DDPC ထက် ဝန်ဆောင်မှုကောင်းသည့်ကုမ္ပဏီ ဖိတ်ခေါ်ပေးရန် ကုမ္ပဏီ တာန်ရှိသူပြော

0
508

လျှပ်စစ်မီးသုံးစွဲသူများအနေဖြင့် DDPC ကုမ္ပဏီထက် ဝန်ဆောင်မှု ကောင်းသည့် ကုမ္ပဏီကို ဖိတ်ခေါ်ပေး ရန် အဆိုပါကုမ္ပဏီ၏ လျှပ်စစ်ဓာတ် အားဖြန့်ဖြူးရေးတာဝန်ခံက ပြောဆို လိုက်သည်။

နိုဝင်ဘာ ၁ ရက် ထားဝယ်မြို့ ဇေယျာထက်စံဟိုတယ်တွင် ကျင်းပ သော “ထားဝယ်ခရိုင်အတွင်းရှိ လျှပ်စစ် မီး အခန်းကဏ္ဍ ပိုမိုဖွံ့ဖြိုး တိုးတက်စေ ရေး အလုပ်ရုံဆွေးနွေးပွဲ” အပြီးတွင် ယင်းသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
“ခုမီးသုံးစွဲသူတွေမှာရော၊ အပေါင်း အသင်းတွေမှာရော ဖြန့်ဖြူးရေးနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ထက် ကောင်းတဲ့ ဈေးနှုန်းသက်သာပြီးတော့ ဝန်ဆောင်မှုပေးနိုင်တဲ့ ကုမ္ပဏီ ဖိတ်ခေါ် ပေးပါ။ ကျွန်တော် ဒီကနေ တရားဝင် ပြောပါတယ်” ဟု DDPC ကုမ္ပဏီ၏ လျှပ်စစ်ဖြန့်ဖြူးရေးတာန်ခံ ဦးဇော်မျိုး လတ်က ပြောသည်။

ထားဝယ်ခရိုင်တွင် လျှပ်စစ် ဖြန့် ဖြူးရေးအတွက် အဓိက အခက်အခဲမှာ လျှပ်စစ်ထုတ်လုပ်ရေးကုမ္ပဏီသို့ စပေါ် ငွေအဖြစ်ပေးချေရမည့် ကြိုတင်ငွေ ကျပ်သိန်းပေါင်း ၁၅၀၀၀ ဖြစ်ကြောင်း ဒေါက်တာဝင်းထိန်က ပြောသည်။
ဒေါက်တာဝင်းထိန်သည် ယခင် က ထားဝယ်ခရိုင်အတွင်း လျှပ်စစ်မီး ဖြန့်ဖြူးရေးလုပ်ငန်း လုပ်ကိုင်ခဲ့ဖူးပြီး လက်ရှိ လျှပ်စစ်ဖြန့်ဖြူးရေး လုပ်ငန်းကို လုပ်ကိုင်ခွင့်ရရန်လည်း ကြိုးစားဖူးသည့် ဖိုးသီးချို လျှပ်စစ်ဝန်ဆောင်မှုကုမ္ပဏီ အုပ်ချုပ်မှုဒါရိုက်တာ ဖြစ်သည်။

DDPC သည် လျှပ်စစ်ထုတ် လုပ်သည့် GGS ကုမ္ပဏီအား လျှပ်စစ် ဓာတ်အားခ ကြိုတင်စပေါ်ငွေ ကျပ် သိန်းပေါင်း ၁၅၀၀၀ ပေးချေထားသည်။
“စပေါ်က ပြဿနာပေါ့၊ (စပေါ်)မတင်ရဘူးဆို လုပ်နိုင်တယ်။ ရိုးရိုး ဝန်ဆောင်မှုကတော့ ကျွန်တော်တို့ ပေး နိုင်တယ်၊ စပေါ် (ကျပ်သိန်းပေါင်း)တစ်သိန်းငါးသောင်းက ကျွန်တော်တို့ ကုမ္ပဏီက မပေးချေနိုင်ဘူးလေ”ဟု ဒေါက်တာဝင်းထိန်က ဆိုသည်။
မီးသုံးစွဲသူတစ်ဦးအနေဖြင့် DDPC ၏ ဝန်ဆောင်မှုများအပေါ် လုံးဝ ကျေနပ် စရာမရှိဟု ထားဝယ်တက်ကြွလူငယ် အဖွဲ့မှ ကိုဝေဖြိုးက ပြောသည်။

“မီးသုံးစွဲတွေ နေ့စဉ်နဲ့အမျှ ဆုံးရှုံး မှုတွေဖြစ်နေတာကို ထည့်စဉ်းစားပုံ မရဘူး။ ပြည်သူတွေ ဆုံးရှုံးမှုဖြစ်နေတာ တခြား နိုင်ငံမပြောနဲ့ ထိုင်းနိုင်ငံကိုပဲ ကြည့် အဲဒီလျှပ်စစ်ဖြန့်ဖြူးရေး ကုမ္ပဏီ လိုမျိုးက ဒေဝါလီခံသွားရတာကြာပြီ။ ကျွန်တော်တို့ဆီမှာ အစိုးရကလည်း အရေးမယူတော့ မီးသုံးစွဲသူ ကျွန်တော် တို့ ပြည်သူတွေပဲ ခံရတာပေါ့”ဟု ကိုဝေဖြိုးက ဆိုသည်။
ထားဝယ်ခရိုင်အတွင်း ယခုနှစ် ဇူလိုင်လ နှောင်းပိုင်းမှအစ လျှပ်စစ်မီး အကြိမ်များစွာ ပျက်နေပြီး မီးသုံးစွဲသူ များက လျှပ်စစ် ဖြန့်ဖြူးနေသည့် DDPC ကုမ္ပဏီ၏ လျှပ်စစ်လုပ်ငန်း ကျွမ်းကျင်မှုကို မေးခွန်းထုတ်လျက်ရှိကာ အခြား ဝန်ဆောင်မှုများလည်း ဝေဖန်မှု များ မြင့်တက်လျက်ရှိသည်။