သတင်းစာရှင်းလင်းပွဲတဲ.လား

0
501

ကိစ္စတစ်ရပ်ကို ရှင်းလင်းရသည်ဆို ကတည်းက မရှင်းလင်းနေ၍ ဖြစ်သည်။ ရှုပ်ထွေးနေ၍ ဖြစ်သည်။

မရှင်းလင်းခြင်း၊ ရှုပ်ထွေးနေခြင်းကို ရှင်းလင်းကြတော့မည်ဆိုလျှင် ရှင်းလင်း မည့်သူများကိုယ်တိုင် ယင်းကိစ္စအပေါ် ရှင်းရှင်းလင်းလင်းသိရှိနေရန် ခရေစေ့ တွင်းကျ သိရှိထားရန်လိုကြောင်း အထူး ပြောရန်မလို။တနင်္သာရီတိုင်း အစိုးရအဖွဲ့က ထားဝယ်မြို့တော်ခန်းမ၌ မေလ ၂၅ ရက် နေ့တွင် ပြုလုပ်ခဲ့သည့် ရှင်းလင်းပွဲကမူ ရှင်းလင်းမည်ဆိုသူများ ကိုယ်တိုင် မုန့်လုံး စက္ကူကပ်၊ တိုင်ပတ်နေကြလေသည်။

ထားဝယ်ဒေသအတွင်း လတ်တ လော ဖြစ်ပွားနေသည့် မြေယာပြဿနာ များနှင့် ပတ်သက်သည့် သတင်းစာရှင်း လင်းပွဲ ဖြစ်သည်။ လတ်တလော ပြဿ နာများအပေါ် တိုင်းအစိုးရ ကိုင်တွယ် ဖြေရှင်းနေပုံကို အားမရကြောင်း လူထု ကြားဝေဖန်မှု မြင့်တက်နေသည့် အချိန် ယခု သတင်းစာရှင်းလင်းပွဲကို ကြိုဆိုပါ သည်။သတင်းစာရှင်းလင်းပွဲသို့ စာနယ် ဇင်းသမားများအပြင် ပြဿနာတွင်ပါ ဝင်ပတ်သက်နေသူများ၊ တက်ရောက်သင့် တက်ရောက် ထိုက်သူများကို ဖိတ်ထား သည်။ ပွင့်လင်းမြင်သာမှုဆီ ချီတက် ခြင်းဟု မှတ်ယူနားလည်ပါသည်။

သို့သော် ပွဲကို ထိန်းကွပ်သူတို့၊ ဖိတ် ကြားသူတို့၏ ညံ့ဖျင်းမှုကြောင့် လူထု တွေ့ဆုံပွဲယောင်ယောင်၊ မြေယာပြဿ နာဖြစ်နေသော ထားဝယ်ဒေသခံများ၏ ရင်ဖွင့်ပွဲယောင်ယောင် ဖြစ်သွားသည်။ သတင်းစာရှင်းလင်းပွဲက မပီပြင်ခဲ့။ပွဲမစမီကြေညာသည့် သတင်းစာ ရှင်းလင်းပွဲအစီအစဉ်တွင် ဒေသခံများ ပြောဆိုရန် မပါ။ သတင်းစာရှင်းလင်းပွဲ ထုံးစံကလည်း စာနယ်ဇင်းသမားများကို ရှင်းလင်းရန်သာ။ သို့သော် ဒေသ ခံများက သတင်းစာရှင်းလင်းပွဲနှင့် မယဉ်ပါး။ သူတို့ ဖိတ်ကြားခံရသောပွဲတွင် သူတို့ ပြောရေးဆိုခွင့်ရှိသည်ဟု ခံယူကြသည်။ အချို့က အခြားမြို့နယ် နယ်စွန်နယ်ဖျားမှ ယခုပွဲသို့ ချီတက်လာသည်။
အစိုးရအဖွဲ့မှ စာနယ်ဇင်းသမား များအား ရှင်းလင်းချက်များကို လက်မခံ ချင်ကြ။ အချက်အလက် မပြည့်စုံ၊ ဘက် လိုက်မှု ရှိနေသည်၊ လိုသလို ဆွဲပြော နေသည်စသဖြင့် သည်းမခံနိုင်ကြ။ ချက်ခြင်းတုံ့ပြန် ပြောဆိုချင်ကြသည် (အချို့က ဝင်လု ပြောသည်။ အချို့ က ပြောခွင့်ရရန် တန်းစီစောင့်နေသည်)။ အပြစ်မဆိုရက်ပါ။ အနည်းဆုံး အနှစ် နှစ်အလလ ခံစားနေရမှုများကို အစိုးရ အဖွဲ့နှင့် ကြုံတုန်း ရင်ဖွင့်ချင်သည်မှာ မဆန်းပါ။ သူတို့ ပြဿနာများကို ရှင်း ပေးရန် တောင်းဆိုချင်သည်မှာ မှား သည်ဟု မဆိုနိုင်ပါ။

ပြောခွင့်မရှိပါဆိုသောအခါ သပိတ် မှောက် ထပြန်ရန်အထိ အုံးအုံးကြွကြွ ဖြစ်ကြရသည်။ စာနယ်ဇင်းသမားများပင် ထိုင်ရမလိုလို ထရမလိုလို ယောင်ဝေဝေ ဖြစ်ကုန်သည်။ နောက်ဆုံးတွင် အစိုးရ အဖွဲ့မှ မလွှဲမရှောင်သာ လက်လျှော့ လိုက်ရကာ တက်ရောက်သူများအားလုံး ကို ပြောခွင့် ပြုလိုက်ရတော့သည်။
ထိုအခါ သတင်းစာရှင်းလင်းပွဲက သတင်းစာရှင်းလင်းပွဲ မဆန်တော့။ ဒေသခံများပြောဆိုတင်ပြနေစဉ် သာမက စာနယ်ဇင်းသမားများ မေးခွန်းမေးနေ စဉ်အတွင်းလည်း ဆူညံနေတော့သည်။(ဆူညံနေမှုသည် စာနယ်ဇင်းသမားများ မှတ်တမ်းတင် အသံဖမ်းယူမှုအတွက် များစွာ အနှောင့်အယှက် ဖြစ်ရပါသည်။ ပုဒ်မ ၆၆ စန်းထနေသောခေတ်တွင် မှတ် တမ်းသည် စာနယ်ဇင်းသမားများအတွက် အသက်တမျှ အရေးကြီးပါသည်)။

ပိုဆိုးသည်မှာ စာနယ်ဇင်းသမားများ သည် မေးမြန်းနေစဉ် နောက်မှ “ဟိုဟာ မေးပါ။ သည်ဟာကို ရှင်းခိုင်းပါ”ဟု တိုးတိုးတစ်မျိုး ကျယ်ကျယ် တစ်ဖုံအ တင်းတောင်းဆိုမှုများ ကြုံခဲ့ရလေ သည်။ယင်းသည် စာနယ်ဇင်းသမားတို့ အတွက် လုပ်ငန်းနှောင့်ယှက်မှုများ ကြုံရခြင်းပင် ဖြစ်သည်။
ပြဿနာတစ်ရပ်တွင် ပြုလုပ်သူနှင့် ပြုလုပ်ခံတို့ ရှိသည်။ ပြဿနာကြုံနေသူ တိုင်းက မိမိမှန်သည်ဟု အယူရှိတတ် ကြစမြဲ။ စာနယ်ဇင်းသမားက ကျင့်ဝတ် အရမည်သည့် ဘက်မျှမလိုက်ရ။ ဘက် ကင်းရသည်။ နှစ်ဘက်စလုံးကို မျှတ သော အခွင့်အရေးပေးရသည်။ ယင်း သည် အခြေခံကျင့်ဝတ်ဖြစ်သည်။
ပိုဆိုးသည်ကား မိမိတို့အကြိုက် တွေ့သောမေးခွန်းဖြစ်က လက်ခုပ်သံ ဟိန်းညံအောင် အားပေးပြီး တာဝန်ခံ ဖြေရှင်းနေသူများ ကွေ့ဝိုက်ဖြေရှင်း နေပါက ဟေးလားဝါးလား ဆူညံကြခြင်း ဖြစ်သည်။

သတင်းမီဒီယာသမားသည် မူအား ဖြင့် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူ မဟုတ်ပါ။ သတင်းအဖြစ်အပျက်များကို ပကတိတရား အတိုင်း ရှင်းလင်းတိကျစွာ တင်ပြရန်သာ တာဝန်ရှိသည်။ စာနယ် ဇင်းသမားတိုင်းသည် ယခုပွဲတက်ရောက် သူများကိုသာ ကိုယ်စားပြုသည်မဟုတ်။ ယခုပွဲသို့ မလာနိုင်သည့် ဒေသအသီးသီးမှ နိုင်ငံသူနိုင်ငံသားအားလုံးကို ကိုယ်စားပြု သည်။
သို့ကြောင့် မေးခွန်းများကို တက် ရောက်သည့် ပရိသတ်သည်းခြေကြိုက် မေးမြန်းရန် တာဝန်မရှိပါ။ ကွေ့ဝိုက်နေ ပါကလည်း မိမိမေးခွန်းလိုရင်းကို ပြတ်သားတိကျစွာ သိရှိအောင် မေးမြန်း နေပါလိမ့်မည်။ သို့မှသာ ပြည်သူ့ထံ တိကျခိုင်မာသော သတင်းအချက်အလက် တင်ဆက်ပေးပို့နိုင်မည် မဟုတ်ပါလော။
အဖြစ်အပျက်အားလုံး၏ ပင်မ တာဝန်ရှိသူမှာ ပွဲစီစဉ်သူသာ ဖြစ်ပါ သည်။ ပွဲစီစဉ်သည့် တိုင်းအစိုးရအဖွဲ့၏ လုပ်ငန်း မကျွမ်းကျင်မှု၊ မပါးနပ်မှု၊ မပြတ် သားမှုတို့ကြောင့်သာဟု ဆိုရပါမည်။

(၁)တိုင်းအစိုးရအနေဖြင့် မြေယာ ပြဿနာအတွက် လူထုတွေ့ဆုံပွဲ၊ ကြား နာပွဲ၊ မျက်နှာစုံညီဖြေရှင်းပွဲ စသဖြင့် ပြည်သူလူထု တစ်ရပ်လုံးနှင့် သက်ဆိုင် သည့်ပွဲများ လုပ်နိုင်သည်။ ယခုပွဲကဲ့သို့ ဟိုယောင်ယောင်သည် ယောင်ယောင် မလုပ်သင့်။(၂) သတင်းစာရှင်းလင်းပွဲအား ပွင့်လင်းစွာ လုပ်သည်ကို အားပေးသည်။ သို့သော် ဖိတ်ကြားခံရသူတိုင်း ဆွေးနွေး ခွင့်ရမည် မဟုတ်ကြောင်း ကြိုတင် အသိပေး ဖိတ်ကြားရမည်။ ယခုမူ တက် ရောက်သူအားလုံး မကျေလည်မှု၊ လုပ်ငန်း အနှောင့်အယှက်ဖြစ်မှု၊ အချိန်အကန့် အသတ်ဖြစ်မှု များစွာ ကြုံခဲ့ရသည်။ ယင်းအခင်းအကျင်းမျိုး ဖြစ်လာနိုင် ကြောင်းကို ပွဲစီစဉ်သူတိုင်းအစိုးရအဖွဲ့ ကြိုတွက်သင့်သည်။(၃) အရေးကြီးဆုံးအချက် ဖြစ်ပါ သည်။ ယခုပွဲအတွက် တိုင်းအစိုးရအဖွဲ့ အိမ်စာမကြေ။

အထက်တွင် ဆိုခဲ့သည်။ ရှင်းလင်း ပွဲဆိုသည် ရှုပ်ထွေးနေသည်ကို ရှင်းလင်း ရန်ဖြစ်သည်။ ထားဝယ်မြို့ပြစီမံကိန်း ဧရိယာအတွင်း ဒေါ်ရီရီထွေးနှင့် DDPCကုမ္ပဏီတို့ လတ်တလော ဖြစ်ပွားနေ သည့်ကိစ္စကို အဓိက ထားရှင်းလင်းမည်ဟု ပြောထားသည် (DDPC)မှ လယ်သမား တစ်ဦးအား ကရုဏာကြေးပေးထားသည့် စာချုပ်ပင် တိုင်းအစိုးရ တရားဝင် ဖေ့ဘုတ်ပေ့ခ်ျတွင် ဖော်ထားသေးသည်)။သို့သော် ယင်းကုမ္ပဏီ လုပ်ပိုင်ခွင့် ရထားသည်ဆိုသော စာရွက်စာတမ်း များပင် ပါမလာ(နောက်မှ တစ်ယောက် ယောက်က လာပေးလေသည်။ ယင်း စာရွက်စာတမ်းများကို ကြည့်ပင် မကြည့် ရသေးဟု ဆိုသည်။ ပိုဆိုးသည်မှာ အစိုးရ က ယင်းစာရွက်စာတမ်းများအား ကြည့် စရာမလို၊ ကြည့်စရာအကြောင်း မရှိဟု ပြောလာသည်။

အခြားမေးခွန်းများသည်လည်း လိုရင်းမရောက် ကွေ့ဝိုက်ပေရှည်နေ သဖြင့် တက်ရောက်သူများ အလှောင်ခံ ခဲ့ရသည်မှာ ရှက်ဖွယ်။ ကြိုမပြင်လာ သဖြင့် မေးခွန်းအချို့ ဖြေရခက်နေပါက အစိုးရအဖွဲ့ဝင်တို့ မျက်နှာများက ပုပ်သိုး သိုး။မီဒီယာသည် အတိုက်အခံမဟုတ်၊ သရုပ်မှန်ကို ပြသည်။ မီဒီယာကို ရှင်းပြ ခြင်းသည် ပြည်သူကို ရှင်းပြခြင်းပင် ဖြစ်သည်။ မီဒီယာကို ပြုံးပြခြင်းသည် ပြည်သူကို ပြုံးပြခြင်းဖြစ်သည်။(အလုပ် များလှပါသော နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံတွေ၊ အမေးအဖြေတွေကြည့်ပြီး အတုယူလိုက် ပါ။)

ယခုပွဲ၏ အဆိုးဝါးဆုံးအချက်မှာ ယခုပြဿနာများအား မည်သို့ဆက် လက် ဖြေရှင်းပါမည်ဟု ခိုင်လုံသည့်အဖြေ သတင်းစာရှင်းလင်းပွဲတွင် မပေးနိုင်ခဲ့။ ဘုရားမဟုတ်သဖြင့် ချက်ချင်းမဖြေရှင်း နိုင်ဟူ၏။ တိုင်းအစိုးရအဖွဲ့အစည်းအဝေး ပြန်ထိုင် ဆုံးဖြတ်ရမည်ဟူ၏။
သတင်းစာရှင်းလင်းပွဲသည် လွှတ် တော်ကဲ့သို့”စာဖြင့် ပေးပို့ဖြေကြား ပါမည်” ဟု ဖြေ၍ရသည့် နေရာမဟုတ်။ ရှုပ်နေသည့်ကိစ္စကို ချက်ချင်းရှင်းသည့် နေရာဖြစ်သည်။ယခုပွဲတွင် တိုင်းအစိုးရအဖွဲ့ ဘာ များရှင်းလင်းခဲ့သနည်း။စစ်အစိုးရသိမ်းထားသည့်မြို့ပြ မြေများအား ယခင်အစိုးရ ချမှတ်ထား သည့်အတိုင်း လုပ်ငန်းများအကောင် အထည် ဖော်နေကြောင်း စမ်းတဝါးဝါး ရှင်းပြနေခြင်းသာ။ ခိုင်လုံအောင်မလေ့ လာ။ ၃၃ ဧကကျော်ကို ကုမ္ပဏီတစ်ခုအား ပေးအပ်ထားသည်မှာ မှန်ကန်ကြောင်း လေသံကြားဖြင့် လာပြောနေခြင်းသာ။အဖြေမရှိ၊ အထောက်အထား အခိုင် အလုံမရှိသည့်အပြင် အိမ်စာမကြေဘဲ အများပြည်သူရှေ့တွင် သတင်းစာ ရှင်းလင်းပွဲ ကျင်းပခြင်းသည် ကိုယ်သေ တွင်း ကိုယ်တူးခြင်းသာ ဖြစ်သည်။ ယင်း ကို ပရိသတ်လက်ခုပ်သံများက သက်သေ ခံနေသည်။

မဲဆွယ်ပွဲများကရခဲ့သော လက်ခုပ် သံများပြန်ရလိုလျှင် တိုင်းအစိုးရ ပြတ်သားရန် လိုအပ်လေပြီ။ ရိုးရိုးနိုင်ငံရေး သမားဘ၀က”May be(ဖြစ်နိုင်ပါ တယ်)” ဟု သံတမန်ဆန်ဆန် ကျင့်ခဲ့ သည်ကို အပြစ်မဆိုနိုင်။ ထိုစဉ်က ပြည်သူ့အခွန်စားမဟုတ်။ယခု အစိုးရ ဖြစ်နေပြီ။ ပြည်သူ့ အခွန်စားနေပြီ။ ပြဿနာတစ်ရပ်ကို ထိရောက်ပြတ်သားစွာ ကိုင်တွယ်ရမည်။ အီလေးဆွဲမနေရန် ပြည်သူတွင် တောင်း ဆိုခွင့် ရှိသည်။ သို့မဟုတ်က ပြည်သူများ ယုန်ထင်ကြောင်ထင် ဖြစ်ကြသည်ကို အပြစ်မပြောသာ။ယခုကား သတင်းစာရှင်းလင်းပွဲ သည်ပင် ပြဿနာဖြေရှင်းနည်းယောင် ယောင်၊ တွေ့ဆုံအဖြေရှာခြင်းယောင် ယောင် ရောချနေ သည်(အသံဖိုင်များကို ပြန်နားထောင်ပါလေ)။ သတင်းစာ ရှင်းလင်းပွဲဆိုသည်မှာ မည်သို့ ကိုင်တွယ် ဖြေရှင်းနေပါကြောင်း ပြည်သူကို ရှင်းပြခြင်း၊ သတင်းထုတ်ပြန်ခြင်းသာ ဖြစ်ရမည် မဟုတ်လော။
ယခုကား “သတင်းစာရှင်းလင်းပွဲ တဲ့လား” ဟုသာ အော်မေးချင်စရာ ဖြစ် နေပါတော့သည်။