ထားဝယ်မှာ မြို့နယ်အဖွဲ့ဝင်ဆိုလို့ ၃ ယောက်ပဲ ကျန်တယ်

0
465

မဝေးတော့သော ရွေးကောက်ပွဲဆီ ပါတီပေါင်းစုံက နည်းအမျိုးမျိုးဖြင့် ပြင်ဆင်နေကြသည်။ အခြားပါတီများ နည်းတူပင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချူပ် အနေဖြင့်လည်း ပြင်ဆင်မှုများ ပြုလုပ်နေသည်ကို တွေ့ရသည်။ လူထု၏ ယုံကြည်ကိုးစားမှုကို ရထားသော်လည်း လစ်ဟာမှုများ အားနည်းချက်များစွာ ရှိနေသည်ကို တွေ့နေရသည်။


သို့ဖြင့်၍  ၁၉၈၈ ခုနှစ်မှ ယခုကာလအတွင်း နိုင်ငံရေး ပါတီတစ်ခု၏ ရပ်တည်ခဲ့ရမှု အနေအထားကို တစိတ်တဒေသ သိခြင်းဖြင့် မိမိတို့၏ လက်ရှိအနေအထားကို ပြန်လည် သုံးသပ်နိုင်ရန်..၊ ဆင်ခြင်နိုင်ရန်အတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ တိုင်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ ဦးဘစိန် (ထားဝယ်မြို့နယ် ဒု-ဥက္ကဋ္ဌ) နှင့် တွေ့ဆုံဖြစ်ခဲ့သည်။
ဦးဘစိန်သည် ပါတီ စတင် တည်ထောင်ချိန်မှစ၍ ရပ်ကွက်ဥက္ကဋ္ဌ၊ ထားဝယ်မြို့နယ် ဥက္ကဋ္ဌ၊ တိုင်းဘဏ္ဍာရေးမှူးစသော တာဝန်များကို ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်သည်

dawe-party

U Ba Sein
U Ba Sein

တနင်္သာရီ။    ။  ၈၈ နောက်ပိုင်း ပါတီ တည်ထောင်စမှာ ပါတီရဲ့ အခြေ အနေက ဘယ်လိုရှိခဲ့လဲ။
ဦးဘစိန်။    ။ ၆. ၁၀. ၈၈၊ ထားဝယ်မှာ ပါတီရုံးဖွင့်တော့ အခြေ အနေ ကောင်းခဲ့ပါတယ်။ ရုံးက အခု မင်္ဂလာဈေးနဲ့ မျက်နှာချင်းဆိုင်က အိမ်မှာ ငှားတယ်။ တစ်နေ့တစ်နေ့ လျှောက်လွှာတွေ ၅၀ လောက် ကုန် တယ်။ ကျောင်းသားတပ်ဦး အပါအဝင် ဖျက်သိမ်းခံလိုက်ရတဲ့ အဖွဲ့အစည်း အတော်များများက လူကြီးလူငယ်တွေ ဝင်လာကြတယ်။ ဝင်လာလာချင်း ပါတီ လုပ်ငန်းတွေကို နေ့မအိပ် ညမအိပ် မခို ကပ်ဘဲ လုပ်ခဲ့ကြတယ်။
ဒေါ်စုရဲ့ တိုင်းတွင်း ပထမခရီးစဉ် အပြီးမှာ ထားဝယ်က ပါတီဝင် ၄ ယောက်လောက် ထောင်ကျသွားတာ တောင် အင်အားက လျော့မသွားဘူး။ သူတို့ ပြန်လွတ်တော့ ပန်းကုံးတွေနဲ့ သောင်းသောင်းဖြဖြ ကြိုကြတာ မှတ်မိ သေးတယ်။
(ဖြည့်စွက်ချက် – ထားဝယ်မြို့ နယ်မှ ဒေါက်တာ သန်းဝင်း၊ ဒေါက်တာ ကျော်လေး၊ ဦးဖေမြင့်တို့ ၁ နှစ်ခွဲစီ ထောင်ကျ၊ သရက်ချောင်းမှ ဦးခင်လှိုင် နှင့် ဦးခင်စိုး ၊ လောင်းလုံးမှ ဦးတင်လှိုင် နှင့် ဦးတင့်လွင်၊ ရေဖြူက ဦးအောင်ဆန်းတင်နှင့် ဦးတင်ကြည်တို့ ၁ နှစ်စီထောင်ကျခဲ့သည်ဟု အင်န်အယ်လ်ဒီ တိုင်းဥက္ကဋ္ဌ ဦးအောင်စိုးထံမှ သိရသည်။)
တနင်္သာရီ။    ။ အဲဒီအချိန်က ပါတီဝင်တွေရဲ့ ခံယူချက်နဲ့ ရပ်တည် မှု အနေအထားက ဘယ်လိုရှိခဲ့လဲဗျ။
ဦးဘစိန်။    ။ အပြောင်းအလဲ တစ်ခု ဖြစ်လာရမယ်..၊ အာဏာရှင်စနစ် ချုပ်ငြိမ်းပျောက်ကွယ်ရမယ်ဆိုတဲ့ ခံယူ ချက် ကိုယ်စီနဲ့ပေါ့..။ အဓိက ကတော့ ၈၈ အရေးအခင်းရဲ့ ခံစားချက်ကြောင့် ဝင်လာသူ ပိုများခဲ့တယ်။
လုပ်ပိုင်ခွင့် ဘာညာ.. ဆိုတာ တွေကို အတော်များများက ဘာမှ ကြိုသိ မထားကြဘူး။ ဘာအခွင့်အရေးမှ မမျှော်မှန်းဘဲ၊ ဘယ်အခွင့်အရေးတွေ ရှိတယ်ဆိုတာတောင် မသိဘဲ စုရုံး လုပ်ဆောင်ခဲ့ကြတာ..။ ဗိုလ်ချုပ်ရဲ့ သမီး ဒေါ်အောင်ဆန်းစုကြည် ဖွဲ့လိုက်တဲ့ အဖွဲ့အစည်းကို အားပေး ဝန်းရံချင်လို့ ဝင်လာတဲ့သူတွေ..၊ အဖွဲ့အစည်းနဲ့ ပူးပေါင်း တိုက်ချင်လို့ ဝင်လာသူတွေ လည်း ရှိတယ်။
တနင်္သာရီ။    ။ ဒေါ်အောင်ဆန်း စုကြည်မရှိတဲ့ အကြပ်အတည်းကာလ တွေမှာ တိုင်းအတွင်း ပါတီ လှုပ်ရှား မှုတွေ ရှင်သန်နေဖို့ဘယ်လို ရုန်းကန် ခဲ့ရလဲ။
ဦးဘစိန်။    ။ ၈၉ မှာ ဒေါ်စု ပထမဆုံးအကြိမ် အဖမ်းခံရတော့ တိုင်းအတွင်းမှာ ရိုက်ခတ်မှု သိပ် မရှိခဲ့ဘူး။ စိတ်ဓာတ် ပိုပြင်းထန် လာကြပြီး ၉၀ ရွေးကောက်ပွဲ အောင်မြင် အောင် လုပ်ကြဖို့အတွက် တွန်းအား တစ်ခု ဖြစ်ခဲ့တယ်။
၉၀ မှာ တိုင်းလုံးကျွတ်နိုင်တော့ အာဏာလွှဲမပေးတဲ့အပြင် ပါတီဝင် တွေကိုလည်း မြို့နယ်ကော်မရှင်တွေ ကခေါ်ပြီး ဖိအား အမျိုးမျိုးပေး..၊ နှုတ် ထွက်စာတွေ ရေးခိုင်းခဲ့တယ်။ အကြပ် အတည်းက အဲဒီက စတယ် ပြောရမယ်။
ထားဝယ်မှာ မြို့နယ်အဖွဲ့ဝင်ဆိုလို့ ၃ ယောက်ပဲ ကျန်တယ်။ (ဖြည့်စွက်ချက် – ထားဝယ်မြို့နယ်တွင် ဦးဘစိန်၊ ဦးသိန်းစိုး၊ ဦးပါကြည်၊ သရက်ချောင်း တွင် ဦးအောင်စိုး၊ ရေဖြူတွင် ဦးကြည် လွင်၊ လောင်းလုံးတွင် ဦးရွှေတင် တို့ဖြစ်ပြီး တစ်တိုင်းလုံး ပါတီဝင် ၁၀ ဦးခန့်သာ ရှိတော့သည်ဟု အင်န်အယ်လ်ဒီ တိုင်းဥက္ကဋ္ဌ ဦးအောင်စိုးထံမှ သိရသည်။)
၅ ဦး မပြည့်ရင် မြို့နယ်အဖွဲ့ကို ဖျက်သိမ်းရမယ်လို့ ကော်မရှင်က ခေါ်ပြောတော့ ကျွန်တော် လိုက်စည်းရုံး တယ်။ လက်ခံတဲ့သူ မရှိခဲ့ဘူး။ နောက်တော့ ကော်မရှင်က ကျွန်တော့်ကို ဖိတ်ပြီး အင်န်အယ်လ်ဒီကို ဖျက်သိမ်း လိုက်ကြောင်း သူတို့ ဖာသာသူတို့ ကြေညာ လိုက်တယ်။ ရုံးတွေလည်း ချိတ်ပိတ် ခံလိုက်ရတယ်။
ကျွန်တော်အား မလျှော့ခဲ့ဘူး..။ ကျွန်တော့်အိမ်ကို တရားဝင်ရုံးအဖြစ် ဖွင့်ပြီး လှုပ်ရှားခဲ့တယ်။ ပါတီလုပ်ငန်း တွေကို အဖွဲ့ချုပ်ဗဟိုက ညွှန်ကြားတဲ့ အတိုင်း မပျက်မကွက် လုပ်ခဲ့တယ်။ တိုင်းရုံးလည်း ကျွန်တော့် အိမ်ပဲ။
အစည်းအဝေးတွေ အခမ်းအနားတွေ အိမ်မှာ မပြတ် ကျင်းပတယ်။ ပါတီဝင် ဟောင်းတွေကို ရှာဖွေ ဆက်သွယ် စည်းရုံးတယ်။ စည်းရုံးရေးအဖွဲ့ ပြန်ဖွဲ့ နိုင်အောင် ကြိုးစားတယ်။ တစ်ယောက် တိုးလာရင် တစ်ယောက်ဆိုသလို ဝမ်းသာပီတိ ဖြစ်ရတယ်။ အာဇာ နည်နေ့..၊ ဒေါ်စုမွေးနေ့တွေဆို လက်ခံတဲ့ ဘုန်းကြီးကျောင်းတွေ ရှာပြီး ကျင်းပ တယ်။ ဘုန်းကြီးကျောင်းတွေက လက်မခံ ရင် အိမ်မှာပဲ လုပ်တာပေါ့။
တနင်္သာရီ။    ။ အဲဒီ လှုပ်ရှားမှု တွေ အပေါ်မှာ အာဏာပိုင်တွေရဲ့ တုံ့ပြန် ချက်၊ သဘောထားနဲ့ ဆက်ဆံ ရေးက ဘယ်လိုရှိခဲ့လဲ။
ဦးဘစိန်။    ။ တချို့ ကိစ္စတွေ ပြန်တောင် မတွေးချင်ဘူး..။ တစ်တိုင်း လုံးနဲ့ ခြုံပြောရင် အနာတရတွေ အများ ကြီး..။ ပါတီနဲ့ မသက်ဆိုင်သူတွေပါ ထိခိုက်ခဲ့တာလေ။
အဟဲ..၊ ကျွန်တော့်အိမ်ရှေ့မှာတော့ အစောင့်အကြပ် မပြတ်မလတ် ချထား ပေးပါတယ်။ ကျွန်တော့်ကို သူတို့ခေါ်တဲ့ စကားဝှက်က မင်းသားတဲ့။ နဘေး အိမ်တွေက ပြန်ပြောပြလို့ သိရတာ။ “မင်းသား ဘယ်မှ မသွားဘူး”၊ ” မင်းသားဆီ ဘယ်သူ ဘယ်ဝါ ဘာနဲ့ လာတယ်” ပေါ့။ သတင်းယူတဲ့အဖွဲ့ သုံးလေးဖွဲ့က သုံးလေးယောက်လောက် အိမ်ရှေ့မှာ နေ့တိုင်းကို လာစောင့်ကြတာ။
ဒေါ်စုကို လုပ်ကြံခဲ့တဲ့ ၂၀၀၃ ဒီပဲ ယင်း အရေးအခင်း အပြီးလောက်မှာ အာဏာပိုင် ၉ ယောက်လောက် ည ဘက်ကြီး အိမ်ပေါ်တက်လာတယ်။ ပါတီနဲ့ ပတ်သက်သမျှ စာရွက်စာတမ်း အကုန် မှတ်တမ်းတင်..၊ သူတို့မှာပါလာ တဲ့ သံသေတ္တာကြီးထဲထည့်ပြီး ချိတ် ပိတ်တာ..၊ ဒေါ်စုပုံတွေတောင် မချန်ဘူး။
ပြီးတော့ အထက်အမိန့်အရ ဒီအိမ် ကို ချိတ်ပိတ်ရမယ်တဲ့..။ ကျွန်တော် ကလည်း ရပါတယ် လုပ်ပါပေါ့..။ နို့မို့ရင် ခင်ဗျားတို့ကို အထက်က ပြဿနာ ရှာနေမယ်ပေါ့။ စိတ်ထဲမှာတော့ အတူနေ မိသားစု ၁၂ ယောက်အတွက် နေဖို့ တစ်နေရာရာ အပြေးအလွှား စဉ်းစားနေ ရတာပေါ့ဗျာ..။
ခဏနေတော့ သူတို့ စိတ်ပြောင်း သွားပုံ ရတယ်ဗျ။ နောက်မှ စဉ်းစားဆုံး ဖြတ်အကြောင်း ပြန်မယ်ပြောပြီး ပြန်သွားကြမှ ရင်ထဲက အလုံးကြီး ကျသွားတော့တယ်..။ ဒီအကြောင်းတွေ အခြား ပါတီဝင်တွေကို အသိမပေး ခဲ့ဘူးဗျ..။ သူတို့ စိတ်ဓာတ်ကျ ကုန်မှာ စိုးလို့။ ဒီကြားထဲမှာ အမှတ်(၅)ထောက်လှမ်းရေး ရုံးက ခေါ်ခေါ်ပြီး တစ်နေ ကုန် ပညာပြခဲ့တာလည်း ခဏခဏပါပဲ။ ခရီးသွားနေတုန်း နောက်က ကားနဲ့လိုက် လာပြီး ကားရှေ့မှာ ပိတ်ရပ်..၊ ခရီးသည် တွေ အများကြီးရှေ့မှာ လူဆိုးသူခိုးလို အတင်း ပြန်ခေါ်ချခံရတဲ့ ရှက်စရာအဖြစ် အပျက်တွေလည်း ကြုံခဲ့ဖူးတယ်။
သား မင်္ဂလာဆောင်မှာ သတို့သမီး ရဲ့ ဆွေခုနစ်ဆက် မျိုးခုနစ်ဆက်စာရင်း လာတောင်းတဲ့ ပုဂ္ဂိုလ်တွေနဲ့လည်း တွေ့ ဖူးခဲ့တယ်။ တစ်ချို့ကိစ္စတွေက သူတို့ တစ်ဦးချင်းရဲ့ ပင်ကိုယ်စိတ်ထားနဲ့ လုပ်ရည်ကိုင်ရည်ပေါ် မူတည်ပြီး ကိုင် တွယ်ပုံတွေ ကွာဟတယ်..။ ဘာဖြစ်ဖြစ် ကျွန်တော် ခွင့်လွှတ်နိုင်ပါတယ်ဗျာ..။
တနင်္သာရီ။    ။  အဲဒီ အခက် အခဲ အကြပ်အတည်းတွေကို ဘယ်လို မျှော်လင့်ချက်နဲ့ တောင့်ခံခဲ့လဲ..။ ဘယ် လိုကျော်ဖြတ်ခဲ့လဲ။
ဦးဘစိန်။    ။ အင်အယ်လ်ဒီ ဟာ တစ်ချိန်ချိန်မှာ စစ်မှန်တဲ့ ဒီမိုကရေစီ အစိုးရတစ်ရပ်ကို ဖော် ဆောင်နိုင်လိမ့် မယ်..၊ အဲဒီအချိန်မှာ ငါတို့ ရွံ့မုန်းတဲ့ အာဏာရှင်စနစ်ကြီး ချုပ်ငြိမ်း သွားလိမ့် မယ် ဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့..။ တိုင်းတွင်း အင်အယ်လ်ဒီ ကျဆုံးသွားလို့ မဖြစ်ဘူး ဆိုတဲ့စိတ်..၊ အင်န်အယ်လ်ဒီ ကင်းလွတ် နယ်မြေဆိုပြီး သတ်မှတ် ခံလိုက်ရမှာ သေမလောက် ကြောက်ခဲ့ တဲ့စိတ်ကြောင့် တောင့်ခံထားနိုင်ခဲ့တာ။
ကျွန်တော့် လယ်ကထွက်တဲ့ စပါးတွေ အကုန်ရောင်းပြီး ပါတီ ကိစ္စ တွေမှာ အသုံးပြုခဲ့တယ်..။ မလောက် ဘူး..။ ရန်ကုန်ရုံးချုပ်ခရီးနဲ့ တိုင်းအတွင်း လှည့်ချိန်တွေဆို ငွေလိုလို့ အတိုးကြီးကြီး နဲ့ ချေးငှား ခဲ့ရတာ အကြိမ် ကြိမ်ပဲ..။
ကျွန်တော်က ပါတီဝင်ဖို့ ဆေးရုံက အလုပ်ထွက်ခဲ့ရတော့ အခြားဝင်ငွေ မရှိဘူးလေ..။ ကျန်တဲ့ အဖွဲ့ဝင်တွေလည်း ဘာမှ မထူးဘူး..။ တောင်မင်းကို မြောက် မင်းက မကယ်နိုင်ဆိုသလိုပေါ့။ငါ့ ဘယ် အချိန် လာခေါ်မလဲ တွေးရင်းနဲ့ စီးပွားရေး မှ မလုပ်နိုင်ကြတာ။ မိသားစုဝင်တွေက နားလည်မှု ရှိရှိနဲ့ ကူညီအားပေးခဲ့လို့ ကျွန်တော် ကောင်းကောင်း လှုပ်ရှားနိုင်ခဲ့တာဗျ..။
တနင်္သာရီ။    ။  ၂၀၁၀ ရွေး ကောက်ပွဲ အပြီး ဒေါ်အောင်ဆန်းစုကြည် လွတ်လာတော့ ဘယ်အချက်တွေ ပြောင်းလဲသွားလဲ။ ဘယ်လို ပြောင်းလဲ သွားခဲ့လဲ။
ဦးဘစိန်။    ။ ဒေါ်စု လွတ်လာချိန်မှာ အင်န်အယ်လ်ဒီက ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ထားတဲ့ အရှိန်က မကုန်သေးဘူး။ ပြောင်းလဲမှု တွေက ချက်ချင်း မသိသာလှဘူး။ လုထုစိတ်ဝင်စားမှု နည်းနည်း ပိုလာတာ လောက်ပဲဗျ။ အဲ..၊ ၂၀၁၂ ကြားဖြတ် ရွေးကောက် ပွဲ ဝင်မယ် လို့ ဆုံးဖြတ်ပြီး ပါတီကို မှတ်ပုံပြန်တင်တော့ ပါတီဝင်တွေ တစ်ဟုန်ထိုး တိုးတက် လာတယ်ဗျ..။  ပါတီဝင်အဖြစ် နာမည် ခံပေးထားရုံနဲ့တင် ကျေးဇူးတင်မဆုံး ဖြစ်နေရတဲ့ အနေအထားကနေ ၈၉ ခုနစ် ပါတီစထောင်ကာစ အတိုင်းကို ပြန်ဖြစ်သွားတာ။
တံခါးဖွင့်လိုက်တော့ လူပေါင်းစုံ ဝင်လာတယ်။ အုပ်စုဖွဲ့မှုတွေ၊ ဂိုဏ်းဂဏ ဖွဲ့မှုတွေ ဖြစ်လာမှာ စိုးရိမ်ရလောက်အောင်ထိကို ပြောင်းလဲသွားခဲ့တယ်။
တနင်္သာရီ။    ။  ဦး ပြောပုံအရ အခြေအနေ အမျိုးမျိုးကို  ဖြတ်သန်းခဲ့ ရတာပေါ့နော်..။ အဲဒီ ဖြတ်သန်းမှုတွေ အပေါ်မှာ ဘာသင်ခန်းစာတွေ ရလိုက် လဲ။ ပါတီ အနေနဲ့ရော ဘာတွေ လုပ် သင့်တယ် ထင်လဲ။
ဦးဘစိန်။ ။လူတွေအကြောင်း ကောင်းကောင်း သိလိုက်တယ်..။ တစ်ချို့လူတွေဟာ လုပ်ပိုင်ခွင့်ကိုသာ လွယ်လွယ်ကူကူ ရမယ်ဆိုရင် ခေါင်း တိုးဝင်ဖို့ မရှက်တတ်ကြဘူးဗျ။
နိုင်ငံရေးအဖွဲ့အစည်းမှ မဟုတ် ပါဘူး..။ ဘယ်အဖွဲ့အစည်း ဖြစ်ဖြစ် ပေါ့ဗျာ..၊ အခွင့်အရေးမြင်ရင် အင်အား ကောင်းမယ်..၊ အခွင့်အရေး မတွေ့ တော့ရင် အင်အားဆုတ်လျော့ သွားလိမ့် မယ်ဆိုတဲ့ သင်ခန်းစာ ကောင်းကောင်း ရလိုက်တယ်..။
ဒါတွေကို သင်ခန်းစာယူပြီး ပါတီ ကလည်း လက်ရှိ ရှိနေတဲ့ အင်အားက လျော့မသွားအောင် ထိန်းထားဖို့ လိုမယ်ပေါ့။  အဆင့်ဆင့်သော အဖွဲ့ အစည်းတွေကလည်း အဖွဲ့အစည်း ဆန်ဆန် သွားကြဖို့ လိုမယ်။ ပါတီရဲ့ မူဝါဒနဲ့ စည်းကမ်းချက်တွေအပြင် ချ မှတ်လိုက်တဲ့ ဆုံးဖြတ်ချက်တိုင်းကို အချိန်နဲ့ တစ်ပြေးညီ အကောင်အထည် ဖော်ဖို့ လိုမယ်။
တနင်္သာရီ။    ။ ကျေးဇူးတင်ပါ တယ်ဦး။ ဘာများ ထပ်ဖြည့် ပြော ချင် ပါသေးလဲ။
ဦးဘစိန်။    ။ အာဏာရှင် အုပ်ချုပ်ရေးကနေ ပြည်သူ အုပ်ချုပ်ရေးဆီ သွားရတဲ့လမ်းက ကြမ်းခဲ့တယ်..။ အများအတွက် ဆောင်ရွက်ရင် အနစ်နာ ခံရမယ်..၊ အဆဲခံနိုင်ရမယ်..၊လက်ညှိုး ထိုး အပြစ်ပြော ခံနိုင်ရမယ်လို့ ပြောချင်တယ်။ ကျွန်တော်ကတော့ စစ်မှန်တဲ့ ဒီမိုကရေစီ အစိုးရတစ်ရပ် မပေါ်ပေါက်သေးသ၍ ဒီလမ်းကို ဆက်လျှောက်နေမယ်..။