အကျိုးရှိသော စည်းရုံးမှု ဖြစ်ပါစေ

ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

မကြာခင်မှာ ဒုတိယအကြိမ် ရွေးကောက်ပွဲ ကျင်းပကြဖို့ အချိန် နီးကပ်လာတာကြောင့် သက်ဆိုင်ရာ ပါတီအသီးသီးက ရွေးကောက်ပွဲမှာ အနိုင်ရရေး နည်းအမျိုးမျိုးနဲ့ စည်းရုံး ကြတော့မှာ ဖြစ်ပါတယ်။ မဲဆွယ်ကာလ က ရက်ပေါင်း ၆၀ ရတယ်။ စက်တင် ဘာလ ၈ ရက်နေ့ မနက်ကနေ နိုဝင်ဘာ လ ၆ ရက်နေ့ ညနေအထိ။

ဆိုတော့ ပါတီတွေရဲ့ စည်းရုံးရေး မှူးဆိုသူများက စကားလုံး အမျိုးမျိုး အတွေးအမြင် အမျိုးမျိုးနဲ့ မက်လုံးတွေ ပေး မဲဆွယ်တော့မှာ ဖြစ်ပါတယ်။
သွားမယ့်လမ်း၊ လုပ်မယ့်မူတွေ ကွဲကောင်း ကွဲပြားနိုင်ပေမယ့် ယေဘုယျ အားဖြင့် ပါတီအားလုံးဟာ ရည်ရွယ်ရာ ပန်းတိုင် တူမယ်ထင်ပါတယ်။ လူအခွင့် အရေး အပြည့်အဝရဖို့၊ တရားဥပဒေ စိုးမိုးဖို့၊ အာဏာရှင်စနစ်နဲ့ တိုင်းပြည်ကို မအုပ်ချုပ်ဖို့ စသဖြင့် တူကြမှာပါ။
အဲဒီလိုအများအကျိုးအတွက် ကိုယ့် အစီအစဉ်နဲ့ ကိုယ် ကောင်းတဲ့ရည်ရွယ် ချက်နဲ့ လျှောက်လှမ်းကြတာကတော့ လေးစားလောက် ပါတယ်။
ယခုအချိန်မှာတော့ ကိုယ့်ပါတီက အနိုင်ရရင် ဘယ်လိုလုပ်ပေးမယ် ဘာ လုပ်ပေးမယ်လို့ မစားရ၀ခမန်း ပြောဆို စည်းရုံးကြပေမဲ့”ဆောက်ဖြစ်မှ ကျောင်း ဒကာ” ဆိုတဲ့ မြန်မာစကားပုံ တစ်ခုကို ပြန်အမှတ်ရမိဖို့ လိုပါတယ်။

အခု အချိန်မှာတော့ ပြည်သူ့ အတွက်ဆိုတဲ့ စကားရပ်ကို ပါးစပ်က မချတမ်းပြောပြီး စည်းရုံးကြမှာ ဖြစ်ပါ တယ်။
ဒါပေမယ့် ရွေးကောက်ပွဲပြီးမှသာ ပိတ်ကားပေါ်မှာ ပြသလို ရှင်းရှင်းလင်း လင်းနဲ့ မူလဇာတိတွေပြမှာ ဖြစ်ပါတယ်။
တကယ်တမ်း အနိုင်ရရှိလို့ လုပ်ပိုင် ခွင့်တွေ ရတဲ့အချိန်မှာ ငါ့အတွက် ငါ့ မိသားစုအတွက် ငါ့ဆွေမျိုးများအတွက် ဆိုသည့် စိတ်တွေ ဝင်လာတတ်တော့ မဲဆွယ်စည်းရုံးတာတွေကို ချင့်ချိန်ယုံရမှာ ဖြစ်သလို သက်ဆိုင်ရာ ကိုယ်စားလှယ် တွေရဲ့ ကိုယ်ရေးရာဇဝင်ကိုလည်း တတ် နိုင်သလောက် လှန်လျှောလေ့လာနိုင်ဖို့ လိုပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ပါတီ အနိုင် ရအောင် စည်းရုံးကြရာမှာတော့ မှန်ကန် တဲ့ စည်းရုံးမှုမျိုးနဲ့ ပြည်သူကို စည်းရုံး စေချင်ပါတယ်။ မလုပ်ပေး နိုင်တာတွေကို လွယ်လွယ်ပေါပေါ ပြောပြီး အာမခံ မက် လုံးပေး မဲဆွယ်တာမျိုးကို မလုပ်စေချင် ပါဘူး။
ဗိုလ်ချုပ်အောင်ဆန်းဟာ တိုင်းတစ် ပါးသားတွေကို တိုက်ထုတ်တဲ့ အချိန်မှာ ဘာမက်လုံးမှ မပေးခဲ့ပါဘူး။
သူနိုင်သလောက် ပြောပြသလို ချက်ချင်း မဖြစ်နိုင်သေးတဲ့အရာတွေကို လည်း သဘောပေါက်အောက် ရှင်းပြပြီး ပြည်သူတွေရဲ့ ယုံကြည်မှုကို ရအောင် ယူခဲ့ပါတယ်။

ဥပမာတစ်ခု ပြရရင် “တိုင်းပြည် လွတ်လပ်ရေးရင်တောင် ခင်ဗျားတို့ ခုလို အေးအေးဆေးဆေးနေရဦးမယ် မဟုတ် သေးဘူး၊ ပညာတတ်တွေ အများကြီး မွေးထုတ်ရဦးမယ်၊ အဲဒီပညာတတ်တွေ မွေးထုတ်ဖို့အတွက် အရည်အချင်း ရှိတဲ့ သူတွေကို ပညာတော်သင် စေလွှတ်ပေးရ ဦးမယ်၊ သူတို့တွေပြန်လာမှ ကိုယ့်နိုင်ငံ မှာ ပညာတွေ ပြန်မျှဝေပြီး ပညာရှင်တွေ တိုးပွားအောင် လေ့ကျင့်ပေးရဦးမယ်၊ အဲဒီ ပညာရှင်တွေကို မွေးထုတ်ပေးဖို့ စာသင်ကျောင်းတွေ တက္ကသိုလ်တွေ အများကြီးဆောက်ရဦးမယ်။ဒါတွေအားလုံးကိုလည်း တစ်ထိုင် တည်း တစ်နှစ်တည်းနဲ့ ပြီးအောင် မလုပ် နိုင်ဘူး နောက်ထပ် အနှစ် ၂၀ ကျော် လောက် စောင့်ရဦးမယ်၊ အဲဒီအချိန် ကျရင်တောင် အားလုံးပြီးဆုံးဦးမယ် မဟုတ်သေးဘူး”စသည်ဖြင့် ရှင်းပြပြီး စည်းရုံးခဲ့တယ်။
တကယ် ရင်ဆိုင်ရမယ့် အမှန်တရား တွေကိုကြိုပြီး ချပြခဲ့တယ်လို့ သိရပါ တယ်။

အခုတော့ ပြောနေဆိုနေတာတွေက အရမ်းလွယ်နေသလိုပါပဲ။ တိုင်းပြည် အတွက်လုပ်တယ်ဆိုတာ လူတစ်စု အတွက်လုပ်တာမဟုတ် လူသန်းပေါင်း များစွာအတွက် လုပ်တာဖြစ်လို့ ဥုံဖွ ဆိုပြီး ချက်ခြင်းကြီး ရွှေလမ်းငွေလမ်း ခင်းနိုင်တာမျိုး မဟုတ်ပါဘူး။ ဒါက သေသေချာချာ အစွဲကင်းကင်းနဲ့ စဉ်းစား ရင် သာမန်လူတစ်ယောက်တောင် သိနိုင် ပါတယ်။

အဲဒီတော့ စည်းရုံးရေး ကာလမှာ ပါတီတွေအနေနဲ့ မဖြစ်နိုင်တာကို မက်လုံး ပေးပြီး မစည်းရုံးစေချင်ပါဘူး။ လူထု ယုံကြည်မှုကိုရဖို့ ကြိုးစားရာမှာ ဖြစ်နိုင် တာကိုပဲ ပြောပြီးစည်းရုံး စေချင်ပါ တယ်။ အမုန်းပွားစေမယ့်၊ ယုတ္တိမရှိတဲ့ စကားလုံးတွေ အိပ်မက်တွေပေးပြီး မစည်းရုံးဖို့ မျှော်လင့်မိပါတယ်။
ကိုယ်ရဲ့ မဲဆွယ်စည်းရုံးရေး ကတိ တွေကိုလည်း တည်ဖို့လိုပါတယ်။ တခါ လာလည်း မွဲပြာပုဆိုး၊ နောက်ရောက်တဲ့ စော်ကဲ ဒိုင်းဝန်ထက်ကဲ ဆိုတာမျိုး မဖြစ်ဖို့ လိုပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက ပါတီစည်းရုံးရေးမှူးတွေရဲ့ အလွယ် ပြောဆို စည်းရုံးမှုတွေကြောင့် လူငယ် တွေကြားထဲမှာ လွဲမှားတဲ့ ခံယူချက်တွေ အတွေးမှားတွေ ဝင်ခဲ့တာကို ကြုံခဲ့ဖူး ပါတယ်။
“ငါတို့ပါတီထဲကိုသာဝင်၊ ငါတို့ ပါတီကိုသာ ထောက်ခံ မင်းတို့ အေးဆေး နေရမယ်၊ ဘာအတန်းပညာမှ မလိုဘူး။ အတန်းပညာ မရှိလည်း ရတယ်။ မင်း တို့ကို တစ်နေရာရာတော့ ပေးမယ် စိတ်ချ” စသည်ဖြင့် မသေချာ မရေရာစွာ၊ လွဲမှားစွာနဲ့ ပါတီဝင်အင်အားရဖို့၊ မဲရဖို့ အဓိကထားပြီး ပြောခဲ့ပါတယ်။
အပေါ်မှာ ပြောသွားတဲ့ စည်းရုံးရေး စကားအရဆိုရင် နိုင်ငံတစ်နိုင်ငံ တည် ဆောက်ရာမှာ မပါမဖြစ်ပါရမယ့် ပညာ တတ်လူငယ်တွေ ပေါပေါများများ ပေါ် ထွန်းလာမည့်အရေးကို ချောင်ထိုး လိုက် သလို ဖြစ်နေပါတယ်။ ပြီးတော့ နိုင်ငံရဲ့ အဖိုးတန်တဲ့ အရင်းအမြစ် တွေဖြစ်တဲ့ လူငယ်တွေကို လွဲမှားတဲ့ အယူအဆတွေ သွတ်သွင်းပြီး မြေဇာပင် လုပ်ပစ်လိုက် တာပါပဲ။
မလုပ်သင့် မလုပ်ကောင်းပါဘူး။

လူငယ်ဆိုတာ အနာဂတ်အတွက် ခေါင်းဆောင်လောင်းတွေပါ။ ကျောင်းနေ ချိန်မှာ ကျောင်းနေရမယ်။ သက်ဆိုင်ရာ နယ်ပယ်အလိုက် ဦးစီးဦးရွက်ပြုရမယ့် အချိန်မှာလည်း ထိုက်သင့်တဲ့ ပညာရပ် တွေကို သင်ကြား တတ်မြောက်ပြီး ဖြစ်ဖို့ လိုပါတယ်။ ဘာမှမတတ်လည်း ရတယ် ဆိုတဲ့ အတွေးမှားမျိုးကို လူငယ် တွေရဲ့ အတွေးထဲ ပစ်ထည့်ပြီး မဲဆွယ်ခဲ့တာ မျိုးကို ဒီတစ်ကြိမ် ရွေးကောက်ပွဲမှာတော့ မဖြစ်စေချင်တောပါဘူး။
အခုမဲရရင်ပြီးရော့၊ ကျန်တာ နောင် ခါလာ နောင်ခါဈေးဆိုတဲ့ စိတ်ဓာတ်က နိုင်ငံရေးသမားကောင်းတွေ ထားသင့်တဲ့ စိတ်ဓာတ် မဟုတ်ပါဘူး။ ဒါမျိုး မဖြစ်ဖို့ ကိုလည်း သက်ဆိုင်ရာ ပါတီတွေက ကြပ် မတ်တာမျိုးကို လုပ်စေချင်ပါတယ်။ လုပ် မယ်လို့လည်း ယုံကြည်ပါတယ်။