လောင်းလုံးတွင် ကျေးရွာ ၃၀ ခန့် ယခုနှစ်တွင် မီးရမည်ဟုဆို

0
372

လောင်းလုံးမြို့နယ်အတွင်း ၁၁ ကေဗွီသွယ်တန်းထားသည့် ကျေးရွာ ၃၀ ခန့်ကို ယခုနှစ်တွင်း လျှပ်စစ်မီး ဖြန့်ဖြူး ပေးနိုင်မည်ဖြစ်ကြောင်း ထားဝယ်ခရိုင် လျှပ်စစ်အင်ဂျင်နီယာက ပြောသည်။လက်ရှိတွင် လောင်းလုံးမြို့နယ် အတွင်း မြို့ပေါ် ၄ ရပ်ကွက်အပါအဝင် ရပ်ကွက်/ကျေးရွာ ၂၅ ရွာတွင် မီးရရှိ နေပြီး မီးကြိုးသွယ်တန်းလျက်ရှိသည့် ကျေးရွာ ၂၉ ရွာရှိကြောင်း လောင်းလုံး မြို့နယ် လျှပ်စစ်မှူးရုံးထံမှ သိရသည်။

” ဒီနှစ်ထဲမှာ မီးရရှိနိုင်မယ်” ဟု ထားဝယ်ခရိုင်လျှပ်စစ်အင်ဂျင်နီယာ ဦးရဲမင်းထက်က ဆိုသည်။ထားဝယ်ခရိုင်အတွင်းရှိ မီးကြိုး သွယ်တန်းနေသည့် လုပ်ငန်းများမှာ ၉၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ပြီး လုပ်ငန်း များ အပြီးသတ်ပြီးစီးပါက တစ်ပြိုင် တည်း လျှပ်စစ်ဖြန့်ဖြူးနိုင်မည်ဖြစ် ကြောင်း ၎င်းက ပြောသည်။
လျှပ်စစ်ဌာနကတစ်ဆင့်ချင်း လုပ် ဆောင်လျက်ရှိပြီး ကနဦးတွင် အဓိက လမ်းမကြီးများတွင်သာ လျှပ်စစ်မီးကြိုး သွယ်တန်းထားသည့်အတွက် ကျေးရွာ အတွင်း လျှပ်စစ် မီးရရှိရန်မှာ ကျေးရွာ အစီအစဉ်ဖြင့် လုပ်ဆောင်ရ ကြောင်း ကျေးရွာမီးလင်းရေး အဖွဲ့အချို့ထံမှ သိရသည်။

ကျေးရွာအစီအစဉ်ဖြင့် ဆောင်ရွက် ခြင်းကြောင့် အိမ်တစ်အိမ်လျှင် ငွေ ကျပ် တစ်သိန်းဝန်းကျင် ကုန်ကျကြောင်း လျှပ်စစ်မီးရပြီးသည့် ကျေးရွာမီးလင်း ရေးအဖွဲ့အချို့ထံမှ သိရသည်။လျှပ်စစ်ဌာနအနေဖြင့် ရရှိလာ သည့် ဘတ်ဂျက်ဖြင့် တစ်ဆင့်ချင်းလုပ် ဆောင်လျက်ရှိပြီး ကျေးရွာများတွင် မီး လင်းရေးအတွက် ငွေကြေးကောက်ခံရန် မညွှန်ကြားထားဟု ခရိုင်လျှပ်စစ် အင် ဂျင်နီယာ ဦးရဲမင်းထက်က ပြောသည်။

“မီတာပုံးအတွက် ကျပ်ကိုးသောင်း တစ်ခါတည်းသွင်းရမျိုးတော့ ရှိတယ်” ဟု ၎င်းက ပြောသည်။လောင်းလုံးမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာပေါင်း ၁၁၀ ရှိသည်။