ချောင်းဆုံ-မော်လမြိုင် လိုင်းကား အစီး ၁၃၀ ကျော် ပြေးဆွဲမည်

0
429
သံလွင်တံတား(ချောင်းဆုံ) လက်ရှိ မြင်ကွင်း

မွန်ပြည်နယ် မော်လမြိုင်မြို့နှင့် ချောင်းဆုံ(ဘီလူးကျွန်း) ကို ဆက်သွယ်ထားသည့် သံလွင်တံတား(ချောင်းဆုံ) ဖွင့်ပြီးပါက ချောင်းဆုံနှင့် မော်လမြိုင်သို့ လိုင်းကားအစီး ၁၃၀ ကျော် ပြေးဆွဲရန် စီစဉ်ဆောင်ရွက်နေသည်ဟု ချောင်းဆုံမြို့နယ် ယာဉ်လုပ်ငန်းများထိန်းသိမ်းကြီးကြပ်ရေးကော်မတီ (ယထက) မှ သိရသည်။

လက်ရှိတွင် အဆိုပါ ယာဉ်များ တိုးချဲ့ယာဉ်လိုင်စင်ရရှိရန်အတွက် ပြည်နယ်လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းရေးမှုဌာနသို့ တင်ပြထားသည်ဟု အထက်ပါ ကော်မတီ ဥက္ကဋ္ဌ ဦးဝင်းသိန်းက ပြောသည်။

“ချောင်းဆုံမှာရှိနေတာက ကားအစီးရေ ၁၇၀ ရှိတယ်၊ လောလောဆယ်မှာ ၁၃၀ ကျော်ဘဲ အရင်ပြေးဆွဲမယ် ကျန်တဲ့ကားတွေကို နောက်မှ တိုးချဲ့ဆက်လုပ်သွားမယ်” ဟု ၄င်းက ပြောသည်။

ယာဉ်စီးခအနေဖြင့် ဂိတ်စနှင့် ဂိတ်ဆုံးကို ကျပ် ၁၅၀၀ သတ်မှတ်ထားပြီး စီးမည့်နေရာပေါ်မူတည်ပြီး ဈေးနှုန်းကွာခြား သွားမည်ဖြစ်ကြောင်း ဦးဝင်းသိန်းက ပြောသည်။

သိန်းသန်းကျော်၊ ရွှင်လန်းနှင့် ရိုးရိုးလေးယာဉ်လိုင်းတို့လည်း ချောင်းဆုံသို့ ပြေးဆွဲရန် တိုးချဲ့ယာဉ်လိုင်စင်လျှောက်ထားကြောင်း ပြည်နယ်လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းမှုဌာနမှ သိရသည်။

လက်ရှိတွင် ရန်ကုန်-မော်လမြိုင်-ချောင်းဆုံသို့ ပြေးဆွဲမည့် သိန်းသန်းကျော်ယာဉ်လိုင်းနှင့် မော်လမြိုင်-ချောင်းဆုံသို့ ပြေးဆွဲမည့် ရွှင်လန်းယာဉ်နှစ်လိုင်းတို့ကို လိုင်စင်ကျထားပြီးဖြစ်ကြောင်း သိရသည်။

ချောင်းဆုံဘက်ခြမ်း၌ ယာဉ်ရပ်နားရာနေရာမရှိသေးသည့်အတွက် ယာဉ်လိုင်းများရပ်နားရန် အခက်အခဲရှိနေသည့် အနေ အထားဖြစ်ကာ လက်ရှိတွင် ယာဉ်များကို ချောင်းဆုံမြို့တိုးချဲ့ရပ်ကွက်ရှိ စုပေါင်းရုံးဈေးနေရာတွင် သက်ဆိုင်ရာ တာဝန်ရှိသူ တို့နှင့် ညှိနှိုင်းပြီး ယာယီရပ်နားထားရှိရန် စီစဉ်ထားသည်ဟု မြို့နယ် ယထကမှ သိရသည်။

မော်လမြိုင်မြိုဘက်ကမ်း မုပွန်နှင့် ချောင်းဆုံဘက်ကမ်း ကညှော်သို့ ဆက်သွယ်တည်ဆောက်ထားသည့် သံလွင်တံတား (ချောင်းဆုံ)သည် ယခင်အစိုးရလက်ထက် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလက စတင်အကောင်အထည်ဖော် တည်ဆောက်ခဲ့ပြီး ၂၀၁၇ ခုနှစ် ဧပြီလပထမအပတ်တွင် ဖွင့်လှစ်သွားမည်ဖြစ်သည်။

သံလွင်တံတား (ချောင်းဆုံ)ကို ဗိုလ်ချုပ်အောင်ဆန်းတံတားအမည်ပေးရန် စီစဉ်နေခြင်းနှင့် ပတ်သက်ပြီး ဌာနေဒေသခံ တိုင်းရင်းသားတို့က ကန့်ကွက်လျက်ရှိနေသည်။