မွန်တွင် မိုးစပါးရိတ်သိမ်းချိန် စပါးဈေးမြင့်တက်

0
512

မွန်ပြည်နယ်တွင် ယခုနှစ် မိုးစပါး ရိတ်သိမ်းချိန်တွင် စပါးဈေး မြင့်တက် နေသည်ဟု ပြည်နယ်အတွင်းရှိ စပါး ကုန်သည်များနှင့် စပါးစိုက်တောင်သူတို့ ထံမှ သိရသည်။
လက်ရှိတွင် ယမန်နှစ်ဈေးနှင့် နှိုင်းယှဉ် ပါက စပါးတင်း ၁၀၀ လျှင် ကျပ် ၁ သိန်း ဝန်းကျင် ကွာဟမှုရှိနေသည်ဟု မွန်ပြည်နယ် ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်း ရှင်များအသင်းထံမှ သိရသည်။

“စပါးရိတ်သိမ်းချိန်မှာ မိုးရွာတယ်၊ မိုးရွာတော့ ရိတ်ဖို့က အခက် အခဲရှိတယ်၊ စပါးအဟောင်းကလည်း ပြတ်နေတယ်၊ ဒီလိုအခြေအနေမျိုးမှာ အပြိုင်အဆိုင် ဝယ်ယူနေကြတော့ စပါး ဈေးတက်သွား တာ”ဟု မွန်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း တွဲဖက်အတွင်းရေးမှူး ကိုခိုင်ဦးက ပြောသည်။
လက်ရှိတွင် မွန်ပြည်နယ်၌ စပါး ကြမ်းအုပ်စုဝင် စပါးတင်း ၁၀၀ လျှင် ကျပ် ၇ သိန်း၊ စပါးချောအုပ်စုဝင် စပါးတင်း ၁၀၀ လျှင် ကျပ် ၉ သိန်း ပေါက်ဈေးရှိနေပြီး ယမန်နှစ်က စပါး ကြမ်းအုပ်စုဝင် စပါးတင်း ၁၀၀ လျှင် ကျပ် ၆ သိန်း၊ စပါးချောအုပ်စုဝင် စပါး တင်း ၁၀၀ လျှင် ကျပ် ၈သိန်း ရှိခဲ့သည်။

“စပါးဈေးတက်တော့ ဆန်ဈေး လည်း တက်သွားတယ်၊ အဓိကက မိုးကြောင့်ပေါ့လေ”ဟု အိမ်ရှင်မဆန် ရောင်းဝယ်ရေးမှ မမီးမီးက ပြောသည်။
စပါးကြမ်းအုပ်စု (ဧည့်မထအုပ်စု) တွင် ကျွန်းရွှေဝါ၊ ရွှေတဆုပ်၊ ဇီယာ၊ ဘန်ကောက် စသည်တို့ပါဝင်ပြီး စပါး ချောအုပ်စုတွင် ပေါ်ဆန်းမွှေး၊ ပေါ်ဆန်း ရင်၊ ကောက်ကြီး၊ ကမာကြည် အစရှိ သည်တို့ ပါဝင်သည်။
ရာသီဥတု အခြေအနေ ပုံမှန်ဖြစ်ပြီး မိုးစပါးအထွက် ပုံမှန်ဖြစ်လာချိန်တွင် လက်ရှိစပါးဈေးသည် ပြန်ကျသွားမည့် အနေအထားရှိကြောင်း မွန်ပြည်နယ် ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်း ရှင်များအသင်းက ခန့်မှန်းထားသည်။

“စပါးဈေးနည်းနည်း ကောင်းတော့ လယ်သမားတွေအတွက် အဆင်ပြေတဲ့ အနေအထား ရှိတယ်၊ ဒါပေမဲ့ အခုက စပါး ဈေးကောင်းချိန်မှာ မိုးရွာနေတော့ စပါးကောင်းကောင်းရိတ်လို့ မရဖြစ်နေ တယ်၊ ဈေးပြန်ကျသွားမှာ စိုးရိမ် တယ်၊ ဒီဈေးအတိုင်းသာရရင် လယ်သ မားတွေ အတွက် အဆင်ပြေတယ်၊ ခါတိုင်းနှစ် တွေက စပါးဈေးမကောင်းတော့ လယ် သမားတွေ ဒုက္ခရောက်ကြရတယ်”ဟု မုဒုံမှ လယ်သမား ဦးတင်ထွန်းက ပြောသည်။

မွန်ပြည်နယ်အတွင်း၂၀၁၇ ခုနှစ် တွင် မိုးစပါးစိုက်ပျိုးဧက ၇ သိန်းနီးပါး ရှိပြီး စပါးကြမ်းအုပ်စုဝင် စပါးစိုက်ပျိုးမှု ၄၀ ရာခိုင်နှုန်းရှိကာ စပါးချောအုပ်စုဝင် စပါးစိုက်ပျိုးမှု ၆၀ ရာခိုင်နှုန်းရှိသည်ဟု မွန်ပြည်နယ် စပါးကုန်သည်များအသင်း ရှိစာရင်းအရ သိရသည်။