ထားဝယ်တက္ကသိုလ် သိမ်းဆည်းမြေ လျော်ကြေးစပေး

0
385

ထားဝယ်တက္ကသိုလ် တည်ဆောက် ရေး စီမံကိန်းအတွက် သိမ်းယူထားသော ဥယျာဉ်ခြံမြေများအတွက် မြေနှင့်သီးနှံ လျော်ကြေးများကို ခြံပိုင်ရှင် ၁၂ ဦးအား စတင် ပေးအပ်သွားမည်ဟု လောင်းလုံး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူက ပြောကြားသည်။

နစ်နာကြေးနှင့် လျော်ကြေး အကျိုး ခံစားခွင့်ရှိသော တောင်သူ ၇၉ ဦးစာရင်း ကို ပြုစုပြီး ကန့်ကွက်နိုင်ကြောင်း လွန်ခဲ့ သည့် ဩဂုတ်လက ကြေညာပြီးနောက် ကနဦးအနေနှင့် ကန့်ကွက်မရှိသည့် မူလ မြေပိုင်ရှင်များကို ပေးအပ်ခြင်းဖြစ်ကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူက ပြောသည်။
“ဘာပြဿနာမှ မရှိဘဲနဲ့ မူလ ပြေစာမှာ အမည်ပေါက်တဲ့လူတွေကိုယ် တိုင်ပေါ့၊ အဲဒီလို ပေးလို့ရတဲ့ လူတွေရဲ့ စာရင်းကို ထုတ်ပြီးတော့မှ ပဏာမအနေ နဲ့ ပေးအပ်မှာပါ” ဟု ဦးကျော်သူက ဆိုသည်။

လျော်ကြေးငွေကို ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် စတင်ပေးအပ်မည်ဟု ဆိုသည်။
လျော်ကြေးပေးအပ်ရာတွင် တိုင်း အစိုးရအဖွဲ့မှ သတ်မှတ်ပေးထားသော နှုန်းထားအတိုင်း ဥယျာဉ်ခြံ တစ်ဧက လျှင် ကျပ်သိန်း ၂၀ ၊ လယ်မြေ တစ် ဧကလျှင် ကျပ် ၁၀ သိန်းနှင့် သီးနှံပင် အမျိုးအစားနှင့် သိမ်းယူစဉ်က အပင် အရွယ်အစားအပေါ် လိုက်၍ သီးနှံ လျော်ကြေးများ ပေးအပ်သွားမည်ဖြစ် ကြောင်း ဦးကျော်သူက ပြောသည်။

သိမ်းဆည်းမြေ စုစုပေါင်း ၃၄၅ ဒသမ ၅၂ ဧက အတွက် ကျပ်သိန်း ကိုးထောင်ကျော်(၉၈၂၅၈၉၀၀၀ သိန်း) ပေးလျော်မည်ဖြစ်ပြီး ၂၀၁၆ ခုနှစ်၊ ၂၀၁၅ ခုနှစ်ပေါက်ဈေးအတိုင်း တိုင်း အစိုးရအဖွဲ့မှ သတ်မှတ်ပေးထားသည့် လျော်ကြေးဖြစ်သည်။
ယင်းနေရာ အားလုံးနီးပါးသည် ရော်ဘာခြံများဖြစ်ပြီး ယခု လျော်ကြေး ပေးမည့် သီးနှံပင်စာရင်းမှာ အပင်အရေ အတွက်များ နည်းပါးလွန်းနေသည်ကို သေချာစိစစ်စေလိုကြောင်း ခြံပိုင်ရှင် တစ်ဦးက ပြောသည်။

“သိမ်းလိုက်ပြီဆိုတော့ စီမံကိန်း မစခင် လူတွေက ရော်ဘာပင်တွေကို ထင်းလုပ်ဖို့ ဝင်ခုတ်ကြတာ၊ ဒီတော့ အပင်အရေအတွက် လျော့ကုန်တာပေါ့၊ ရော်ဘာ တစ်ဧက ဘယ်နှပင်လောက် ရှိတယ်ဆိုတာ လူတိုင်းသိပါတယ်” ဟု ယင်းခြံရှင်က ပြောသည်။
လောင်းလုံးမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ကြေညာထား သည့် လျော်ကြေးပေးမည့်စာရင်းအား အသိမ်းခံထားရသူ ဒေသခံ ၂၇ ဦးက ကန့်ကွက်ထားသည်။

တက္ကသိုလ်မြေအဖြစ် သိမ်းဆည်း မြေ စုစုပေါင်း ၃၄၅ ဒသမ ၅၂ ဧကဟု မူလက ပါဝင်ခဲ့သော်လည်း ဒေသခံများ အကြိမ်ကြိမ် ကန့်ကွက်နေ သည့်ကြားမှ ၇၅ ဒသမ ၆၇ ဧကကို ဒုတိယအကြိမ် ထပ်မံတိုးချဲ့ သိမ်းဆည်း ခဲ့သည်။
ထိုသို့ တိုးချဲ့အသိမ်းခံရသော နစ်နာ သူများက ကန့်ကွက်ကြခြင်း ဖြစ်သည်။