ရယ်ရမောရ အရေးပေါ်ဆရာဝန်ဘ၀ (၇)

0
795

ကျွန်တော်တို့တွေ လူနာကို မစမ်း သပ်ကြမီမှာ ရောဂါရာဇဝင်မေးတတ်ကြ ပါတယ်။ ပြောင်းလဲလာတဲ့ အရေးပေါ်လူ နာကုသမှု စံနှုန်းမှာလည်း လူနာကို အရေးပေါ် အသက်ကယ်ပြီးတာနဲ့ မလွဲမသွေလုပ်ကြဖို့ လိုအပ်တာကလည်း ရောဂါရာဇဝင်မေးခြင်းပါပဲ။ အဲသည်က မှ ရောဂါရဲ့ ဖြစ်ကြောင်းရယ် ကုန်စင်ကို လိုက်ကြလို့ ရတာကိုး။ နှိုက်နှိုက်ချွတ် ချွတ်မေးဖို့ လိုအပ်တဲ့အခါ မေးကြရပေမဲ့ ပါးရည်နပ်ရည်လေးတော့ လိုအပ်သပေါ့ လေ။

မလွဲမသွေ လိုအပ်လို့ မေးနေတဲ့ မေးခွန်း တိုင်းဟာ အရေးပါလှသလို မေးခွန်းမေးခြင်း အတတ်ပညာဟာလည်း အတော် အရေးပါလှပါတယ်။ မေး လာတဲ့ မေးခွန်းကို အချို့တွေက ရယ်ဖွယ်လို့ သဘောထားကြပေမဲ့လို့ တစ်ခါတစ်လေ လိုအပ်လို့ မေးမြန်း ကြရတာဖြစ်သလို တစ်ခါတလေလည်း ပါးပါးနပ်နပ်မေး ကြရလေ့ ရှိပါတယ်။ အဲသလိုမှ မပါးနပ်လို့ကတော့ ကိုယ့်ကို ပြန်အမှုပတ်နိုင်ပေသကိုး။

သွေးလေချောက်ချားလေသလား
တစ်နေ့ပေါ့။ နေ့လယ်ခင်းကြီးကို အရေးပေါ် လူနာတင်ယာဉ်နဲ့ အဘွားအို လူနာတစ်ယောက် အရေးပေါ်ကို ရောက် လာတယ်။ နေ့ခင်းကြောင်တောင် အတော်ပူပြင်းတဲ့ နေပူကြီးမှာ တက်ချက် ပြီး လမ်းဘေးမှာ လဲကျနေလို့ တာဝန် သိ ပြည်သူတစ်ယောက်ရဲ့ သတင်းပေး မှုနဲ့ လူနာတင်ယာဉ်က တင်ပို့လာတာလို့ သိရတာကလွဲရင် ဘာကြောင့်ရယ်လို့ မသိရဘူး။

ရပ်ကွက်လူကြီးကတော့ သူ့ရပ် ကွက်ထဲက အဆက်အသွယ်တွေနဲ့ သည် အဘွားအိုအကြောင်း စုံစမ်းနေတယ်။ လူနာအဘွားအိုကို စမ်းသပ်ကြည့်တော့ အသက်ရှုနှုန်းနဲ့ သွေးခုန်နှုန်း ပုံမှန်ပေမဲ့ သွေးတွေ တိုးနေတယ်။ အီးစီဂျီ ဆွဲတော့ နှလုံးခုန်မြန်နေတယ်။ သတိကောင်း ကောင်းမရတဲ့အပြင် စကားမေးလို့ မရ ဘူး။

ချဉ်စူးစူးအနံ့ ပါးပါးရတယ်။ ချွေးနံ့ ထင်ရဲ့။
လိုအပ်တဲ့ ဆေးအချို့ ထိုးသွင်းပြီး ချိန်မတော့ အဘွားအိုက ရုန်းကန် အော်ဟစ် လာတယ်။
“မေရိုးမတားတွေ၊ ငါ့ကိုလွတ်”တဲ့။

ပြီးတော့ ဆဲသံဆိုသံနဲ့ အရေးပေါ်ထဲ ညံစီနေအောင် ရွတ်ဖတ်နေလေရဲ့။ ဦး နှောက်အမြှေးယောင်တာမျိုးလား။ ဦး နှောက်သွေးကြောပေါက်ပြီး ဂယောင် ချောက်ချားတွေများ ဖြစ်သလား၊ သူငယ်များ ပြန်လေသလားပေါ့လေ။အဲသည်မှာ ကိုယ်တွေးလိုက်တဲ့ ဖြစ်နိုင် ခြေတွေက တစ်ဆုံးပဲ။
မူးမေ့လဲကျပြီး ကယောင်ကတမ်းနဲ့ အ ဘွားအိုနဲ့ပတ်သက်လို့ ဖြစ်နိုင်သော ရောဂါတွေ ချတွေးတာနဲ့တင် စာမျက်နှာ နှစ်မျက်နှာ နီးသွားတယ်။ သို့ပေတဲ့ အဖြေက မထွက်ဘူး။ ဘာများဖြစ်နိုင်လဲ ပေါ့လေ။ အမည်ကလည်းမသိ၊ ဘာရာ ဇဝင်မှလည်းမရ။ စမ်းသပ်စစ်ဆေးချက် အရ အသက်အန္တရာယ်မရှိပေမဲ့ ဖြစ်နိုင် ချေအရ ဘာရယ်လို့ စဉ်းစားမရ။

အဲသည်အဘွားအိုရဲ့ မြေးဖြစ်တဲ့ သူ ရောက်လာမှ သည်အဘွားအိုရဲ့ အမည် နဲ့ အသက်ကို သိရလေတဲ့အပြင် ဖြစ် နေတဲ့ ရောဂါကိုလည်း သူ့မြေးဆီက ရာဇဝင်ရမှ ကိုယ်လည်း သေချာသိတော့ တယ်။
“အဘွားက နည်းနည်းပါးပါးအရက် သောက်တတ်တယ်”တဲ့လေ။
အဲအခါမှ ကိုယ့်နဖူးကိုယ်ရိုက်မိ တယ်။ အနံ့ . .။

ဟုတ်ပါ့။ ခုနက အနံ့ချဉ်စူးစူး ရတယ်၊ အဲသည်အနံ့က….။
အသက်အရွယ်နဲ့ ကျား၊ မ အနေ အထား အရ အမျိုးသမီးလည်းဖြစ်၊ အဘွားအို လည်းဖြစ်လေတော့ အဲသည် အရက်ပြဿနာကို ကျွန်တော် မတွေးမိ ဘူး။
သတိမမူ ဂူမမြင် ဆိုသလိုရလာတဲ့ အ နံ့ကိုလည်း သတိမထားမိပြန်တာကိုယ့် အပြစ်ပေါ့လေ။
သည်အခြေအနေကို ကျွန်တော် လုံးဝ မတွေးမိခဲ့တဲ့အပြင် ထင်လည်းထင် မထားခဲ့တာကိုး။
မှတ်ပဟလို့သာ ကိုယ့်ဘာသာ ကိုယ်ပြော မိတယ်။

အပျိုအရွယ်လေးတွေကို မေးတဲ့အခါ
တခါတလေ ကျွန်တော်တို့တွေ ရောဂါ ရာဇဝင်မေးတဲ့အခါ ပြန်အရိုက် မခံရအောင် ပါးပါးနပ်နပ် မေးကြရတာ ရှိပါတယ်။ ပြောရရင် ဆယ်ကျော်သက် ကလေးမလေးတွေကို ရောဂါရာဇဝင် မေးတဲ့အခါ အုပ်ထိန်းသူမိဘတွေက မကြိုက်ကြတဲ့ အမေးတွေပဲပေါ့လေ။ ပါးရည်နပ်ရည် မရှိရင် ခံရတတ်တာကိုး။
ဆိုပါစို့။ ကလေးမလေးတစ်ယောက် ဗိုက်အောင့်၊ ရင်ခေါင်းအောင့်ပြီး ဆေးရုံ ရဲ့အရေးပေါ်ဌာနကို ရောက်လာရင် လိုအပ်တာတွေ စစ်ဆေးပြီး မလွဲမသွေ မေးဖြစ်တာက အိမ်ထောင်ရှိသလားဆိုတဲ့ အမေးပါပဲ။ အဲသည်အမေးကို ကောင်မ လေးတွေ မဖြေခင် သူ့မိဘတွေက ဝင်ဝင်ဖြေလေ့ရှိတာက
“ကျွန်မသမီးက ကျောင်းတက် နေတုန်း ရှင့်”တဲ့။

ဆိုလိုတာက သူ့သမီး နုနုထွတ် ထွတ် လေးကို မဦးမချွတ် ဘာလာမေး နေမှန်းမ သိဘူးလို့ ဆိုလိုဟန်တူတယ်။ အဲတော့ “သမီးရာသီရော မှန်သလား”လို့ အရင် မေးဖြစ်တော့တယ်။
ရာသီမှန်တယ်၊ ရာသီမမှန်ဘူး ဆိုတာ သိရမှ လိုအပ်တာတွေ ဆက်စစ် ကြ ရတာပေါ့လေ။
ကိုယ်ဝန်ရှိ၊ မရှိကို ဆီးစစ်တာမျိုးက တစ်ခါတစ်လေ အရိုက်ခံရနိုင်လေတော့ ပါးပါးနပ်နပ် ဆင်ဝှေ့ရန်ရှောင်အာထရာ ဆောင်းလေး သွားရိုက်ကြည့်ပါကွယ် လို့ တစ်ဖက်လှည့်နဲ့ သွားရိုက်ခိုင်း ကြရတဲ့ အခါတွေလည်း ရှိသေးတယ်။

မေးတော့ “အပျိုပါ”ဆိုပြီးမှ အာထရာ ဆောင်းမှာ ကိုယ်ဝန် နှစ်လ ရှိနေတာမျိုး တွေကြုံရတဲ့အခါ မတော့ လည်း ပါးရည်နပ်ရည်နဲ့ ရှင်းကြရတာ ပေါ့လေ။
အမေကိုတစ်လှည့် ချော့မော့မေး၊ သမီးကို တစ်လှည့် ချော့မော့မေး။ ပြီးပါမှ တစ်ဖန် ပြန်လည်ပြီး ပါးပါး နပ်နပ်နဲ့ အကျိုးအကြောင်းကို ရှင်းပြရတာမျိုး ရှိ တယ်။
တစ်ခါကဆို ကိုယ်ရှင်းပြတာ နားထောင် ပြီးလေတဲ့ ကလေးအမေက ကလေးအဖေကို ထပ်ရှင်းအပြကောင်းလို့ ကလေးအဖေက ကိုယ့်လည်ပင်း ညှစ် ထားပြီး
“ငါ့ သမီး နုနုထွတ်ထွတ်ကို မင်းကစော် စော်ကားကား၊ မင်းက ငါ့သမီးကို ဘာထင် နေသတုန်းလို့”မေးလို့ မနည်း ပြေလည်အောင် ပြန်ရှင်းပြယူ ကြရ တယ်။ အထောက်အထားနဲ့ ခိုင်ခိုင် လုံလုံ ပြေပြေလည်လည် ချက်ကျ လက်ကျ ရှင်းပြလေတော့မှ “အင်း၊ ကျွန်တော် ရုတ်ခနဲစိတ်လွတ်သွားလို့ပါ ဆရာရယ်၊ တောင်းပန်ပါတယ်တဲ့”။

ပြန်တွေးမိတိုင်း လည်ပင်းတွေ သည်နေ့အထိ ယားယားမိနေတုန်း။
အဲသလိုတစ်ခါ ခံရဖူးလေတော့ ကိုယ်တွေလည်းနောက်ဆို ပါးရည်နပ် ရည် ရှိသွားသပေါ့လေ။
တစ်ခါသေဖူး၊ ပျဉ်ဖိုး နားလည်ဆို သကိုး။

တိုးတက်လာတဲ့ သည်ဘက်ခေတ် မှာ ဟိုးငယ်စဉ်ကတည်းကိုက ကျန်းမာ ရေး ပညာပေးအစီအစဉ်တွေ ထိထိရောက် ရောက်မရှိလေသမျှ သည်ဘက်ခေတ် ၊ သည်ဖက်ကာလ နည်းပညာပေါက်ကွဲ လာမှု ရလဒ်အနေနဲ့ သက်ငယ်မုဒိမ်းမှုတွေ များ လာကြရုံတင်မက အဲသလို မလို လားသေး သောအချိန်မှာ မထင်မှတ်ပါဘဲ ကိုယ်ဝန်ဆောင်ရမှု အဖြစ်တွေမျိုး ကြုံ လာကြရတာ မကြာခဏပါ။
ရှားရှားပါးပါးတော့ မဟုတ်ဘူး။
ဆက်ပါဦးမယ်။