါ် လွှမ်းမိုးနေတတ်ပါတယ်။ ဒါက သဘာဝလို့တောင် ပြောလို့ရပါ တယ်။
ပြုမူ ပြောဆို တွေးခေါ် ကျင့်ကြံနေ တာတွေက တော်တော်ကို အရိုးစွဲနေတဲ့ အနေအထားမှာ ရှိနေတတ်ပါတယ်။
မိသားစုတစ်စုနဲ့တစ်ခု ဖြတ်သန်းမှု၊ ဘ၀နေထိုင်မှု ပုံစံ၊ တန်ဖိုးထားမှု၊ အယူ အဆ၊ ဓလေ့စရိုက်တွေ မတူတဲ့အတွက် လူတစ်ယောက်နဲ့ တစ်ယောက်ရဲ့ ဖြတ် သန်းမှု၊ ဘ၀နေထိုင်မှု ပုံစံ၊ တန်ဖိုး ထားမှု၊ အယူအဆ၊ ဓလေ့စရိုက် စတာ တွေကလည်း မတူရေးချ မတူပါ။
အဲဒီမှာ အချစ်ဆိုတဲ့ ခေါင်းစဉ် အောက်ကနေ သူရဲကောင်းလိုလို ပြုပြင် ပြောင်းလဲရေးသမားလိုလိုလုပ်ပြီး ဟိုဟာက ဟိုလိုမဖြစ်သင့်ဘူး၊ ဒီဟာက ဒီလို လုပ်ရမှာဆိုပြီး လုပ်တဲ့အချိန်မှာ ထိပ်တိုက်တွေ့မှုတွေ ဖြစ်တော့တာပါပဲ။
ဘာကြောင့်ပါလဲ။

သူရဲ့ပြုမူ ပြောဆို တွေးခေါ် ကျင့်ကြံမှုတွေက သူ့မိသားစုနဲ့ နေထိုင်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကနေ ၃၀ ကြား အချိန်အတွင်းမှာ တဖြည်းဖြည်း ဖြစ်တည်လာတာတွေ ဖြစ်လို့ပဲ ဖြစ်ပါ တယ်။ တော်တော်ကို အရိုးစွဲနေပြီ ဖြစ်လို့ပါ။
ကိုယ်ကလည်း ကိုယ်အရိုးစွဲနေတာ တွေနဲ့ ချိန်ထိုးပြီး သူကိုပြော၊ သူကလည်း သူအရိုးစွဲနေတာတွေနဲ့ ချိန်ထိုးပြီး ကိုယ့်ကိုပြန်တုန့်ပြန်နဲ့ အဖြေလည်း မထွက်၊ လူမောစိတ်မောလည်း ဖြစ်ရလေ့ ရှိပါတယ်။
ဆိုတော့ ချစ်သူတွေ၊ ဇနီးမောင်နှံ တွေ ဒီလိုပဲ မတည့်အတူနေ တစ်သက် လုံး တကျက်ကျက် သွားတော့မှာလား။
ဟင့်အင်း။ အဲလို သွားလို့တော့ မဖြစ်ဘူး။

ဆိုတော့ ဘာလုပ်ရင် ကောင်းမလဲ။
အသင့်တော်ဆုံး ဖြစ်နိုင်ချေက တစ်ခုပဲ ရှိပါတယ်။
မတူတာတွေကို သေချာ ခွဲခြမ်း စိတ်ဖြာပြီး ဘယ်ဟာကတော့ဖြင့် မဖြစ် မနေ ပြောင်းလဲရမယ့်ဟာ ဘယ်ဟာက တော့ဖြင့် ကိုယ်လက်ခံရမယ့်ဟာ စသဖြင့် ရွေးထုတ်ပြီး ကိုယ်လက်ခံ သင့်တဲ့ဟာကို လက်ခံနိုင်အောင် ကြိုးစား ဖို့ပါ။
မဖြစ်မနေ ပြောင်းလဲရမယ့်ဟာ ဆိုတာ ဘာပါလဲ။

သေချာတာက သူမှာ အရိုးစွဲနေတဲ့ အပြုအမူ၊ အကျင့်စရိုက် စတာတွေ ကြောင့် အများသူငါ ထိခိုက်နစ်နာမှု ကြီးကြီးမားမား ဖြစ်နိုင်တာမျိုးပါ။ ကြီးကြီးကျယ်ကျယ် ပြောရရင်တော့ လောကကို ဆိုးကျိုး သက်ရောက်စေမယ့် အရာမျိုးကိုပါ။ အဲဒါတွေကိုကတော့ ပြောင်းလဲဖြစ်အောင် တွန်းအားပေးရမှာ ပါ။ ဒါမှလည်း နှစ်ရာမရောက် ချစ်ရာ ရောက်မှာကိုး။
ကျန်တဲ့ ကိုယ့်အတ္တနဲ့ ယှဉ်ပြီး ပြောင်းလဲစေချင်နေတဲ့ သေးသေး မွှားမွှားလေးတွေကိုရော ဘယ်လို လုပ်ရမှာလဲ။
လူတိုင်းဟာ ဘယ်သူမဆိုပဲ အကောင်းဆုံးတွေကိုပဲ မျှော်လင့်ကြ မှာပါ။
ကိုယ်ချစ်တဲ့ သူတွေဆီကမှာလည်း အကောင်းဆုံးတွေ ရှိနေတာကိုပဲ မြင် ချင်၊ တွေ့ချင်၊ ကြားချင်လေ့ ရှိပါတယ်။
ဒါပေမယ့် တကယ့်လက်တွေ့မှာ ကိုယ်မြင်ချင် တွေ့ချင် ကြားချင်တဲ့ အကောင်းဆုံးတွေက အပြည့်အစုံ မရှိနေ တတ်ပါ။ တနည်းအားဖြင့် ပြည့်စုံလာ အောင် လုပ်လို့ မရတတ်ပါ။

ဆိုတော့ ခုနကပြောတဲ့ ကိုယ့် အတ္တနဲ့ ယှဉ်တဲ့ သေးသေးမွှားမွှားလေးတွေ၊ ကဗျာ ဆန်ဆန်တင်စားပြောရရင်တော့ အနာရွတ်လေးတွေပေါ့၊ အဲဒါတွေကို တော့ ချစ်တဲ့စိတ်နဲ့ ခံယူတတ်အောင် ကြိုးစားရမှာပါ။
ချစ်တတ်အောင် ကြိုးစားဖို့ လိုပါ တယ်။ ဒါကိုပဲ နားလည်မှု၊ နားလည် ပေးမှုလို ဆိုရမယ် ထင်ပါတယ်။
ချစ်တာနဲ့ ချစ်တတ်တာ အပုံကြီး ကွာတယ်လို့ ဆိုကြသလိုပါပဲ။
ချစ်သူရဲ့ အကောင်းဆုံးတွေကို ချစ်တတ်တာနဲ့ အနာရွတ်လေးတွေကို ချစ်တတ်တာ အပုံကြီး ကွာပါတယ်။
အခုနောက်ပိုင်း ရင်းနှီးရသူတွေ နဲ့ စကားပြောရင်း ချစ်ရတဲ့သူတွေ အကြောင်းရောက်တဲ့အခါ ခဏခဏ မေးဖြစ်ပါတယ်။
“အနာရွတ်လေးတွေကို ချစ်တတ်ပြီ လား” လိုလေ။
မိတ်ဆွေရော . . .။