မြိတ်တွင် စက်လှေနှစ်စီး မီးလောင်

0
439

မြိတ်မြို့အနီး လှေဒေါက်ကျင်းရှိ လုပ်ငန်းခွင်တစ်ခုတွင် စက်လှေဝမ်းဗိုက်အတွင်း ကန်ပြင်ကို ဂက်(စ်)ဖြင့် အပူပေးရာမှ စက်လှေနှစ်စီး မီးလောင်ကျွမ်းခဲ့သည်။

မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာအုပ်စု ကျွဲကူးကျေးရွာ၊ ချမ်းမြေ့သာယာ ရပ်ကွက်ရှိ ဦးဝင်းဗိုလ်၏ လှေဒေါက် ကျင်းတွင် ဒီဇင်ဘာလ ၃၁ ရက် ညနေ ၄ နာရီကျော်တွင် ငါးကဲ့လှေ တစ်စီးတွင် စတင် လောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး တိုက်လေကြောင့် နံဘေးရှိ ကုန်တင်စက်လှေကို မီးကူးခဲ့ကြောင်း လှေဒေါက်ကျင်းရှိ အလုပ်သမားများထံမှ သိရသည်။
fire_ship_myeik
“ဒီလှေတွေက ပြန်လည်ပြုပြင်ဖို့ လှေဒေါက်တင်ထားတာ တစ်လလောက်ရှိပါပြီ။ စက်လှေ ဝမ်းဗိုက်ထဲကလောင်တာပဲ သိတယ်၊ ဘယ်လိုစလောင်လည်းဆိုတာကတော့ တိတိကျကျမသိဘူး” ဟု လှေဒေါက်ကျင်းမှ အသက် ၃၀ အရွယ် အလုပ်သမားတစ်ဦးက ပြောသည်။
စက်လှေဝမ်းဗိုက်အတွင်း ကန်ပြင်ကို ကပ်ရိုက်ရန်အတွက် သစ်သားပြားကို ဂတ်(စ်)မီးဖြင့် အပူပေးရာမှ လှေဝမ်းဗိုက်အတွင်းရှိ အမှိုက်ပုံးပေါ်သို့ မီးပွားကျပြီး လောင်းကျွမ်းခြင်းဖြစ်ကြောင်း ခရိုင်မီးသတ်ဦးစီးမှူး ဦးဇော်ဝင်းက ပြောဆိုသည်။

“လောလောဆယ်တော့ ဒါပဲ အတည်ပြုနိုင်သေးတယ်”ဟု ၎င်းက ဆိုသည်။
ယင်းလှေဒေါက်ကျင်းမှာ မြိတ်မြို့ မှ ၉ မိုင်ခန့်အကွာတွင် တည်ရှိပြီး လှေဒေါက်တင်နေသော ဝါ လတ်ဝါ တန်းလှေဆယ်ချီရှိသည်။