ကျိုက်ထီးရိုးရင်ပြင်တော်တွင် အလှူခံသည့် ရဟန်းများကို ဖမ်းဆီး

0
704

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးဘုရား ရင်ပြင်တော်ပေါ်တွင် အလှူခံနေသည့် ရဟန်းများကို ဖမ်းဆီး မှု ပြုလုပ်ခဲ့သည်ဟု ဘုရားဂေါပက အဖွဲ့ ထံမှ သိရသည်။

လက်ရှိ ဂေါပကလက်ထက်တွင် ဘုရားရင်ပြင်တော်ပေါ် ရဟန်း၊ သံဃာများ အလှူမခံရန် စာထုတ်ထား သော်လည်း အလှူခံရဟန်းများ တွေ့ရှိ သည့်အတွက် ဂေါပကအဖွဲ့၊ ကျိုက်ထို မြို့နယ် သံဃာ့နာယကအဖွဲ့၊ ကျိုက်ထို မြို့နယ် သာသနာရေးဦးစီးမှူး၊ ကင်မွန်း ချောင်းကျေးရွာ အုပ်ချုပ်ရေးအဖွဲ့နှင့် နယ်မြေခံ ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး ဖေဖော်ဝါရီလ ၁၄ ရက်က ဖမ်းဆီးခဲ့ရာ ရဟန်း ၅၁ ပါးနှင့် မယ်သီလရှင် ၂ ပါး တို့ကို ဖမ်းဆီးရမိသည်ဟု ဂေါပကအဖွဲ့ မှ သိရသည်။
” ဖမ်းဆီးမိတဲ့ သံဃာတွေကို အရေး ယူဖို့ ကျိုက်ထိုမြို့ သံဃနာယက အဖွဲ့ ထံသို့ ပင့်ဆောင်သွားတယ်၊ ကျိုက်ထို ရောက်မှ စစ်ဆေးမှုလုပ်ပြီး အရေးယူမယ် ပြောတယ်၊ ဘုရားဖူးသူတွေကို နေ့တိုင်း နေ့တိုင်း တောင်းနေတာ တွေ့တော့ သံဃာ့ဝိနည်းနဲ့ မညီလို့ ဒီလိုလုပ်လိုက် တာပါ၊ နိုင်ငံခြားဘုရားဖူးတွေ ဒီလို အလှူခံနေတာတွေ့တော့ မြင်မကောင်း လို့ နောင်လည်း ဒီလိုလုပ်သွားတော့ မယ်” ဟု ဂေါပကအဖွဲ့ဝင် ဦးအေးမြင့်သိန်း က ပြောသည်။

ယခုဖမ်းဆီးထားသည့် ရဟန်းများ သည် အဖွဲ့လိုက် စီးပွားရေးလုပ်ငန်း တစ်ခုသဖွယ် အလှူခံခြင်းဖြစ်ပြီး ၎င်း တို့ကို စစ်ဆေးမှု ပြုလုပ်ရာတွင် အလှူခံ ရရှိထားသည့် ငွေကျပ် ၁၀ သိန်းကျော်ကို စစ်ဆေးတွေ့ရှိကြောင်း ဦးအေးမြင့်သိန်း က ဆက်ပြောသည်။ “ကျိုက်ထိုမြို့နယ် သံဃနာယက အဖွဲ့က စစ်ဆေးမှုတွေ လုပ်တယ်၊ လူဝတ်လဲပြီး နေရပ်ဒေသကို ပြန်လွှတ် လိုက်မှာပါ” ဟု ကျိုက်ထိုမြို့နယ်သာသနာ ရေး ဦးစီးမှူး ဦးဝေနိုင်က ပြောသည်။
ဂေါပကအဖွဲ့ အသစ်လက်ထက် တွင် ဘုရားဖူးများစိတ်အနှောင့် အယှက် မရှိဘဲ အေးချမ်းစွာ ဘုရားဖူးနိုင်ရန် အတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး အရေးယူမှုများလည်း ပြုလုပ်လျက်ရှိ သည်။

၎င်းပြင် ဈေးဆိုင်များ၊ နတ်နန်း အလှူခံဌာနများနှင့် ပတ်သက်ပြီး စည်းကမ်းချက်များ ထုတ်ပြန်ထားကာ စည်းကမ်း ဖောက်ဖျက်သည့် ဆိုင်များကို ပထမအကြိမ် ခေါ်ယူအသိပေးခြင်း၊ ဒုတိယအကြိမ် ထပ်မံဖောက်ဖျက်ပါက ဆိုင်ယာယီ ပိတ်သိမ်းသည့် စနစ်ဖြင့် အရေးယူသွားမည်ဟု ထုတ်ပြန်ထားသည်။