မောတောင်နယ်စပ် ယာယီဈေး မြိတ်အများပိုင် ဆောက်မည်

0
355

မြန်မာ-ထိုင်း နယ်စပ်တစ်ခုဖြစ် သည့် တနင်္သာရီမြို့နယ် မောတောင် နယ်စပ်တွင် ဆောက်လုပ်မည့် ယာယီ ဈေးကို မြိတ်အများပိုင်က တာဝန်ယူ တည်ဆောက်သွားမည်ဖြစ်ကြောင်း ယင်းဈေးဖြစ်မြောက်ရေး ကော်မတီ အဖွဲ့ဝင် ကိုအေးမင်းကိုထံမှ သိရသည်။

လက်ရှိတွင် မောတောင် ဒေသခံ တစ်ချို့သည် ထိုင်းနိုင်ငံ စင်ခွန်းနယ် စပ်ဂိတ် တောင်ခြေဈေးတွင် သွားရောက် ရောင်းချနေရပြီး အခက်အခဲတစ်ချို့ ကြုံတွေ့နေရသည့်အတွက် ယာယီဈေး တစ်ခုကို တည်ဆောက်ရန် လိုအပ်နေ ကြောင်း ကော်မတီအဖွဲ့မှ သိရသည်။”အများပိုင်က ဆောက်ပေးဖို့ သဘောတူထား ပြီးပါပြီ” ဟု ကော်မတီ အဖွဲ့ဝင် ကိုအေးမင်းကိုက ပြောသည်။မောတောင်နယ်စပ်ယာယီဈေးကို မြိတ်အများပိုင်ကုမ္ပဏီမှ တာဝန်ယူ ဆောက် လုပ်ပေးနိုင်ရန်အတွက် ဖေဖော် ဝါရီလ ၁၃ ရက်က ဈေးကော်မတီနှင့် နှစ်ဦးနှစ်ဖက်တွေ့ဆုံခဲ့ပြီးဖြစ်ကာ ယခုလအတွင်း ဈေးဆောက်လုပ်ရန် စီစဉ်သွားမည် ဖြစ်ကြောင်း သိရသည်။

ထိုင်းဘက်ခြမ်း တောင်ခြေတွင် ဒေသထွက်ခြံထွက်ပစ္စည်းများ သွား ရောက်ရောင်းချရာတွင် ထိုင်းဘက်မှ သုံးဘီး(နောက်တွယ်) ကုန်တစ်ခေါက် လျှင် ဘတ်ငွေ ၃၀၀ ကောက်ခံခြင်း၊ မောတောင်သို့ ပြန်အတက်တွင် ထိုင်း ဘက်မှ တောင်းသလောက်ပေး နေရ ခြင်း၊ မြန်မာဈေးသည်များ ဈေးရောင်းချ သည့် နေရာများ မကြာမကြာ ပြောင်းရွှေ့ ခံနေရခြင်း စသည့် အခက်အခဲများ ရှိနေ ကြောင်း မောတောင်ဒေသခံ ဈေးသည် တစ်ချို့ထံမှ သိရသည်။

ယာယီဈေးတွင် အင်္ဂတေအောက်ခံ ခုံတုံးပါ ၁၀ ပေပတ်လည်လျှင် ထိုင်း ဘတ်ငွေ တစ်သောင်းခွဲခန့် ကုန်ကျနိုင် မည်ကို ခန့်မှန်းထားပြီး ကျသင့်ငွေများကို တစ်နှစ်အတွင်း အရစ်ကျစနစ်ဖြင့် ပြန် လည်ပေးချေရမည်ဖြစ်ကြောင်း ဈေး ကော်မတီမှ သိရသည်။