ထားဝယ်စီမံကိန်း မြန်မာလုပ်သားများ လုပ်ခနှင့်အချိန်ပို တိုးပေးရန်တောင်းဆို

0
352

ထားဝယ် – ကန်ချနပူရီလမ်းရှိ ၁၇ကီလိုမီတာအနီး ITD ကုမ္ပဏီမှ တည်ဆောက်လျက်ရှိသော မြို့ပြ အိမ်ယာစီမံကိန်းမှ မြန်မာ အလုပ်သမား များကကျွမ်းကျင်ပညာရပ်အလိုက် လုပ်ခခံစားခွင့် ပိုပေးရန်နှင့် အချိန်ပို တစ်နေ့လျှင် နှစ်နာရီ လုပ်ခွင့်ပေးရန် တောင်းဆိုခဲ့ကြောင်း အလုပ်သမားများ ထံမှ သိရသည်။

နေ့စား လုပ်သားများကို စမ်းခန့် ကာလ ၆လကျော် အလုပ်လုပ်ကိုင်ခဲ့ ပြီးနောက် အလုပ်ရှင်နှင့် အလုပ်သမား သဘောတူစာချုပ်ချုပ်ဆိုရာ၌ အထက်ပါ အချက်များကို ထည့်သွင်းနိုင်ရန် အလုပ် သမားညွန်ကြားမှုဦးစီးဌာန၊ မြို့ပြ အိမ်ယာစီမံကိန်းရုံးတို့မှ တာဝန်ရှိသူ များနှင့်နေ့စား လုပ်သားများ ဇန်နဝါရီလ ၂ ရက်တွင် တွေ့ဆုံစဉ် အထက်ပါ အချက်ကို နေ့စားလုပ်သားများက တောင်းဆိုခဲ့သည်ဟု သိရသည်။
dawei_workers
“ကိုယ့်ပညာရပ်အလိုက် နေ့စားခ ကိုတိုးပြီးလိုချင်တယ်၊ အခုက အကြမ်း ရော၊ အချောရော( အလုပ်ကြမ်းရော၊ အလုပ်ချောရော) ကျွန်တော်တို့ပဲ လုပ် နေရတာ”ဟု မြို့ပြစီမံကိန်းမှ မြန်မာ လုပ်သားတစ်ဦဖြစ်သူ ဦးသန်းထိုက်က ဆိုသည်။

အလုပ်ခန့်စဉ်က ကျွမ်းကျင်မှု အလိုက် လုပ်ခခံစားခွင့်ပေးမည်ဟု ပြော ထားသည့်အတွက် တောင်းဆိုခြင်းဖြစ်ပြီး အလုပ်သမားညွန်ကြားမှုဦးစီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက လုပ်ငန်း အပေါ်မူတည်ပြီး လုပ်ဆောင်ပေးမည် ဟု ပြောဆိုခဲ့ကြောင်း အလုပ်သမား များက ပြောပြသည်။
ယင်းစီမံကိန်း လုပ်ငန်းခွင်တွင် ထိုင်းနိုင်ငံသား အလုပ်သမားများကို ကျွမ်းကျင်မှုအလိုက် လုပ်ခခံစားခွင့်ပေး ထားပြီး ယင်းစီမံကိန်းအနီးရှိ အသေးစား စက်မှုဇုန် တည်ဆောက်ရေး လုပ်ငန်း ခွင်မှ မြန်မာအလုပ်သမားများလည်း ကျွမ်းကျင်မှုအလိုက် လုပ်ခ ခံစားခွင့်နှင့် တစ်နေ့ ၂ နာရီ အချိန်ပို လုပ်ခွင့် ရရှိ သည်ဟု အလုပ်သမားများက ပြော သည်။

လက်ရှိအချိန်တွင် မြန်မာလုပ်သား တစ်ဦး တနေ့အလုပ်ချိန် ၈နာရီအတွက် လုပ်အားခ ၃၆၀၀ ကျပ်နှင့် အချိန်ပို တစ်နာရီအတွက် လုပ်အားခ ၉၀၀ကျပ် စုစုပေါင်းတနေ့ လုပ်အားခ ၄၅၀၀ ကျပ်၊ တစ်လလျှင်ပျမ်းမျှ၁၂၀၀၀၀ကျပ်သာ ရရှိ၍မိသားစုစားဝတ်နေရေး အဆင် မပြေဟု နေ့စားလုပ်သားများက ပြော သည်။
အလုပ်အချိန်ပို တစ်နာရီ ထပ်မံ လုပ်ကိုင်ခွင့်ရရှိလျှင် ပုံမှန်အလုပ်ဆင်း မည်ဆိုလျှင် တစ်လလျှင် တစ်သိန်းခွဲ ကျပ်ကျော် ရရှိပြီး စာဝတ်နေရေးအနည်း ငယ်အဆင်ပြေလာမည်ဖြစ်၍ အချိန်ပို တစ်နာရီအလုပ်ဆင်းခွင့်ပေးရန် ထပ်မံ တောင်း ဆိုရခြင်းဖြစ်ကြောင်း နေ့စား လုပ်သားတစ်ဦးဖြစ်သူ ဦးမျိုးဝင်းက ပြောဆိုသည်။

ထားဝယ်-ကန်ချနပူရီ လမ်းမကြီး ၏ ၁၆ ကီလိုမီတာနှင့် ၁၇ ကီလိုမီတာ အနီး မြေယာရှင်းလင်းခြင်း စီမံကိန်း၊ အသေးစားစက်မှုဇုန်စီမံကိန်းတို့ လုပ် ကိုင်လျက်ရှိပြီး မြို့ပြအိမ်ယာစီမံကိန်း၌ ၅ထပ် အဆောက်အဦးတစ်လုံး တည် ဆောက်လျက်ရှိသည်။
မြို့ပြအိမ်ယာစီမံကိန်း လုပ်ငန်းခွင် တွင် မြန်မာလုပ်သား ၄၀ဦးဝန်းကျင် လုပ်ကိုင်လျက်ရှိသည်။