အိတ်ဇောပိုက်ဖြုတ် ဆိုင်ကယ်များ သင်္ကြန်မတိုင်မီ ဖမ်းမည်

0
398

အများပြည်သူ စိတ်အနှောက်အယှက်ဖြစ်စေမည့်  အိတ်ဇောဖြုတ် မောင်းနှင်သော မော်တော်ဆိုင်ကယ်များ ကို သင်္ကြန်မတိုင်မီ အထူးစီမံချက်ဖြင့် ဖမ်းဆီးအရေးယူသွားမည်ဟု  အမှတ်(၇၆)ယာဉ်ထိန်း တပ်ဖွဲ့စုမှူးရုံး (မြိတ်)မှ သိရသည်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲအပြီးနှင့် သင်္ကြန်ကာလမတိုင်မီကာလအတွင်း ဖမ်းဆီးမည်ဖြစ်ကြောင်း ယင်းရုံးမှ သိရသည်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ မတ်လ ၁၇ ရက်တွင် ပြီးမည်ဖြစ်သည်။

“အလားတူပဲ  ဆိုင်ကယ်ဦးထုပ်မဆောင်းတာ၊  နံပါတ်ပြား မတပ်တာ၊ မှန်ကိုင်းမတပ်တာတွေကိုလဲ စစ်ဆေးအရေးယူ သွားမယ်”ဟု အထက်ပါရုံးမှ ဒုရဲမှူး နေဝင်းက ပြောသည်။

ညဘက်တွင်လည်း မီးမပါဘဲ မောင်းနှင်သည့် ထော်လာဂျီနှင့် ဘေးတွဲဆိုင်ကယ်များကို  ပူးပေါင်းအဖွဲ့ဖြင့် ပိတ်ဆို့ စစ်ဆေးအရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။

“ဆိုင်ကယ်တွေကို အိတ်ဇောဖြုတ်ပြီးမောင်းရင် ဆူညံတော့ အများအစိတ်အနှောက်အယှက်ဖြစ်ရတယ်။ ယာဉ်ထိန်းရဲတွေ အနေနဲ့ အဲလိုများများ တားမြစ်ပေးနိုင်ရင် ကောင်းတာပေါ့၊ အန္တရာယ်လဲကင်းတယ်” ဟု မြိတ်မြို့ ၊ မြို့သစ်ရပ်နေ ကိုစိုင်းမင်းက ပြောသည်။
၂၀၁၇ ခုနှစ် ပထမ ၂ လအတွင်း မြိတ်ခရိုင်၌ ယာဉ်မတော်တဆမှု  ၄၀ မှု၊ ဒဏ်ရာရရှိသူ ၅၉ ဦး၊ သေဆုံးသူ ၁၃ ဦး ရှိခဲ့ကြောင်း အမှတ် (၇၆) ယာဉ်ထိန်းတပ်ဖွဲ့စုမှူးရုံး(မြိတ်) ၏ မှတ်တမ်းများအရ  သိရသည်။