မြိတ်ရိုးရာ ကျားအကပွဲကို နှစ်စဉ် ပြုလုပ်သွားမည်

0
429

ပုံမှန် မကျင်းပဖြစ်ဘဲ ဖြစ်နေသည့် ရိုးရာ ကျား အကပွဲကို ယခုနှစ်မှစပြီး နှစ်စဉ် ပြုလုပ်သွားမည် ဖြစ်ကြောင်း ကျားအက အဖွဲ့ခေါင်းဆောင် ဦးထွန်းဦး ထံမှ သိရသည်။ယင်းသို့ ကျားအကပွဲအား နှစ်စဉ် ပြုလုပ်နိုင်အောင် မြိတ် NLD က လိုအပ်သည့် ငွေကြေးကို ပံ့ပိုးပေးမည်ဟု ဦးထွန်းဦးနှင့် မြိတ်မြို့နယ် NLD ဥက္ကဋ္ဌ ဦးဖြိုးဝင်းထွန်းထံမှ သိရသည်။

ရိုးရာကျားအက ပြုလုပ်ရန် ကုန်ကျ ငွေကြေးနှင့် အလှူခံရငွေ မကာမိခြင်း၊ မတည်အလှူရှင်များ မရှိခြင်းနှင့် အခြား အခက်အခဲတစ်ချို့တို့ကြောင့် ကျား အကကို မပြုလုပ်နိုင်သည်မှာ လေးနှစ် ဝန်းကျင်ခန့်ရှိနေပြီဖြစ်ကြောင်း ကျား အကအဖွဲ့မှ သိရသည်။

ပြီးခဲ့သည့် နှစ်နှစ်က ထိုင်းစစ် သံမှူးနှင့်အဖွဲ့ မြိတ်သို့ ရောက်ရှိ စဉ်နှင့် ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၃ ရက်တွင် ကန်ဖျားရပ်ကွက် ကန်စွန်းအင်း ကိုယ်ပိုင် အထက်တန်းကျောင်း ပညာရေး စုံညီပွဲ တော်တွင် ရိုးရာကျားအကကို ထည့်သွင်း ကျင်းပခဲ့ရာက ပြန်လည်အသက်ဝင်လာ ခဲ့သည်။ထို့ပြင် ယခုနှစ် ဖေဖော်ဝါရီလ တွင်းက မြိတ် ကန်ဖျားလမ်းမကြီးရှိ Honda Show Room ဖွင့်ပွဲတစ်ခုနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ မျှဝေခြင်း အစီအစဉ်ကို မြို့ပေါ် ရပ်ကွက် များသို့ လှည့်လည် ပြုလုပ်ရာတွင် မြိတ် ဒေသရိုးရာ ကျားအကကို ထည့်သွင်း ကပြခဲ့ကြောင်း သိရသည်။
ယင်းကျားအကတွင် ကျား ၅ ကောင်၊ ကျားမြီးဆွဲခေါ် ကျားထိန်း ၅ ဦး၊ မုဆိုးတစ်ဦး၊ ဗုံတီးသမားများနှင့် လော်ဘန်ကိုင်သမားတစ်ဦးတို့ ပါဝင် သည်ဟု ဦးထွန်းဦးက ပြောသည်။

မြိတ်ရိုးရာ ကျားအက ဖြစ်ပေါ် လာခြင်းမှာ ရှေးယခင်က မလေးရှား လူမျိုးများ မြိတ်ဆိပ်ကမ်းသို့ ကုန်စည် များ လာရောက် ရောင်းချခဲ့ရာမှတဆင့် ယဉ်ကျေးမှု ဆင့်ပွား ကျန်ရစ်ခဲ့ခြင်း ဖြစ်ကာ မလေးရှားလူမျိုးများမှ သယ် ဆောင်လာခြင်းကို အစွဲပြုပြီး ကုလား ကျားအကဟု ခေါ်တွင်ခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။
ရိုးရာကျားအကသည် တနင်္သာရီ တိုင်းဒေသကြီးအတွင်း မြိတ်နှင့်ပုလော မြို့နယ်တို့တွင်လည်း နှစ်စဉ် တပေါင်း လဆန်းတွင် ပြုလုပ်လေ့ရှိကြသည်ဟု ကျားအက အဖွဲ့ထံမှ သိရသည်။