တနင်္သာရီတွင် ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးပွဲ ကျင်းပ

0
364

ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကို ထားဝယ် တက္ကသိုလ်တွင် ဇန်နဝါရီလ ၂၃ ရက်မှ ၂၅ ရက်အထိ ကျင်းပခဲ့သည်။
ဆွေးနွေးပွဲ ပထမနေ့နှင့် ဒုတိယနေ့ မနက်ပိုင်းတွင် နိုင်ငံရေးကဏ္ဍဆိုင်ရာ စာတမ်း၊ စီးပွားရေးကဏ္ဍဆိုင်ရာ စာတမ်းနှင့် မြေယာနှင့် သဘာဝ ပတ်ဝန်းကျင်ကဏ္ဍ ဆိုင်ရာစာတမ်းတို့ကို ဖတ်ကြားတင်သွင်းခဲ့သည်။


” တနင်္သာရီတိုင်းမှာ ပထမဆုံး ကျင်းပလို့ ဂုဏ်ယူရမှာ ဖြစ်သလို ပထမဆုံးဖြစ်လို့ စိန်ခေါ်မှုတွေ ရှိပါ တယ်” ဟု ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အတွင်းရေးမှူး ဦးမျိုးဝင်းက ဆိုသည်။ ဆွေးနွေးပွဲ ဒုတိယနေ့ နေ့လည် ပိုင်းတွင် ဆွေးနွေးပွဲတက်ရောက်သူများ က ယင်းစာတမ်း ၃ ခုကို ထပ်မံ ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲ တတိယ နေ့တွင် အပြီးသတ်စာတမ်း ၃ စောင်ကို ဖတ်ကြားတင်သွင်းသွားခဲ့သည်။

 
UPDJC  က ချထားပေးသည်မှာ နိုင်ငံရေးခေါင်းစဉ်အောက်တွင် ဖက်ဒ ရယ်နိုင်ငံရေး ဖြစ်သော်လည်း လက်ရှိ ဆွေးနွေးနေသည်မှာ နိုင်ငံရေး တစ်ခု လုံးကို ခြုံငုံဆွေးနွေးနေသကဲ့သို့ ဖြစ်နေ သည်ဟု ထားဝယ်လူငယ် အစည်း အရုံး ဥက္ကဋ္ဌ ကိုကျော်မင်းထိုက်က ထောက်ပြ သည်။

 
” နားလည်မှုလွဲနေသေးတာလည်း ဖြစ်နိုင်ပါတယ်” ဟု ကိုကျော်မင်းထိုက်က ဆိုသည်။
၃ ရက်တာ ကျင်းပခဲ့သည့် ဆွေး နွေးပွဲကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ UPDJC ဒုတိယ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ ငြိမ်းချမ်း ရေးကော်မရှင် အဖွဲ့ဝင်များ အပါအဝင် စုစုပေါင်းအင်အား ၇၀၀ ကျော် တက်ရောက်ခဲ့ကြသည်။