ရေစိုသွားသော ကျောင်းစိမ်းကလေးများ

“ဂျိမ်း… ဂျိမ်း ..ဒလိန်း…ဂျုန်း .. ဂျိမ်း… ဂျိမ်း”
မိုးခြိမ်းသံတို့ ဘဝဂ်ညံလျက်ရှိ သည်။
လေပြင်းတို့တိုက်ခတ်ပြီး မိုးသည် “တဝေါဝေါ” နှင့် ရွာချလေတော့သည်။ ညနေစောင်းဆိုလင့်ကစား ကောင်းကင် တစ်ခွင် ညိုမှောင်လျက်။ မိုးဦးဆိုပေသိ မိုးသီးမိုးပေါက်တို့သည် ဝါဆိုဝါခေါင် အလား သည်းကြီးမည်းကြီး။

ရေး-ထားဝယ်ကားလမ်းမဘေး တစ်နေရာ။ ရွာထိပ်စာသင်ကျောင်းက လေးရှေ့။
မောင်ထူးအောင်တစ်ယောက် လွယ် အိတ်ကလေးကို တင်းတင်းဖက်ပြီး ကား လမ်းမကြီးပေါ်ငေးနေတဲ့ ညီမလေးမိုး မစိုစေဖို့ ထီးမိုးပေးရင်းရပ်နေရဲ့။ သူတို့ ကျောင်းစိမ်းကလေးတွေ မိုးစိုလို့မဖြစ်။ မဟုတ်ရင် မနက်ဖြန်အတွက် ဝတ်စရာ မရှိဖြစ်သွားမှာ။ မနေ့က ကျောင်းဝတ်စုံ တွေ မိုးစိုလို့ လျှော်ပြီးလှမ်းထားရတာ ခုလို မိုးသည်းပုံနဲ့ ခြောက်ဦးမှာမဟုတ်။
ဖြတ်သွားဖြတ်လာမော်တော်ဆိုင်ကယ်တစ်စီးတလေတွေ့ပေမယ့် သူတို့ မောင်နှမပြန်မယ့်ရွာနဲ့လားရာ မတူတော့ တားမစီးဖြစ်။ ခါတိုင်း ဒီအချိန်ရောက်လာ နေကျ ကုန်တင်ကားကြီးတွေက ဒီနေ့မှ ဘာလို့များ နောက်ကျနေပါလိမ့်။ မောင်ထူးအောင် တွေးနေတုန်း မိုးက လည်း ပိုပိုသည်းလို့လာပြန်ပါရဲ့။

တကယ်တော့ ခုလိုညနေ ကျောင်း ဆင်းချိန် မော်တော်ဆိုင်ကယ်၊ ကား စသည် အဆင်ပြေရာ တစ်စီးစီးတားစီးပြီး ရွာကို လမ်းကြုံပြန်လိုက်ကြတာက မောင်ထူးအောင်တို Yမောင်နှမတွေသာ မဟုတ်။ မောင်ထူးအောင်တို့ရွာလို ရွာမှာ စတုတ္ထတန်းအထိသာရှိတဲ့ ရေး-ထားဝယ် ကားလမ်းတစ်လျှောက်မှာရှိတဲ့ ရွာ အတော်များများက ကလေးတွေက ၈ တန်းအထိရှိတဲ့ ရွာကြီးမှာ ကျောင်းလာ တက်ကြရတာပါ။

မော်တော်ဆိုင်ကယ်ရှိတဲ့ အိမ်က ကလေးတွေကတော့ သူတို့မိဘတွေ မနက်စောစော ကျောင်းကိုလာပို့ကြတာ မျိုးတွေတော့ ရှိပါရဲ့။ မောင်ထူးအောင် တို့လိုအိမ်မှာ ဘာစီးတော်ယာဉ်မှ မရှိတဲ့ ကလေးတွေကျတော့ မနက်စောစောက တည်းက ကြုံရာယာဉ်တစ်စီးစီးနဲ့ ကျောင်းကို လမ်းကြုံလိုက်စီးရတာပ။
ညီမလေးက ဒီနှစ် ၅ တန်းတက်မှာ ဆိုတော့ မနှစ်တုန်းကလို မောင်ထူးအောင် တစ်ကိုယ်တည်း ကျောင်းသွားလို့ မဖြစ် တော့။ ကျောင်းသွားကျောင်းပြန် ညီမ လေးနဲ့အတူတူဖြစ်ဖို့ လိုလာတယ်။ ပြီးခဲ့ တဲ့နှစ်က ၆ တန်းဆိုတော့ ခုလိုမိုးသည်း လည်း လမ်းကြုံမရှိရင် မောင်ထူးအောင် တို့ ယောက်ျm;လေးသူငယ်ချင်းတွေစုပြီး ၆ မိုင်လောက်ဝေးတဲ့ရွာကို လမ်းလျှောက် ပြန်ရင် ပြန်ကြလေရဲ့။ ခုတော့ မောင်ထူး အောင်မှာ ညီမလေးကို စောင့်ခေါ်ရဖို့ တာဝန်က ပိုလာပြီ။

မနက်မနက်ဆို မောင်ထူးအောင်တို့ မောင်နှမ ၄ နာရီခွဲလောက် အမေနဲ့ အတူ တူ အိပ်ရာထကြတယ်။
မောင်နှမနှစ်ယောက် အမေနဲ့အတူ တူ ထမင်းကူချက်။ ကျောင်းလွယ်အိတ်ပြင် ထမင်းဗူးကိုယ်စီဆွဲပြီး လမ်းကြုံကား တစ်စီးစီးတားစီးဖို့ မောင်ထူးအောင်တို့ ကားလမ်းမဘေးရောက်ချိန်ဆို မနက် ၅ နာရီခွဲစွန်းစွန်း။ ထားဝယ်ဘက်ကနေ ကားလမ်းတစ်လျှောက် ရွာတွေမှာ ဈေး ပတ်ရောင်းဖို့ မနက်စောစောထွက်လာတဲ့ ဈေးကားတစ်စီးစီး၊ တစ်ခါတစ်လေ အဝေးပြေးခရီးသည်တင်ယာဉ်တစ်စီးစီး ဒါမှမ ဟုတ် ကုန်တင်ကားတစ်စီးစီး ကတော့ မောင်ထူးအောင်တို့လို အဝေး ရွာတွေမှာ ကျောင်းတက်သွားမယ့် ကလေးတွေကို တင်ခေါ်သွားစမြဲ။ အဲ မနက် ၆ နာရီကျော်မှ လမ်းပေါ် ရောက်ရင်တော့ ဘယ်ယာဉ်မှ မီတော့မှာ မဟုတ်လို့ အဲဒီနေ့အတွက် ကျောင်းပျက် ဖို့သာ မှန်းထားတော့။ ဒါကပဲ မောင်ထူး အောင်တို့ကို မနက် ကြက်တွန်ချိန် အိပ်ရာ ထရဖို့အကြောင်း ဖန်လာတာပါပဲ။

မနက်ဆို ရွကစုဌားထားတဲ့ ကား လေးတစ်စီးပေါ် တက်ထိုင်ပြီး ကျောင်း ကို စိတ်အေးလက် အေးငေးပြီးရောက် သွား၊ ညနေတွေကို ကျောင်းရှေ့မှာ လာပြန်ကြို။ အဲဒီလိုသာဆို လင်းကြက် တွန်ချိန် အိပ်ရာထဖို့ မလိုတော့သလို ခုလို မိုး သည်းသည်းမှာ ဘယ်အချိန်ရောက်လာ မယ်မှန်းမသိတဲ့ ယာဉ်တစ်စီးစီးကို စောင့် စီးဖို့လည်း မလိုတော့။ ဒါက မောင်ထူး အောင် စိတ်ကူးထဲက ကျောင်းသွား ကျောင်းပြန် အကြိုအပို့အစီအစဉ်။ လက်တွေ့မှာတော့ မောင်ထူးအောင်တို့လို ရွာကလေးမှာ အဲဒီလိုမျိုးစီစဉ်ပေးဖို့ ဘယ်သူမျှစိတ်ကူးမရှိ။ စိတ်ကူးရှိရင် တောင် လက်လုပ်လက်စား နေ့စား အလုပ်သမားတွေသာ အများစုဖြစ်တဲ့ သူတို့ရွာကလူတွေ လုပ်နိုင်ဖို့လွယ်ပါ့ မလား။

ခုတောင် အဖေအမေတွေက လော ကမှာ စာတတ်မှ လူရာဝင်မယ်ဆိုပြီး အတင်း ကျောင်းတက်ခိုင်းလို့သာ မောင်ထူးအောင် တက်နေရတာ။ မဟုတ် ရင် ၄ တန်းအောင်ကတည်းက ကျောင်း ထွက်ပြီး တောတက်လိုက်နေကြတဲ့ သူငယ်ချင်းတွေနဲ့ ရော်ဘာခြံတွေထဲမှာ ပျော်ပျော်ပါးပါး အလုပ်လုပ်နေလောက် ပြီ။ တစ်ခါတစ်လေတော့ မောင်ထူးအောင် အဲဒီလိုလုပ်ချင်မိပါရဲ့။ ၁၃ နှစ်သားသူ့ အဖို့ တစ်ရက်လုပ်ခ ၃၀၀၀ ရတဲ့ သူငယ် ချင်းတွေကိုလည်း တစ်ခါတစ်လေ အားကျမိပါရဲ့။ ဒီနှစ် ၅ တန်းတက်မယ့် ညီမလေး အဖော်ရအောင်ရယ် မဖြစ် မနေကျောင်း ဆက်တက်ရမယ်ဆိုတဲ့ အဖေအမေတွေရဲ့ဆန္ဒကို မလွန်ဆန် နိုင်တာရယ်လို့သာ မောင်ထူးအောင် ကျောင်းစိမ်းကလေး ဆက်ဝတ်နေရတာ။

တလောလေးဆီက ရန်ကုန်မြို့မှာ ကျောင်းကြို^ပို့ယာဉ်တွေနဲ့ပတ်သက်ပြီး စီစဉ်ပေးသူတွေနဲ့ ကျောင်းသားမိဘတွေ အကြား အဆင်မပြေမှုတွေ ဖြစ်နေကြတဲ့ သတင်းကို ဆရာမတွေဆီကနေ မောင်ထူးအောင် ကြားမိပါရဲ့။ မြို့ကြီး တွေမှာ ရပ်ကွက်ထဲကနေ ကျောင်းကို ကလေး တွေရောက်ဖို့ အစိုးရက ကားတွေ စီစဉ်ပေးတယ်ဆိုတာက မောင်ထူးအောင် အတွက် ထူးဆန်းလွန်းနေတယ်။ အဲဒီ ကျောင်းသားတွေက မြန်မာနိုင်ငံထဲကပဲ လေ။ သူတို့အတွက် အစိုးရက အဲဒီလို အစီအစဉ်တွေ လုပ်ပေးရင် မောင်ထူး အောင်တို့လို တောကျောင်းက ကလေး တွေကိုလည်း တစ်ခုခုစီစဉ်ပေးဖို့ ကောင်း တာပေါ့။ ဒါက ဘယ်လောက် လက်တွေ့ ကျမကျ ဖြစ်နိုင်မဖြစ်နိုင်ဆိုတာ ၇ တန်း ကျောင်းသား မောင်ထူးအောင် မတွေး တတ်။ မောင်ထူးအောင်သိတာက ကျောင်းသားချင်းအတူတူ မောင်ထူး အောင်တို့အတွက်လည်း တခုခုစီစဉ်ပေး စေချင်တာ။ အမေ့လိုပေါ့။ မနက်ကျောင်း သွားတိုင်း ထမင်းဗူးထည့်ပေးရင် မောင်ထူးအောင်အတွက် ဘဲဥဟင်းတစ် လုံးဆို ညီမလေးအတွက်လည်း ဘဲဥဟင်း တစ်လုံးပါ။ မောင်ထူးအောင်က အကြီးမို့ ပိုရတယ်မရှိ။
မောင်ထူးအောင်တို့အိမ်မှာ တီဗွီမရှိ တော့ ကျောင်းရောက်လို့ အားလပ်ချိန် တွေမှာ ဖေ့စ်ဘွတ်ကလို့ပြောတဲ့ သတင်း တွေကို ဆရာမတွေအချင်းချင်း ပြောကြ ရယ်ကြတာကို ဘေးနားကပ်ပြီး နား ထောင်ရတာကိုက မောင်ထူးအောင်အ တွက် အထူးအဆန်းတွေ။ ဖေ့စ်ဘွတ်ဆို တာ ဘာမှန်းမသိတဲ့ မောင်ထူးအောင်လို တောရွာကလေးက ၇ တန်းကျောင်းသား အတွက် သူ့ဆရာမတွေက သူ့အတွက် နေ့စဉ်သတင်းစာလိုပါပဲ။ ကျောင်းစာ ကြည့်တိုက်မှာ စာတွေဖတ်ရတာလည်း မောင်ထူးအောင်ပျော်ပါရဲ့။ ဒါပေမယ့် စာအုပ်တွေကို မောင်ထူးအောင်အိမ်မငှား ရဲ။ မနေ့က စိုသွားတဲ့ ကျောင်းစိမ်းတွေလို မောင်ထူးအောင်ငှားသွားတဲ့ စာအုပ်တွေ များ ရေစိုသွားမလား စိုးတယ်လေ။

ညနေပင်အတော်စောင်းလုပြီ။ မိုး က သည်းနေဆဲ။ မောင်ထူးအောင် ထီးမိုး ပေးထားရင်းတန်းလန်းကနေ ညီမလေးရဲ့ ကျောင်းစိမ်းကလေး မိုးရေတွဲ စိုစိုရွဲနေပြီ။ လွယ်အိတ်ကလေးကိုတော့ ကျစ်ကျစ်ပါ အောင် ဖက်ထားဆဲ။ ညီမလေးစာအုပ်တွေ ရေစိုသွားမှာ စိုးနေထင်ပါရဲ့။ ဖေဖေက တော့ သူအလုပ်လုပ်တဲ့ ရော်ဘာခြံကနေ နောက်လ လခထုတ်ရင် ကျောပိုးအိတ်က လေးတစ်လုံးစီဝယ်ပေးမယ်လို့ ကတိပေး ထားပါရဲ့။ နွေလို အလုပ်တွေ သိပ်မပေါ တော့လည်း မိုးတွင်းဆို မောင်ထူးအောင် တို့ သားအမိသားအဖ ၄ ယောက်စာကို ခြစ်ကုတ်စားရတာပါပဲ။ ခုလို မိုးတွင်း ဘက် အလုပ်တွေပါးချိန်ဆို ခြံပိုင်ရှင်ထံ မှာ အမေက ပိုက်ဆံတွေ ကြိုယူသုံးနေကျ။ နွေဘက်ကျ ပြန်လုပ်ဆပ်ပေါ့။ အတိုးမယူ တဲ့ ခြံရှင်ဦးလေးကြီးကိုပဲ ကျေးဇူးတင်ရ သေးတယ်။မောင်ထူးအောင်လက်မှာပတ် ထားတဲ့ ကြိုးအမည်းလေးနဲ့ လေးထောင့် ဃasငသ နာရီလေးကို ထောင်ကြည့်မိတော့ ညနေ ၅ နာရီပင်ခွဲတော့မယ်။ ၅ တန်း တုန်းက ဒုတိယဆုရလို့ ပညာရေးစုံညီပွဲ တော်မှာရထားတဲ့ ဒီနာရီလေးက သူ့ဘ ၀အတွက် အမှတ်တရအဖြစ်ဆုံး တစ်ခု တည်းသော အဆင်တန်ဆာကလေး။
ဟော …ခပ်လှမ်းလှမ်းမှာ လူလတ် ပိုင်းအရွယ်တစ်ဦး တစ်ယောက်တည်း မောင်းလာတဲ့ ဆိုင်ကယ်တစ်စီး ရှေ့မီး ကြီးထွန်းပြီး လာနေတာ။ မိုးတွေသည်း လို့ထင်ပါရဲ့။ သူဦးတည်ရာက မောင်ထူး အောင်တို့ရွာဘက်လမ်း။

ညီမလေးကို ထီးပေးလိုက်ပြီး မောင်ထူးအောင် လမ်းမ ပေါ်တက်လိုက်တယ်။ မိုးစက်တွေ မောင်ထူးအောင် တကိုယ်လုံးရွဲရွဲစိုပေါ့။ သူလှမ်းတားတော့ ဆိုင်ကယ်က ငြင်ငြင် သာသာပဲ လမ်းဘေးချရပ်ပေးတယ်။ ထားဝယ်ကိုသွားမယ်အစ်ကိုဆိုတဲ့ ဆိုင်ကယ် ပေါ်က လူလတ်ပိုင်းက သူတို့မောင်နှမ ကို လွယ်လွယ်ကူကူ လမ်းကြုံလိုက် ခွင့်ပြုလို့ တော်ပါသေးရဲ့။ ထီးကိုပိတ် လွယ်အိတ်တွေကို ရှေ့မှာ ကျစ်ကျစ်ပါ အောင်ပိုက်ပြီး အဲဒီနေ့ညနေက သူတို့ မောင်နှမအိမ်ပြန်ရောက်တော့ မှောင်စ ပြုပြီ။ သူတို့ကျောင်းစိမ်းကလေးတွေက တော့ မိုးရေတွေရွှဲရွှဲကိုစိုလို့။ စာအုပ်တွေ ရောပေါ့။

ဒီတစ်ပတ်ကျောင်းတွေပြန်ဖွင့်တော့ ထုံးစံအတိုင်း မောင်ထူးအောင် ဆရာမ တွေနားကပ်။ ဖေ့စ်ဘွတ်ဆိုတာကနေ ဘာသတင်းတွေထူးသလဲ စနည်းနာရပြန် တာပေါ့။ သူအကြားရဆုံးက ထိုင်းက ဂူတစ်ခုထဲမှာ ပိတ်မိနေတဲ့ ကလေးတွေရဲ့ အကြောင်း။ ဆရာမတစ်ယောက်ပြောနေ တာကို မောင်ထူးအောင် အာရုံစိုက်နား ထောင်မိတယ်။ သူတို့ကို ဂူထဲဝင်ကယ်တဲ့ ရေငုပ်သမားတွေကိုတွေ့တော့ ကလေး တွေမေးတဲ့ မေးခွန်းတွေအကြောင်း။ အဲဒီ ထဲက မောင်ထူးအောင် ထူးထူးခြားခြား သတိထားမိတဲ့ စကားစုလေးတစ်ခုရှိပါရဲ့။ ဘာတဲ့ “ဖီးထစ် ငါတို့အိတ်တွေအပြင် မှာ တွေ့ခဲ့လားလို့ မေးကြည့်ပါဦး”တဲ့။

ထိုင်းကလေးတွေမေးတဲ့ အဲဒီမေး ခွန်းလေးကြားမိတော့ မောင်ထူးအောင် စိတ်ထဲ မိုးရေစိုသွားတဲ့ သူတို့မောင်နှမရဲ့ ကျောင်းစိမ်းကလေးတွေအကြောင်း စိတ် ရောက်သွားမိတယ်။ ဘာရယ်မဟုတ် … ရေစိုသွားတဲ့ လွယ်အိတ်ထဲက စာအုပ်က လေးတွေအကြောင်းပေါ့။

ဝန်ခံချက် ။ ။ ရေး-ထားဝယ်ကား လမ်းမပေါ်တွင် လမ်းကြုံတင်ခေါ်ခဲ့ဖူး သော ကလေးနှစ်ယောက်အကြောင်း ခံစားရေးဖွဲ့သည်။ မောင်ထူးအောင်သည် စာရေးသူစိတ်ကူးသက်သက်ဖြင့် ပေး သော အမည်သာ ဖြစ်ပါသည်။

Related Posts