ရန်ကုန် – ထားဝယ် အဝေးပြေး ယာဉ်များထံ လက်နက်ကိုင်များ ငွေတောင်း

0
395

ရန်ကုန်-ထားဝယ်ကားလမ်းပေါ်ရှိ လော့သိုင်းကျေးရွာအနီးတွင် မေလ ၉ ရက် နံနက်ပိုင်းက လက်နက် ကိုင်ဆောင် ထားသူ ၅ ဦးက မော်တော်ယာဉ်အချို့အား တားဆီးကာ ငွေကြေးတောင်းခံခဲ့ကြောင်း သက်ဆိုင်ရာနယ်မြေရဲတပ်ဖွဲ့၏ မှတ် တမ်းများအရ သိရသည်။


ယင်းကျေးရွာအနီးတွင် ကရင် အမျိုးသား အစည်းအရုံး (KNU)  တပ်မဟာ(၄)မှ တပ်သားအဆင့်ရှိ သူ ၅ ဦးသည် လက်နက်သုံးလက် ကိုင် ဆောင်ကာ သွားလာနေကြသည့် အဝေး ပြေးခရီးသည်တင်ကား ၆ စီး အပါအဝင် စုစုပေါင်း ကား ၉ စီးအား ရပ်နားစေကာ ငွေကြေးတောင်းခံသဖြင့် သဒ္ဓါကြေး အဖြစ် ကားတစ်စီးလျှင် ငွေကျပ် ၇၀၀၀ မှ ငွေကျပ် ၂၀၀၀၀ ပေးဆောင်ခဲ့ရကြောင်း အထက်ပါရဲမှတ်တမ်းတွင် ဖော်ပြထား သည်။
တပ်မတော် အစိုးရလက်ထက် ထားဝယ်-မော်လမြိုင်လမ်းပိုင်းတွင် ဓားပြတိုက်မှုများ အနည်းဆုံး တစ်နှစ် တစ်ကြိမ်ခန့် ပုံမှန်ဖြစ်ပွားလေ့ရှိပြီး ဦးသိန်းစိန် အစိုးရတက်လာပြီး နောက် ပိုင်း ၂၀၁၄ ခုနှစ်တွင် တစ်ကြိမ် ယခု ဖြစ်ပွားသော နေရာနှင့် ၈ မိုင်ခန့် အကွာတွင် ဓားပြတိုက်မှု ဖြစ်ပွားခဲ့ သေးသည်။
ထိုစဉ်က ဓားပြများ၏ တိုက်ခိုက်မှု ကြောင့် ဓားပြတိုက်နေသော နေရာသို့ ရောက်ရှိလာသော KNU တပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးခဲ့သည်။ ဓားပြ အဖွဲ့ဝင်များကိုမူ ဖမ်းမိခြင်း မရှိပေ။ နယ်မြေအေးချမ်းလာပြီး လမ်းပန်း ကောင်းမွန်လာသဖြင့် နေရာအနှံ့အပြားမှ ခရီးသည်များ ထားဝယ်ဒေသတို့ ဝင် ရောက်လည်ပတ်လာချိန်တွင် အထက် ပါကဲ့သို့လက်နက်ကိုင်ငွေကြေး တောင်း ခံမှု ဖြစ်ပွားလာခြင်းဖြစ်သည်။
“အေးအေးဆေးဆေးပါပဲ၊ တောင်း တာပါ။ ကော်ဖီမစ်ဖိုးလေး ပေးပါဗျာ ဆိုပြီး တောင်းတယ်။

ကားသမားကတော့ ပေးလိုက်ပါတယ်။ ထောင်ဂဏန်း လောက်တော့ ပေးလိုက်တယ်ထင်တယ်”  ဟု ငွေအတောင်းခံရသည့် ကောင်းသစ်စံ ခရီးသည်တင်ကားဖြင့် လိုက်ပါလာသည့် ခရီးသည်တစ်ဦးက ပြောသည်။
သေနတ်လွယ်ထားသော်လည်း ခြိမ်းခြောက်တောင်းဆိုသည့် ပုံစံဖြင့် တောင်းဆိုခြင်းမျိုးမဟုတ်ဘဲ လက်ဖက် ရည်ဖိုးတောင်းသည့်အနေဖြင့်သာ တောင်းခြင်းဖြစ်ပြီး လူတစ်ဦးကိုသာ မြင်လိုက်ရသည်ဟု အထက်ပါခရီးသည် က ပြောသည်။
” အခုချိန်မှာ ဒီလိုမျိုးမရှိသင့်တော့ ဘူး။ ခရီးသည်တွေအတွက် သွားရလာရ တွန့်သွားနိုင်တယ်”  ဟု ထားဝယ်- ရန်ကုန် ခရီးသည်တင်ယာဉ်လိုင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မလွှဲ တောင်နယ်မြေရဲစခန်းအား တနင်္သာရီမှ ဆက်သွယ်မေးမြန်းရာ မလွှဲတောင် နယ် မြေရဲစခန်းပိုင်နယ်မြေမဟုတ်သည့်အတွက် အသေးစိတ်မသိ ရှိကြောင်း တာဝန်ကျရဲတပ်ဖွဲ့ဝင်တစ်ဦး က ဖြေကြားသည်။
” အသံကြားရတာကတော့ လော့သိုင်းနဲ့ အလယ်စခန်းကြားမှာ ဖြစ်သွားတာ။ ဓားပြတိုက်တာတော့ မဟုတ်ဘူးလို့ ပြောတယ်။ မုန့်ဖိုးတောင်း တယ်လို့ ပြောတယ်။ အတိအကျတော့ မသိဘူး” ဟု အထက်ပါ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်က ဆိုသည်။
KNU တပ်မဟာ ၄ မြိတ်-ထား ဝယ်ခရိုင်ဆက်ဆံရေးရုံး၏ တာဝန်ရှိသူ တစ်ဦးကမူ ၎င်းအနေဖြင့် ယင်းဖြစ်စဉ်ကို မသိရှိရသေးကြောင်း ပြောဆိုသည်။
အဆိုပါတောင်းခံရရှိသည့် ငွေ ကျပ် ၇၇၀၀၀ ကျပ်အား လော့သိုင်း ကျေးရွာမှ အုပ်ချုပ်ရေးအဖွဲ့ဝင် တစ်ဦး ထံ မေလ ၉ ရက်နေ့ နံနက်အချိန်တွင် KNU တပ်သား ငါးဦးက လာရောက် အပ်နှံခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရ သည်။