ဆလုံလူမျိုးများ မျိုးတုန်း ပျောက်ကွယ်လုနီး ဖြစ်လာဟုဆို

0
602

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ဆလုံလူမျိုးများ မျိုးတုန်း ပျောက်ကွယ် လုနီး ပုံစံဖြစ်လာနေပြီဟု မတ်လ ၁၀ ရက်က မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စု ဒုဝန်ကြီး ဦးခင်မောင် အေးက ပြောသည်။
လက်ရှိတွင် ဆလုံလူမျိုးဦးရေ ၁၈၀၀ သာ ကျန်တော့သည့်အတွက် တဖြည်းဖြည်း နည်းသွားပါက ဆလုံ လူမျိုး ပျောက်ကွယ် သွားနိုင်သည်ဟု ဒုဝန်ကြီး ဦးခင်မောင်အေးက မတ်လ ၁၀ ရက်နေ့က စတင် ကျင်းပသည့် ဆလုံ တိုင်းရင်းသား ရိုးရာ ပွဲတော် ဖွင့်ပွဲ တွင် ပြောသည်။

” ဆလုံလူမျိုး အရေအတွက် နည်း သွားတဲ့ အဓိက အကြောင်းအရင်းက မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့်ပါ” ဟု ဆလုံလူမျိုးများ နေထိုင်သည့် မကြုံ ဂလက်ကျေးရွာနေ ဦးခင်မောင်ထွေးက ပြောသည်။
salone_myeik
၂၀၁၂ နိုဝင်ဘာ ၉ ရက် ရက်စွဲဖြင့် ပထမအကြိမ် တနင်္သာရီတိုင်း ဒေသ ကြီးလွှတ်တော် ပဉ္စမပုံမှန် အစည်း အဝေးတွင် တင်သွင်းသည့် အဆိုတွင် တိုင်းအတွင်း ဆလုံဦးရေ ၃၄၃၈ ဦး သာရှိတော့သည်ဟု ဖော်ပြထားပြီး ဆလုံဒေသခံ တချို့ ပြောပြချက်အရမူ ၁၈၀၀ ဝန်းကျင်သာ ရှိတော့သည်ဟု ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် မြန်မာစာဋ္ဌာန၊ တွဲဖက်ပါမောက္ခ ဒေါက်တာရီရီခင်၏ ၂၀၁၄ ခုနှစ်က ပြုစုထားသော ဆလုံလူမျိုး တို့၏ လူမှု ဘ၀ စာတမ်းတွင် ရေးသား ဖော်ပြထား သည်။

ဆလုံလူဦးရေ လျော့နည်း လာ ရခြင်း၏ အကြောင်းအရင်းမှာ မူးယစ် ဆေးဝါးနှင့်အရက်၊ ဆလုံအချင်းချင်း အိပ်ထောင်ပြု နည်းလာခြင်းနှင့် ဆလုံ အုပ်စုတစ်ချို့တို့သည် ထိုင်းနိုင်ငံသို့ ပြောင်းရွေ့ သွားလာခြင်း တို့ကြောင့် ဖြစ်ကြောင်း ယင်းစာတမ်းမှ သိရသည်။

အထက်ပါ အကြောင်း တရားများ သည် ရေငုပ်ကျွမ်းကျင်သည့် ဆလုံ လူမျိုးများအား ရေလုပ်ငန်းရှင် တချို့က မူးယစ်ဆေးများ ကျွေးကာ ခိုင်းစေခြင်း၊ ဆလုံကျွန်းများပေါ်သို့ အခြား တိုင်းရင်း သားများ ရောက်လာပြီး အိမ်ယာ ထူ ထောင်ကြခြင်း၊ ကျွန်းများတွင် ရပ်တည် နေထိုင်ရ အဆင်မပြေသည့်အခါ ရွှေ့ ပြောင်းရင်း ထိုင်းနိုင်ငံဘက် ရောက် သွားခြင်းတို့ကြောင့်ဟု ဆလုံတိုင်းရင်း သားများက ပြောသည်။
မြန်မာနိုင်ငံတွင် တိုင်းရင်းသား လူမျိုး ၁၃၅ မျိုးရှိသည့်အနက် ဆလုံ လူမျိုးသည် ဗမာလူမျိုး အုပ်စုထဲတွင် ပါဝင်ကြောင်း သိရသည်။

မြိတ်ကျွန်းစုအတွင်းရှိ ဒုံးပုလဲ အော်ရွာ၊ ညှာမှိုင်းရွာ၊ လင်းလွန်းအော်ရွာ၊ ပက်ဂလက်ကျွန်း၊ ဘုတ်ပြင်းမြို့ နယ် အတွင်းရှိ အလယ်မန်ကျွန်း၊ လငန်းကျွန်း၊ ကံမော်ကြီးရွာ၊ ကိုဖော့ရွာ၊ ကော့သောင်း မြို့နယ်အတွင်းရှိ မကြုံ ဂလက်ရွာ၊ ညောင်ဝိရွာ၊ ဇာဒက်ကြီး ကျွန်းတို့တွင် ဆလုံလူမျိုးများ နေထိုင်ကြကြောင်း လငန်းရွာရှိ ဆလုံလူမျိုး တစ်ချို့ထံမှ သိရသည်။