ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေး ထိုးသင့်သလား

0
881

ဂျပန်ဦးနှောက်ရောင်ရောဂါ ကာ ကွယ်ဆေး အစုလိုက်ထိုးနှံရေး စီမံချက် ကို မြန်မာ တစ်နိုင်ငံလုံး ဝှဲချီးကျင်းပလို့ ကာကွယ်ဆေးထိုးဖို့ လှုံ့ဆော်သံတွေ ညံ နေချိန်မှာ တနင်္သာရီတိုင်းသား ဒေသခံ အချို့ရဲ့ ကာကွယ်ဆေးထိုး လုပ်ငန်း အပေါ် သံသယ ဖြစ်ကြတာကို လူမှု မီဒီယာပေါ်တင်ကြရင်း အဲသည်က တစ်ဆင့် ကလေး မိဘတွေရဲ့ အဲသည် ဆေး ထိုးသင့် မထိုးသင့် အမေးသံတွေ ညံလာ ပါတယ်။
ဘာကြောင့် ဆေးထိုးပေးကြသလဲ။ ဘယ်အချိန်မှာ ဘာအတွက် ဆေးထိုးကြ မလဲ၊ ဘာတွေ ဖြစ်လာနိုင်သလဲ၊ ကာ ကွယ် ဆေးထိုးသင့်သလား၊ မထိုးရင်ရော ဘာဖြစ်နိုင်လဲ စသဖြင့် အမေးတွေ ရှိလာပါတယ်။

ဘယ်အချိန်မှာ ဘယ်သူတွေကို ဘာအတွက်ရည်ရွယ်ပြီး ထိုးပေးကြမလဲ
၂၀၁၇ နိုဝင်ဘာနဲ့ ဒီဇင်ဘာလတွေ မှာ နိုင်ငံတစ်ဝန်းလုံးက အသက် ၉လက နေ ၁၅နှစ်အတွင်းရှိတဲ့ ဆေးထိုးနှံဖို့ လျာထားတဲ့ ကလေးသူငယ်ဦးရေ စုစု ပေါင်း ၁၄သန်းခန့်ကို ဂျပန်ဦးနှောက် ရောင် ကာကွယ်ဆေး အစုလိုက် ထိုးနှံ ပေးသွားမယ်လို့ ဆိုပါတယ်။
ရည်ရွယ်ချက်က ဘာလဲဆိုတော့
၁။ လာမယ့် ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်မှာ ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေး မထိုးရသေးမီ (ဆေးမထိုး ရသေးလို့) ရောဂါကာကွယ်နိုင်မှု မရှိ သေးတဲ့ အသက်အုပ်စု ၉ လမှ ၁၅နှစ် အရွယ်အတွင်း ကလေးတွေကို ယခု စီမံချက်မှာ ကာကွယ်ဆေးထိုးနှံပေးလို့ ယခင်မွေးဖွားခဲ့ကြတဲ့ ကလေးများရဲ့ ရောဂါကာကွယ်နိုင်မှု စွမ်းအားကောင်း မွန်စေဖို့၊
၂။ အဆိုပါအုပ်စုအတွင်းက ကလေးသူငယ်များနဲ့ ပုံမှန်ကာကွယ် ဆေးအစီအစဉ်နဲ့ ရရှိမယ့် အသက် ၉လ အရွယ်ကလေးသူငယ်တွေဟာ လူထု အတွင်း ရောဂါခုခံနိုင်မှုစွမ်းအား အမြင့် ဆုံး ရရှိနေစေတာကြောင့် ရေရှည်မှာ ဂျပန် ဦးနှောက်ရောင်ရောဂါ ဖြစ်ပွားမှုနဲ့ သေဆုံးမှု လျော့နည်းစေဖို့ ရည်ရွယ်ပါ တယ်။

ဘယ်လို ထိုးမလဲဆိုတော့ ကျောင်း နေ ကလေးများအတွက် ကျောင်းအခြေပြု၊ ကျောင်းနေတဲ့ ကလေးတွေကို ကျောင်းအ ခြေပြု၊ ကျောင်းမနေတဲ့ ကလေးများကို ပြည်သူလူထု အခြေပြု အစီအစဉ်နဲ့ ထိုးနှံထားတာ ဖြစ်ပါတယ်။
၂၀၁၇ နိုဝင်ဘာလအတွင်း ဆောင် ရွက်ထိုးနှံသွားမယ်လို့ ဆိုပါတယ်။

ယခင် ဂျပန်ဦးနှောက်ရောင် ကာ ကွယ်ဆေး ထိုးနှံဖူးသည်ဖြစ်စေ မထိုးနှံ ဖူးသည်ဖြစ်စေ ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၄ရက်ကနေ ၂၀၁၇ ခုနှစ် မတ်လ ၁၀ ရက်အတွင်း မွေးဖွားတဲ့ ကလေးအားလုံး၊ တစ်နည်းအားဖြင့် အသက် ၉လမှ ၁၅ နှစ်အတွင်း ကလေးအားလုံးကို ကာကွယ် ဆေးထိုးနှံပါမယ်။

ဘာကြောင့် ဂျပန်ဦးနှောက်ရောင် ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရသလဲ
(က) ဂျပန်ဦးနှောက်ရောင် သမိုင်း ကြောင်းနှင့် မြန်မာနိုင်ငံအနေအထား
ဂျပန်ဦးနှောက်ရောင်ရောဂါဟာ အာရှနိုင်ငံတွေမှာ ဖြစ်ပွားတဲ့ ဗိုင်းရပ် ကြောင့်ဖြစ်ရတဲ့ ဦးနှောက်ရောင် ရောဂါ များရဲ့ အဓိကအကြောင်းရင်း တစ်ရပ် ဖြစ်ပြီး ဝက်၊ ကျွဲ၊ နွား၊ ငှက်စသော တိရစ္ဆာန်များမှတစ်ဆင့် ဂျပန်ဦးနှောက် ရောင်ရောဂါ ဗိုင်းရပ်ပိုးသယ်ဆောင် သော Culex အမျိုးအစား ခြင်ကိုက်ခံရ တာကြောင့် လူသို့ ကူးစက်တဲ့ ရောဂါ တစ်မျိုး ဖြစ်ပါတယ်။

အရှေ့နှင့် အရှေ့တောင်အာရှ ဒေသ နိုင်ငံများရှိ ကျေးလက်နှင့် စိုက်ပျိုး မွေးမြူရေးနေရာများတွင် နေထိုင် သောသူများသည် ရောဂါပိုးစက်နိုင်မှု အန္တရာယ်ပိုပါတယ်။ အသက် အားဖြင့် ၉လမှ အသက်၁၅နှစ်အောက် ကလေး တွေဟာ လူကြီးများထက် ဂျပန်ဦးနှောက် ရောင်ရောဂါရရှိရန် အန္တရာယ် ပိုမြင့်မား ပါသတဲ့။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ခန့်မှန်း ချက်အရ ဂျပန်ဦးနှောက်ရောင်ရောဂါ ဖြစ်ပွားလေ့ရှိတဲ့ အရှေ့တောင်အာရှနဲ့ အနောက်ပစိဖိတ်ဒေသများရှိ နိုင်ငံ ၂၄ နိုင်ငံက ရောဂါဖြစ်ပွားမှုနှုန်းဟာ လူတစ်သိန်းမှာ ၂ဦးခန့်ဖြစ်ပြီး နှစ်စဉ် ပုံမှန်ရောဂါဖြစ်ပွားသူ ၆၈၀၀၀ ခန့်နှင့် သေဆုံးသူဦးရေ ၁၃၆၀၀ မှ ၂၀၄၀၀ ခန့် ရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် လူဦးရေ သန်းပေါင်း ၃၀၀၀ခန့်သည် ဂျပန်ဦးနှောက်ရောင် ရောဂါ ဖြစ်ပွားမှု အန္တရာယ် မြင့်မားလျက် ရှိပါတယ်။

အရှေ့တောင်အာရှနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံဟာလည်း ရောဂါ အန္တရာယ် ရှိတဲ့ နိုင်ငံဖြစ်ပါတယ်။
(ခ) ဂျပန်ဦးနှောက်ရောင် ရောဂါ နှင့် တနင်္သာရီတိုင်းဒေသကြီး
မြန်မာနိုင်ငံမှာလည်း ဂျပန် ဦးနှောက်ရောင်ရောဂါဟာ ကပ်အသွင် ဖြစ်ပွားတတ်သောရောဂါ ဖြစ်ပါတယ်။ ရောဂါရှိ လူနာတစ်ဦးတွေ့တာနဲ့ ကပ် အသွင်ဖြစ်ပွားပြီလို့ ဆိုနိုင်တယ်။ မှတ် မှတ်ရရ ၂၀၁၁-၂၀၁၂ အတွင်း တနင်္သာ ရီတိုင်းမှာ တိုင်းအနေနဲ့ ပထမဆုံး စံချိန်တင်ဆိုရလောက်အောင် ဖြစ်ပွား ခဲ့ပါတယ်။ အဲဒီနှစ်မှာပဲ ရခိုင်ဒေသမှာ အများဆုံး ဖြစ်ပွားခဲ့လို့ အဲဒီရောဂါကို အန္တရာယ်ရှိ စောင့်ကြည့်ရမယ့် ရောဂါ အဖြစ် ပြည်သူ့ကျန်းမာရေးရှုထောင့်အရ သတ်မှတ် သတိထား စောင့်ကြပ် ကြည့်ရှု ခဲ့ကြပါသတဲ့။

ထူးခြားတာက ၂၀၁၆ ခုနှစ်မှာ ပြည်နယ်နဲ့တိုင်း အားလုံးမှာ ဂျပန် ဦးနှောက်ရောင် ရောဂါတွေ့ရှိခဲ့ရပြီး ဧရာဝတီ၊ ပဲခူး၊ ကရင်၊ ရှမ်းမြောက်နဲ့ ရန်ကုန်တိုင်းဒေသကြီးတို့မှာ အများဆုံး တွေ့ရပါတယ်။ တနင်္သာရီတိုင်းဒေသ ကြီးမှာလည်း ၂၀၁၂ ခုနှစ်ကလို ပြန် ဖြစ်တဲ့ အခြေအနေ တွေ့ရပါတယ်။
ဆိုရရင် ဒီရောဂါဟာ တနင်္သာရီ တိုင်းမှာ တွေ့ရှိရသလို အန္တရာယ်လည်း ရှိနေပါတယ်။

(ဂ) အဖြစ်များသော အသက်အရွယ်
တိုင်းနှင့်ပြည်နယ်အားလုံး ကလေး လူကြီးမရွေး ဖြစ်ပွားပြီး လူကြီး လူငယ် မရွေး ဖြစ်နိုင်သော ရောဂါလည်း ဖြစ် ပါတယ်။ အသက်အုပ်စု ၅နှစ်မှ ၉နှစ် အကြား အများဆုံးဖြစ်ပွားကာ အသက် တစ်နှစ်မှ ၄နှစ်အကြား အသက်အုပ်စုမှာ ဒုတိယအများဆုံး တွေ့ရပါတယ်။

ဂျပန်ဦးနှောက်ရောင်ရောဂါဖြစ်လာ ရင် ဘာတွေ ဖြစ်တတ်သလဲ
ရောဂါပျိုးချိန် ၅ရက်မှ ၁၅ရက် ဖြစ်ပြီး ဂျပန်ဦးနှောက်ရောင်ရောဂါ ကူးစက်ခံရသူ အများစုမှာ ရောဂါ လက္ခဏာ မပြပါ။
ရှေးဦးလက္ခဏာများအနေနဲ့ ဖျား ခြင်း၊ တုန်ခြင်း၊ ချမ်းတုန်ခြင်း၊ ပျို့ အန်ခြင်းများကို တွေ့ရပြီး ပုံမှန်အားဖြင့် ၁ရက်မှ ၆ရက်အထိ ဖြစ်လေ့ရှိတယ်။ တစ်ခါတစ်ရံ ၁၄ရက်အထိ ကြာနိုင် ပါတယ်။
လတ်တလော ဦးနှောက်ရောင်တဲ့ အဆင့်သည် ရောဂါ စဖြစ်ချိန် ၃ရက်မှ ၅ရက်မြောက်နေ့ အတွင်း ဖြစ်လေ့ရှိပြီး လက္ခဏာများအနေဖြင့် ဆက်တိုက် ဖျား နေပြီး သတိနှင့် အသိစိတ် ပြောင်းလဲခြင်း များ ဖြစ်လာကာ စိတ်ဂဏှာမငြိမ်ဖြစ်ပြီး စိတ်ရှုပ်ထွေး မကြည်မလင်ဖြစ်လျက် ကယောင်ကတမ်းဖြစ်၊ ငိုက်မျည်းနေ တတ်ပြီး ပိုမိုဆိုးရွားလာပါက တက်ခြင်း၊ ဇက်ခိုင်ခြင်း၊ ကြွက်သားတောင့်တင်းခြင်း ခန္ဓာကိုယ်မှ အကြောများတုန့်ဆိုင်းကာ အရည်ဓာတ်ခန်းခြောက်ခြင်းတို့ ခံစား ရတတ်ပါတယ်။

နောက်ဆုံးအဆင့်မှာ ပြန်လည် ကောင်းမွန်လာနိုင်တာ သို့မဟုတ် ဦး နှောက်နှင့်အာရုံကြောများ အစဉ်ထိခိုက် ကျန်ရစ်တာ ဖြစ်နိုင်ပါသတဲ့။
ပြန်လည် ကောင်းမွန်လာသော် လည်း ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုခု ချို့ယွင်းမှုနှင့်စိတ်ပိုင်းဆိုင်ရာ ချို့ယွင်း မှုများ စွဲမြဲစွာ ကျန်ခဲ့လေ့ရှိပါတယ်။
ဘာကြောင့် အဲသည် အစုလိုက် ဆေးထိုးစီမံချက် ဖြစ်ပေါ်လာရသလဲ
ယင်းအခြေအနေများအရ ၂၀၁၆ ခုနှစ် ဇွန်လမှစတင်ပြီး လတ်တလော ဦးနှောက်ရောင် ရောဂါလက္ခဏာစုကို စောင့်ကြပ်စိစစ် သတင်းပို့စေခဲ့ပြီး စောင့် ကြပ်စိစစ်ခဲ့ကနေ မြန်မာနိုင်ငံတွင်း ပြည်နယ်နှင့်တိုင်းများ အားလုံးမှာ ကပ်အသွင် ဖြစ်ပွားမှုများအရ ဂျပန် ဦးနှောက် ရောင်ရောဂါသည် မြန်မာ နိုင်ငံအတွင်း ဦးစားပေး ပြည်သူ့ ကျန်းမာရေး ပြသနာတစ်ရပ်အဖြစ် အသိမှတ်ပြုခဲ့ရပါသတဲ့။

ဒီလို အနေအထားမှာ တစ်နိုင်ငံလုံး သတိထားရမည့် ပြည်သူ့ကျန်းမာရေးပြ သနာအဖြစ် အသိအမှတ်ပြုထားသော ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ် ဆေးထိုးနှံတာကို ပုံမှန်ကာကွယ်ဆေး ထိုးနှံတဲ့ အစီအစဉ်မှာ ထည့်သွင်းဆောင် ရွက်ရန် ၂၀၁၅ခုနှစ်မှာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက အကြံပြုတိုက်တွန်းခဲ့လို့ ဒီစီမံချက် အစပျိုးလာခဲ့ကြပါတယ်။
ဒီအတွက် GAVI(Global Alliance for vaccine immunization) အထောက်အပံ့ရလာခဲ့ပြီး အဲဒီအ ထောက်အပံ့နဲ့ ၂၀၁၇ အတွက် နိုင်ငံ တဝန်းလုံး ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေး အစုလိုက်ထိုးနှံခြင်း လုပ်ငန်းကို ဆောင်ရွက်တာ ဖြစ်ပါတယ်။

ဂျပန်ဦးနှောက်ရောင်ရောဂါ ကာ ကွယ်ဆေးထိုး စီမံချက်အတွက် ဘာတွေ ပြင်ဆင်ကြသလဲ
ဂျပန်ဦးနှောက်ရောင်ရောဂါ အစု လိုက် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း ၂၀၁၇ အတွက် အတော်စေ့စေ့စပ်စပ် ပြင်ဆင်ကြရပါတယ်။ နိုင်ငံတော်အဆင့်၊ တိုင်းနှင့်ပြည်နယ်အဆင့်၊ မြို့နယ်အဆင့် အသိပေးခြင်းများ၊ ပိုစတာများ လက် ကမ်းစာစောင်များဖြင့် ပြည်သူလူထုကို ကျယ်ကျယ်ပြန့်ပြန့် အသိပေးသကဲ့သို့ အနုစိတ်စီမံချက်များကိုလည်း စနစ် တကျ ကောက်ယူပြင်ဆင်ကြ ရပါတယ်။

ထိုးပေးမည့်ဆေးက စိတ်ချရ သလား၊ ဘယ်သူတွေ မထိုးသင့်ဘူးလဲ
ထိုးနှံပေးတဲ့ဆေးက WHO WHO pre-qualified vaccine ဖြစ်တဲ့ SA 14-14-2 အမျိုးအစားဖြစ်ပြီး ပိုးအရှင်ကနေ အားပျော့အောင်ပြုလုပ်ထားတဲ့ ကာကွယ် ဆေး အမျိုးအစား ဖြစ်တယ်။
ဒီဂျပန်ဦးနှောက်ရောင် ကာကွယ် ဆေးကို လွန်ခဲ့တဲ့ နှစ်ပေါင်း၂၀ကျော်က စတင်အသုံးပြုခဲ့ပြီးတော့ တရုတ်ပြည် နှင့်အခြား အာရှနိုင်ငံများမှ လူဦးရေ သန်းပေါင်း ၄၀၀ ကျော်ခန့်အထိ ထိုးနှံခဲ့တယ်လို့ သိရပါတယ်။ ဒီကာ ကွယ်ဆေးကို လက်ရှိသုံးစွဲနေတဲ့ နိုင်ငံတွေကတော့ နီပေါ၊ တောင် ကိုးရီး ယား၊ မြောက်ကိုးရီးယား၊ သီရိလင်္ကာ၊ အိန္ဒိယ၊ ထိုင်း၊ လာအို၊ ကမ္ဘော၊ မလေး ရှားနဲ့ ဗီယက်နမ်တို့ ဖြစ်ပါတယ်။

ကာကွယ်ဆေးရဲ့ ကာကွယ်နိုင် စွမ်းနဲ့ အာနိသင် ထိရောက်မှုမှာ လေ့ လာတွေ့ရှိချက်များအရ ၉၅ရာခိုင်နှုန်း နှင့်အထက် ထိရောက်မှု ရှိပါသတဲ့။
ဆေးမထိုးနှံမီ ကျန်းမာရေး စစ် ဆေးမှု screening ပြုလုပ်ရန်သာမက စနစ်တကျ လေ့ကျင့်သင်ကြားပေးပြီး သူများမှ ထိုးနှံပေးရန် ညွှန်ကြားထား တယ်။
ဒီကာကွယ်ဆေး လုံးဝ ထိုးနှံလို့ မရတဲ့ ကလေးတွေကတော့
၁) ယင်းဆေးနှင့် ဓာတ်မတည့်သူ၊ ၂) ကိုယ်ဝန်ဆောင်၊ ၃) ခုခံအား ကျနေ သူ လူနာ၊ ကိုယ်ခံအားကျနေသူလူနာ
၎) အတက်ရောဂါ မကြာခဏ ဖြစ်သူများ ၊ ၅) နာတာရှည်ရောဂါသည် များ။

ရက်ရွှေ့ဆိုင်းပြီး ကာကွယ်ဆေး ထိုးနှံရမည့်သူတွေကတော့
၁) အဖျား ၃၈.၅ ဒီကရီ စင်တီ ဂရိတ်နှင့်အထက် ရှိသူ၊ ၂) လတ်တလော ကူးစက်ရောဂါ ဖြစ်ပွားနေသောကလေး၊ ၃) လတ်တလော တီဘီရောဂါ ဖြစ်ပွား နေတဲ့ ကလေး၊ ၄) နားယောင်လူနာများ otitis media ၊ ၅) စတီးရိုက်ဆေး ရေ ရှည်သောက်နေရသော ကလေးများ ဖြစ်ပါတယ်။
သူတို့ကလွဲပြီး ရည်မှန်းကလေး များအားလုံး ကာကွယ်လွှမ်းခြုံဖို့ ရည်ရွယ်ပါတယ်။
ဂျပန်ဦးနှောက်ရောင်ရောဂါ ကာ ကွယ်ဆေး ဘာကြောင့်ထိုးနှံရင် ဘာတွေ ဖြစ်လာနိုင်ပါသလဲ။
ဆိုခဲ့သည့်အတိုင်း ကာကွယ်ဆေး တိုင်းလိုပင် နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာအချို့ ရှိနိုင်ပါတယ်။

ဘာကြောင့်လဲဆိုတော့ ကာကွယ် ဆေးမည်သည် လူ၏ ခန္ဓာကိုယ်အတွင်း သို့ လှုံ့ဆော်ပဋိပစ္စည်းတစ်ခုခု ထိုးနှံ လျက် လူ့ခန္ဓာမှ ကိုယ်ခံစွမ်းအားကို နှိုးဆွခြင်းဖြစ်သည့် အားလျော်စွာ အနိမ့် ဆုံး ယင်းကိုယ်ခံပစ္စည်းထွက်ချိန်မှာ ယောင်ယောင် အဖျားတက်တာမျိုး ဖြစ်နိုင်ပါတယ်။
ဒါ့အပြင် ကာကွယ်ဆေး အအေး လမ်းကြောင်း ထိန်းညှိရတဲ့ ပြဿနာ၊ ဖျော်စပ်ဆေးရည်ပြဿနာများ၊ ကလေး ရုန်းကန်အော်ဟစ်စိုးရိမ်ကြောင့်ကြခြင်း ကြောင့် ပြဿနာများ၊ တိုက်ဆိုင် ကြုံကြိုက်သော အကြောင်းရပ်များ ကြောင့်ဖြစ်သော ပြဿနာများ၊ အ ကြောင်းအရာမသိတဲ့ ဖြစ်ရပ်တွေ ဖြစ် နိုင်ပါတယ်။ ယင်းအတွက်လည်း စနစ် တကျ စီမံခန့်ခွဲမှုဆိုရာ လုပ်ထုံး လုပ်နည်းကို လေ့ကျင့်သင်ကြားပေး ထားကြပါတယ်။ ယင်းအတွက် အဆင့် ဆင့်သတင်းပေးပို့ လမ်းကြောင်းများ လုပ်ဆောင်ရန်များကိုလည်း စနစ်တကျ စီမံထားပါတယ်။

ကာကွယ်ဆေးကြောင့် ဖြစ်ပေါ် တတ်သော တုံ့ပြန်မှုများ။
၁၊ အများအားဖြင့် တွေ့ကြုံရနိုင်တဲ့ သာမန်ကာကွယ်ဆေးတုံပြန်မှုတွေအ နေဖြင့် သာမန်နာကျဉ်ခြင်း၊ ယောင်ရမ်း ခြင်း၊ နီရဲခြင်း၊ (လူတစ်ရာတွင် တစ် ယောက်မှ သုံးယောက် ဖြစ်နိုင်ပါသည်။) ဖျားခြင်း၊ ပျို့အန်ခြင်း။ မူးဝေခြင်း (လူတစ်ရာမှာ ၅ယောက်ကနေ ၁၀ ယောက်အထိ ဖြစ်ပေါ်တတ်ပါတယ်။) လိုအပ်ပါက နီးစပ်ရာ ဆေးထိုးစုရပ်၊ ဆရာဝန်များနှင့် ပြသနိုင်ပါတယ်။

၂၊ ရှားပါးစွာဖြစ်တတ်သော ပြင်း ထန်သည့် ကာကွယ်ဆေး တုံ့ပြန်မှုများ (uncommon serious vaccine reactions)သည် လူတစ်သန်းတွင်မှ တစ်ယောက်ထက်နည်း၍ အလွန့်အလွန် ရှားပါးစွာ ဖြစ်ခဲပါ၏။ ထိုးပြီး ၅ရက်မှ ၁၀ရက်တွင် ဖြစ်တတ်သော အာရုံကြော ရောင်ရမ်းမှု၊ မျက်စိသူငယ်အိမ် ရောင် ခြင်း၊ လည်မြိုကြွက်သား အကြော ဆွဲခြင်းများ။

၃၊ ကာကွယ်ဆေးထိုးပြီးနောက် ပြင်းထန်သော ဆေးမတည့်ခြင်းသည် အလွန့်အလွန် ရှားပါးစွာ ဖြစ်တတ် ပါတယ်။
သည့်အတွက် ဆေးထိုးပြီး မိနစ်၂၀ စောင့်ခိုင်းခြင်း ဖြစ်ပါတယ်။ ယင်းသို့ ဖြစ်ပါက လုပ်ဆောင်ရန်များကိုလည်း စနစ်တကျ သင်ကြားထားပါတယ်။

ဆိုရလျှင် ကာကွယ်ဆေးဟာ အတန် ဘေးကင်းသော စိတ်ချရသော ဆေးဖြစ်ပြီး ယင်းမှရသည့် အကျိုး ကျေးဇူးများမှာ ကြီးမားပါတယ်။ ဆိုရရင် မိမိနိုင်ငံအခြေအနေအရ ကပ် အသွင် ဖြစ်ပွားနေမှုမှ ကာကွယ်နိုင်ရေး အတွက် လိုအပ်နေချိန်တွင် အသင့်တော် ဆုံးသော အရည်အသွေးပြည့် ဆေးလည်း ဖြစ်ပါတယ်။
ဒီစီမံချက် အောင်မြင်မှုဟာ မိမိ အနာဂတ် ရင်သွေးများရဲ့ ဘေးကင်း မှုအတွက် ဖြစ်သလို မိမိနိုင်ငံ့ အနာဂတ် အတွက်လည်း ဖြစ်လေသည် ဖြစ်ရာ ယုံမှားသံသယ ကောလဟလများကို ဖယ်ခွာလျက် ရင်သွေးငယ်များအားလုံး နှင့် နိုင်ငံ့အနာဂတ်အတွက် ယင်းဂျပန် ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးထိုးနှံပေးနိုင်ရေးအတွက် နိုင်ငံသား အားလုံးက ဝိုင်းဝန်းပါဝင်ကူညီသင့်ကြပါကြောင်း မေတ္တာရည်လျက် ဆိုရပါ သည်။