မွန်လက်နက်ကိုင်အဖွဲ့ လက်နက်အပ်နှံ

0
492

မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးနယ်စပ်တွင် အခြေပြုလှုပ်ရှားနေသည့် မွန်လက်နက်ကိုင်အဖွဲ့တစ်ခု တပ်ဖွဲ့ဝင်အင်အား ၂၀ ဦးဖြင့် ဒေသအခြေစိုက် အမှတ် (၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တွင် လက်နက်အပ်နှံခဲ့ကြသည်။

နိုင်လိုန်းနှင့် နိုင်လွန်ဦးဆောင်သည့် အဆိုပါ မွန်လက်နက်ကိုင်အဖွဲ့သည် လက်နက်အပ်နှံရန် ဇွန် ၂၃ ရက်နေ့က အမှတ် (၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်က တာဝန်ရှိသူတို့နှင့် ဆွေးနွေးခဲ့ပြီး လက်နက်အပ်နှံခြင်း ဇွန်လ ၂၅ ရက်နေ့တွင် အခမ်းအနားဖြင့် ကျင်းပပြုလုပ်ခဲ့သည်။ ယင်းနောက် လူထုကိုလည်း တောင်းပန်ခဲ့သည်။

Armed GP
ဓာတ်ပုံ – အောင်နိုင်ဝင်း – YSS

“မွန်ပြည်နယ် ရေးမြို့နယ် စကခ (၁၉) မှာ အလင်းဝင်နေတယ်၊ လူ ၂၀ နဲ့ လက်နက်ပါတယ်” ဟု မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းနိုင်ဦးက ပြောသည်။

မွန်လက်နက်ကိုင်အဖွဲ့မှ M-16 အတို ၁ လက်နှင့် အရှည် ၂ လက်၊ AK-47 အရှည် ၁ လက်နှင့် ခေါက်ဒင် ၂ လက်၊ ကာဘိုင် ၁ လက်၊ ပစ္စတို ၂ လက်၊ တလုံးထိုးပစ္စတို ၁ လက် စုစုပေါင်း လက်နက်ငယ် ၁၀ လက်၊ လက်နယ်ငယ်ကျည်မျိုးစုံ  ၂၄၃ တောင့်၊ ကျည်ကဒ် ၁၂ ခု၊ လက်ပစ်ဗုံး ၅ လုံး၊ လက်လုပ်မိုင်း ၃ လုံး၊ လမ်းလျှောက်စကားပြောစက် ၂ လုံးတို့ အပ်နှံခဲ့သည်။

“ဒီနေ့ လက်နက်အပ်တယ်၊ ဘာတွေသဘောတူညီကြတယ်ဆိုတာကိုတော့ သဲသဲကွဲကွဲမသိရသေးဘူး၊ သိရသလောက်ကတော့ ဒီကာလမတိုင်ခင်မှာ နိုင်လှိန်းတို့အဖွဲ့ကနေ ရေးတောင်ပိုင်းဒေသနဲ့ ရေဖြူမြို့နယ်ဘက်မှာ အကောက်ခွန်ကိစ္စတွေကို လွတ်လွတ်လပ်လပ် ကောက်ခံနေတာတော့ရှိတယ်” ဟု လက်နက်အပ်နှံသည့် မွန်လက်နက်ကိုင်အဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

နိုင်လိုန်းနှင့် နိုင်လွန်ဦးဆောင် လက်နက်ကိုင်အဖွဲ့သည် ၂၀၁၂ ခုနှစ်က မြန်မာစစ်တပ်ထံ လက်နက်ချခဲ့သည့် နိုင်ဗင်နှင့် ညီအကိုများဖြစ်ကြပြီး နိုင်ဗင်လက်နက်ချစဉ်က ပါဝင်ခဲ့ခြင်းမရှိဘဲ ရေးတောင်ပိုင်းဒေသတွင် အခြေပြုလှုပ်ရှားနေသည့် မွန်လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည်။

ပြီးခဲ့သည့် မေလကလည်း ရေးတောင်ပိုင်းနှင့် ရေဖြူမြို့နယ်ဘက်တွင် လှုပ်ရှားနေသည့် နိုင်မွန်ချမ်းဦးဆောင်သည့်အဖွဲ့က အဖွဲ့ဝင် ၁၈ ဦးနှင့် လက်နက်ငယ် ၁၂ လက်ကို ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးထံ လက်နက်အပ်နှံခဲ့သည်။

ရေးမြို့နယ်တောင်ပိုင်းဒေသနှင့် ရေဖြူမြို့နယ်ဒေသတွင် မွန်ပြည်သစ်ပါတီမှ တပ်အင်အား လှုပ်ရှားမှုမရရှိတော့သည့်နောက်ပိုင်းတွင် ဒေသတွင်း လက်နက်ကိုင်အဖွဲ့ငယ် ၃ ဖွဲ့ ထက်မနဲ ပေါ်ပေါက်ခဲ့ပြီး ဒေသအတွင်း ဓားပြမှု၊ ပြန်ပေးဆွဲမှု ငွေကြေးတောင်းခံမှု အစရှိသည့်လုပ်ရပ်များ မကြာခဏပေါ်ထွက်ခဲ့သည်။

အဆိုပါဖြစ်စဉ်များနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့နှင့် တပ်မတော်က ဝိုင်းဝန်းရှာဖွေ ဖမ်းဆီးခြင်း၊ စုံစမ်းစစ်ဆေးခြင်းများ ပြုလုပ်နေရကြောင်း၊ ခေါဇာမြို့မ ရဲစခန်းတွင် ဓားပြတိုက်ခံရသည်ဟုဆိုကာ လာရောက်အမှုဖွင့်ထားသည့် အမှု ၅ မှုထက်မနည်းရှိနေကြောင်း ခေါဇာမြို့မရဲစခန်းမှ သိရသည်။