ကော့သောင်းတွင် လျှပ်စစ်သုံးစွဲခ တောင်းခံသည့်ပုံစံ ပွင့်လင်းမှုမရှိဟု ဝေဖန်ခံရ

0
491

ကော့သောင်းမြို့တွင် လျှပ်စစ် ဓာတ်အား သုံးစွဲခ တောင်းခံသည့်ပုံစံမှာ ပွင့်လင်းမြင်သာမှု မရှိကြောင်း မြို့ခံ အချို့က ဝေဖန်လျက်ရှိသည်။
ဇွန်လမှစ၍ မီတာသုံးစွဲခ ဖြတ်ပိုင်း များတွင် ယခင်လသုံးစွဲယူနစ်၊ ယခုလ သုံးစွဲယူနစ်နေရာများတွင် ယူနစ်များ မဖော်ပြထားဘဲ ယူနစ်စုစုပေါင်းသာ ဖော်ပြထားကြောင်း ၎င်းတို့က ဆိုသည်။

“သူတို့ကကြိုလည်းမပြောဘူး။ အခြေခံယူနစ်ဆိုလည်း အခြေခံ ယူနစ် ပေါ့။ ခုကဘာမှန်းကိုမသိဘဲ သုံးစွဲယူနစ် ဆိုပြီး ဖြတ်ပိုင်းမှာ ရေးထားတာကိုပဲ ဆောင်ခိုင်းနေတာ”ဟု ရွှေပြည်စိုးရပ်ကွက် မှ မီးသုံးစွဲနေသူ ကိုထွန်းဝင်းအောင်က ပြောသည်။လျှပ်စစ်ဖြန့်ဖြူးနေသည့် မြန်မာ့ စိမ်းလန်းကုမ္ပဏီကမူ အခြေခံယူနစ် အတွက် ကောက်ခံခြင်းမဟုတ်ဘဲ ဆုံးရှုံး ယူနစ်အတွက် ကုမ္ပဏီက သုံးစွဲသူအချို့ ထံမှ ကြိုကောက်ခံခြင်းဖြစ်သည်ဟု ဆို သည်။

“တချို့မီတာတွေကယခင်လ ကျသင့်သလိုမဟုတ်ဘဲ ရုတ်တရက် ယူနစ်ကွာတာတွေ့ရတယ်၊ အဲဒီလို မီတာတွေရယ်၊ ယူနစ် ၂၀ မပြည့်တဲ့ မီတာတွေရယ်။ မီတာ နမမသမ ဖြစ်တာ တွေရယ်ကိုပဲခုလို ကောက်တာပါ” မြန်မာ့ စိမ်းလန်းကုမ္ပဏီမှအထွေထွေ မန်နေဂျာ ဦးစစ်မော်က ပြောသည်။
စက်ရုံကထုတ်လွှတ်သည့် လျှပ်စစ် ယူနစ်နှင့် ကောက်ခံရသည့် ယူနစ်မကိုက် ညီသည့်အတွက် ယင်းသို့ ကောက်ခံ ခြင်းဖြစ်ပြီး မီတာအားလုံးကို ကောက်ခံ ခြင်းမဟုတ်ကြောင်း ၎င်းကဆိုသည်။

မီတာအလုံးပေါင်း ၁၀၀ ခန့် ယင်းသို့ ကြုံတွေ့နေရခြင်းဖြစ်ကာ ကုမ္ပဏီအနေဖြင့်လည်း သေချာမရှင်းပြ ဘဲ ကောက်ခံနေခြင်း ဖြစ်ကြောင်း လျှပ်စစ်မီးသုံးစွဲသူများနှင့် ကုမ္ပဏီထံမှ သိရသည်။၎င်းအပြင် ယခင်က မီတာခ ဆောင်ရမည့်ရက်ကို ဖြတ်ပိုင်းရောက်ပြီး ၁၀ ရက်အတွင်း ဆောင်ရန် သတ်မှတ် ထားသော်လည်း ဇွန်လနောက်ဆုံးပတ်မှ စ၍ ၅ ရက်လျှော့ချ သတ်မှတ်လိုက် ကြောင်း မီးသုံးစွဲသူများထံမှသိရသည်။