ထားဝယ်တွင် တရားမဝင်လက်နက်များ အပ်နှံရန် ညွှန်ကြားချက်ထုတ်ပြန်

0
405

ခရိုင်အတွင်း ရပ်ကွက်၊ ကျေးရွာများတွင် ပြည်သူများ တရားမဝင် လက်နက်များ ကိုင်ဆောင် အသုံးပြုနေပါက အပ်နှံကြရန် နိုဝင်ဘာလ ၄ ရက်က သက်ဆိုင်ရာ ရပ်^ကျေး အုပ်ချုပ်ရေးမှူး များအဆင့်ထိ ညွှန်ကြားလိုက်ကြောင်း ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

လောင်းလုံးမြို့နယ်အတွင်းရှိ ဘူး ထောင့်ကမ်းခြေတွင် ဖြစ်ပွားခဲ့သည့် သစ်ခိုးထုတ်မှု၊ တရားမဝင် လက်နက် ကိုင်ဆောင်မှု ပြဿနာအပြီးတွင် ခရိုင်အတွင်း တရားမဝင် သေနတ်များ ရှိနေနိုင်သေးသည့် အတွက် လက်နက်များအပ်နှံကြရန် ယင်းကဲ့သို့ ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း ထားဝယ်ခရိုင် အုပ်ချုပ်ရေး မှူးက ဆိုသည်။ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် မေလကလည်း ပြည်သူများတရားမဝင် သေနတ်ကိုင်ဆောင်ထားပါက အပ်နှံကြရန် ယင်းကဲ့သို့ ညွှန်ကြားစာထုတ်ခဲ့ သေးသည်။

 
” ဘူးထောင့်ကမ်းခြေ ပြဿနာကို သင်ခန်းစာယူပြီး ခရိုင်ထဲမှာ သေနတ်တွေ ရှိနေနိုင်သေးတဲ့ အတွက် ကြိုတင် ကာကွယ်တဲ့အနေနဲ့ အပ်ခိုင်းတာ” ဟု ခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ချိုက ပြော သည်။

တရားမဝင်သေနတ်(တူမီး)များလာရောက်အပ်နှံပါက အရေးယူမည်မဟုတ်ဘဲ မအပ်နှံဘဲ လက်ဝယ်ထားရှိစဉ် တာဝန်ရှိသူများ စစ်ဆေးတွေ့ရှိပါက အရေးယူသွားမည်ဖြစ်ကြောင်း ၎င်းက ဆို သည်။သေနတ်များကို သက်ဆိုင်ရာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် လာအပ်ခိုင်းထားကြောင်း ထားဝယ်ခရိုင် ရဲတပ်ဖွဲ့မှူးက ဆိုသည်။

တရားမဝင် သေနတ်များအပ်နှံရန် စာထုတ်ပြီးနောက်ပိုင်းတွင် လောင်းလုံးမြို့နယ်အတွင်းရှိ တီဇစ်ရွာမှ ၃ လက်၊ ကရင်ကြီးရွာမှ ၄ လက်နှင့် ချောင်းဖျားကြီးရွာမှ ၅ လက်ကို ရပ် /ကျေးအုပ်ချုပ် ရေးမှူးများမှတစ်ဆင့် လာအပ်ခဲ့ပြီးဖြစ်ကြောင်း ထားဝယ်ခရိုင် ရဲတပ်ဖွဲ့မှူးက ဆိုသည်။
” လာအပ်တဲ့သူတွေကို အရေးမယူပါဘူး၊ အရေးယူလို့လည်း မရပါဘူး ” ဟု ခရိုင်ရဲတပ်ဖွဲ့မှူးက ပြောသည်။
ခရိုင်အတွင်း ပြီးခဲ့သည့်နှစ်က တရားမဝင် တူမီးသေနတ် အလက်ပေါင်း ၁၅၀၀ ကျော် လာရောက် အပ်နှံခဲ့ကြောင်း ခရိုင်ရဲတပ်ဖွဲ့မှူးထံမှ သိရသည်။