စာရင်းရှင်းတဲ့ အချိန်ဆို စားပွဲ ပေါ် သေနတ်နဲ့ ငွေချထားတယ်

0
412

အင်ဒိုနီးရှား ငါးဖမ်းစက်လှေပေါ် ကျွန်ပြုရောင်းစားခံခဲ့ရသည့် ရေလုပ်သား ကိုမြတ်မျိုးမြင့်နှင့် တွေ့ဆုံခြင်း။

တနင်္သာရီ ။ ။ ဘယ်အချိန်လောက် ကတည်းက ကော့သောင်းကနေ ထိုင်း ကိုသွားခဲ့တာလဲရှင့်။
ကိုမြတ်မျိုးမြင့်။ ။ ကျွန်တော် အသက် ၁၇ နှစ်လောက် ကတည်းက သွားခဲ့တယ်။ အခုဆိုအသက်၂၇ ရှိ နေပြီ။


တနင်္သာရီ။ ။ ထိုင်းကနေ အင်ဒိုနီးရှား ငါးဖမ်းသင်္ဘောကိုရော ဘယ်လို ရောက်သွားတာလဲ။
ကိုမြတ်မျိုးမြင့်။ ။ ကျွန်တော်ကို မဟာချိုင်မှာ ပန်းရံလုပ်ဖို့ ကော့သောင်း မြို့က ပွဲစားတစ်ဦးဖြစ်တဲ့ ကိုဇော်ဆိုတဲ့ တစ်ယောက်က ပြောတယ်။ လမ်းစရိတ်၊ စားသောက်စရိတ်၊ နေထိုင်ရေးကအစ သူတာဝန်ယူတယ်။ စိတ်ဝင်စားရင် မ ဟာချိုင်ကို ပန်းရံလုပ်ဖို့ လိုက်ခဲ့ဆိုလို့ မဟာချိုင်မှာ ပန်းရံလုပ်ဖို့ လိုက်သွားခဲ့တယ်။ ဟိုရောက်တော့ ပန်းရံမလုပ်ရဘဲ အင်ဒို ငါးဖမ်းလှေပေါ် အလုပ်လုပ် ခိုင်းတယ်။ ပန်းရံနဲ့ ပတ်သက်တာဆိုလို့ သံလျက်တောင် မမြင်လိုက်ရဘူး ။

ko-myo-myint
တနင်္သာရီ။ ။ အဲလိုလှေပေါ် အလုပ်လုပ်ရတော့ မလုပ်လိုဘူးလို့ မ ပြောခဲ့ဘူးလား။
ကိုမြတ်မျိုးမြင့်။ ။ ပြောခဲ့တာပေါ့ ၊ သူတို့ပေးတဲ့ မက်လုံးက ကျွန်တော့်ကို ဖမ်းစားခဲ့တယ်။ လှေလိုက်ပြီး ၃ နှစ် ပြည့်လို့ ပြန်လာလို့ရှိရင် တိုက်တွေ ကားတွေ လည်းရမယ်။ တစ်လ ထိုင်းဘတ်ငွေ ၆ထောင် ပေးမယ် ဆိုတော့ ကျွန်တော် လှေထွက် လိုက်ခဲ့တယ်။ အလုပ်လုပ်တော့ လှေပေါ် က ငါးဆွဲပိုက်ကြိုး အကြီးကြီးတွေ ကျွန်တော် မဆွဲနိုင်ဘူး။ ဒါပေမဲ့ မလုပ်နိုင်တာ ပြောလို့ မရဘူး၊ မလုပ်ချင်ဘူး ငြင်းရင် ကျွန်တော့်ကို ရိုက်ကြမှာလေ။ ဒါကြောင့် မလုပ်နိုင်လည်း လုပ်ရ တာပေါ့။ ပြောလို့မှ မရတာ။
တနင်္သာရီ။ ။ လှေပေါ်မှာ ကြုံတွေ့ ခဲ့ရတာတွေကို ပြောပြပါဦးရှင့်။
ကိုမြတ်မျိုးမြင့်။ ။ လှေက ပင်လယ်ပြင်ကနေ အင်ဒိုနီးရှားနိုင်ငံ ဘန်ဂျီးနားကျွန်းက ကမ်းပေါ် ၃လ လောက် နေမှ ကပ်တယ်။ ၆လလောက်လည်း ကြာချင်ကြာတယ်။ ၃လမှာ အင်ဒိုနီးရှားငွေ ၁၀ သိန်း ပေးတယ်။ မြန်မာငွေ ၁သိန်းကျပ်လောက်ပဲ တန်ဖိုးရှိတာလေ။ ဘာမှ ဝယ်လို့ မရဘူး။ ၆ လ လောက်နေမှလည်း ပေးချင်ပေးတယ်။ ၃ နှစ် လောက်အထိ ဒုက္ခ အဆင်းရဲခံပြီး လုပ်ခဲ့ရတယ်။ နေ့ ည မအားရဘဲ နှိပ်စက်ညှင်း ပန်းမှုတွေနဲ့ပေါ့ ။ လှေပေါ်မှာ မြန်မာအလုပ်သမား ၃၀ ဦးနဲ့ လှေဦးစီး ထိုင်းလူမျိုး ၆ ဦးက စီမံကွပ်ကဲ အုပ်ချုပ်တာလေ။
တနင်္သာရီ။ ။ ကိုယ့်လုပ်အားခတွေ မရတော့၊ လှေသူဌေးတွေ လှေဦးစီး တွေဆီ မတောင်းဘူးလား။
ကိုမြတ်မျိုးမြင့်။ ။ စာရင်းရှင်းတဲ့ အချိန်ဆို စားပွဲပေါ်သေနတ်နဲ့ ငွေချ ထားတယ်။ သေနတ် ယူမလား။ ငွေယူမလား အထိတောင် အမေးခံ ခဲ့ရတယ်။ ဘယ်သူမှ ကြောက်လို့ မပြော ရဲကြဘူး။ ၃ နှစ်လောက်လည်း အလုပ်လုပ်ခဲ့ရတော့ မခံနိုင်တော့ဘူး။ ထွက်ပြေးဖို့ ကြံခဲ့တယ်။ ကျွန်တော်တို့ သူငယ်ချင်း ၉ ဦး လှေကမ်း ကပ်ချိန်မှာ ထွက်ပြေးခဲ့တယ်။ ကျွန်တော်နဲ့ သူငယ်ချင်း ၂ယောက်ပဲ လွတ်တယ်။ ကျန်တဲ့ ၇ ဦး ပြန်ဖမ်း ခံရတယ်။
အဲဒီ ကျွန်းတွေအပေါ် ပြေးလည်း မလွတ်ဘူး။ အင်ဒိုနီးရှား ပုလိပ်နဲ့ ထိုင်းလှေပိုင်ရှင် သူဋ္ဌေးတွေက အချင်းချင်း ချိတ်ဆက်ပြီး လုပ်နေကြ တာ။ ပုလိပ်တွေက မမိမိအောင်ဖမ်းပြီး လှေပေါ်ပြန်ပို့တာ။ ကျွန်တော် တို့တောင် စက်ခန်း အနောက်မှာ စက်ဆီတွေလူးပြီး ပုန်းနေခဲ့လို့ လွတ်သွားခဲ့တယ်။
အင်ဒိုငါးဖမ်းလှေ ဆိပ်ကမ်းက ထွက်ပြေးလွတ် ခဲ့တော့ ဒေါပိုကျွန်းပေါ် ရောက်တယ်။ အဲဒီကျွန်းပေါ် တစ်ပတ်လောက် ပုန်းအောင်းနေပြီး အခုပြန်လာတဲ့ တူရယ်ကျွန်းပေါ် ရောက်ခဲ့တယ်။
တနင်္သာရီ။ ။ အခုပြန်လာတဲ့ တူရယ်ကျွန်းပေါ် အတွေ့အကြုံလေးလည်း ပြောပြပါအုံး။
ကိုမြတ်မျိုးမြင့်။ ။ တူရယ်ကျွန်းဆို တာကလည်း အင်ဒိုနီးရှားနိုင်ငံထဲ မှာပဲ။ အဲဒီ ကျွန်းပေါ်မှာလည်း လှေပေါ်ကျွန်ပြု အရောင်းစားခံထိပြီး ထွက်ပြေးလာ သူတွေ အများကြီးပဲရှိတယ်။
ကျွန်းပေါ် စရောက်ရောက်ခြင်း ကုလားစကားကလည်း ပြောမတတ်၊ ငွေကလည်း မရှိတော့၊ ထမင်းမစားရဘဲ ဒီအတိုင်း ငတ်ပြတ်နေခဲ့ရတာ ၄ ရက်လောက် ရှိတယ်။
ဘယ်သူ့ဆီမှာမှလည်း မတောင်း စားရဲဘူး။ ဒီလိုနဲ့ ထမင်းမစားရသေ မယ့် အတူတူအပြင်ထွက်ပြီး ကိုယ်ကလည်း အတန်းပညာ ၁၀တန်း လောက်အထိ နေဖူးတော့ အင်္ဂလိပ်စာတော့ နည်းနည်း ပါးပါး ဖတ်တတ်တယ်လေ။ ဒီလိုနဲ့ ကမ်းနားရောက်တော့ ငါးဖမ်းလှေ သေးသေးလေးတွေ တွေ့တော့ သူတို့ကို လက်ဟန်ခြေဟန်ပြပြီး ငါးဖမ်းတတ်တယ်။ ပိုက်ဆွဲတတ်တယ် အလုပ်ခိုင်းပေါ့။ အလုပ်ခိုင်းပြီး ထမင်းကျွေးဖို့ ပြောရတာပေါ့။
အလုပ်လည်းရတော့ အတူပါ သူငယ်ချင်းက နေမကောင်းတော့ ကျွန်းမှာ ကျန်ခဲ့တယ်။ ကျွန်တော် တစ်ယောက်တည်း လက်ခုပ်လှေနဲ့ ငါးဖမ်းထွက်ခဲ့တယ်။
သူတို့ ငါးဖမ်းပုံက ဆန်းတယ်။ ပိုက်ကို ရေပေါ်ချ ရေမျက်နှာပြင်ကို တုတ်နဲ့ ခပ်ကြမ်းကြမ်း ရိုက်ပေးရတယ်။ ဒါမှ ငါးတွေလန့်ပြီး ပိုက်မှာ ဝင်တိုးတာ။
မရိုက်တတ်တော့ ရေထဲ ခဏခဏ ပြုတ်ကျတယ်ပေါ့ (ရယ်လျက်)။
ကျွန်းပေါ်ကျန်ခဲ့တဲ့ သူငယ်ချင်းကို လုပ်ကိုင်ကျွေးမွေးပြုစုရင်း ကျွန်တော်လည်း ငရုတ်သီးနဲ့ ထမင်းနှစ်မျိုး တည်းစားရဖို့ ထမင်းတစ်လုတ် စားဖို့ အခက်အခဲ အဆင်းရဲတွေ အများကြီးနဲ့ အသက်ရှင် နေထိုင်ခဲ့ တယ်။
တစ်နေ့ ကျွန်တော်အပြင် အလုပ်ထွက်ရှာနေတုန်း ပြန်လာတော့ သူငယ်ချင်းလုပ်သူကို လူသုံးဦးခေါ်ဆောင်သွားတယ်လို့ပဲ သိရတယ်။ ဒီနေ့အထိ သတင်းအစအနတောင် မရတော့ဘူး။
တနင်္သာရီ။ ။ ဒီလိုနဲ့ ဘာဆက် ဖြစ်ခဲ့သေးလဲ သူငယ်ချင်းနဲ့ကွဲပြီး။
ကိုမြတ်မျိုးမြင့်။ ။ ကျွန်တော်လည်း အဲဒီမှာ ဆက်မနေချင်တော့တာနဲ့ အဝတ်ထုတ်ကောက်ပြီး သေချင်သေ မထူးတော့ဘူးဆိုပြီး ထွက်လာခဲ့ တယ်။ လမ်းပေါ်ထိုင်နေတုန်း တရုတ်လူမျိုး တစ်ယောက်က သူ့ဆီမှာ အလုပ်ရှိတယ် လုပ်ချင်လိုက်ခဲ့ဆိုပြီး ခေါ်တော့ လိုက်သွားတယ်။ ဟိုရောက်တော့ ရေသစ်ပင် (မြန်မာလိုပြန်က ရေသစ်ပင် ဟု ခေါ်နိုင် သည့် အပင်တစ်မျိုးဟု ဆိုသည်။) တွေ ပျိုးတဲ့ အလုပ်လုပ်ရတယ်။ နေကလည်း ပူ အလုပ်ကလည်း ပင်ပန်းတာပေါ့။ ဒီလိုနဲ့ တူဝါးကျွန်း ပေါ်မှာ ကျပန်းလုပ်ကိုင်ပြီး ၇ နှစ်နီး ပါး သောင်တင်ခဲ့တယ်။
တနင်္သာရီ။ ။အဲဒီကျွန်းပေါ်မှာရော နောက်ထပ် မြန်မာအလုပ်သမားတွေ အများကြီးရှိသေးလား
ကိုမြတ်မျိုးမြင့်။ ။ရှိတာပေါ့ အများကြီးပဲ၊ အင်ဒိုနီးရှားနိုင်ငံရဲ့ အင်ဒို လှေတွေ ဆိုက်ကပ်တဲ့ မြစ်ကြီးနား ကျွန်းနဲ့ တူဝါးကျွန်း(တူရယ်ကျွန်း)တွေ အပေါ်မှာ မြန်မာအလုပ်သမားတွေ အများဆုံးပဲ ရှိတယ်။ တစ်ချို့ဆို အိမ်ထောင် ကျပြီး မပြန်ကြသူတွေလည်း ရှိတယ်။ ဒီကျွန်းပေါ်မှာ ပြဿ       နာ  မဖြစ် ရင်ရပြီ။ ကြိုက်သလို နေထိုင်သွားလာလို့ရ တယ်။
တနင်္သာရီ။ ။ ဒီလို ပြန်ရောက်လာတော့ ဘယ်လိုလုပ်ပြီး ဘ၀ကို ရှေ့ဆက်မယ်လို့ တွေးထားလဲ။
ကိုမြတ်မျိုးမြင့်။ ။ လက်ရှိအချိန် မှာတော့ အလုပ်လက်မဲ့ ပြဿ       နာ အရင်းရှင်းရမယ်။ ကျွန်တော်ကတော့ ဆိုင်ကယ်ဆွဲမယ်လို့ စိတ်ကူးထား တယ် ။ လောလောဆယ် ဆိုက်ကယ်တော့ မရှိသေးဘူး ။
တနင်္သာရီ။ ။ အစ်ကိုအနေနဲ့ အခုလို ကျွန်ပြုခံရပြီး ပြန်ရောက်ရှိလာတဲ့ အလုပ်သမားတွေအပေါ် မြန်မာအစိုးရ အနေနဲ့ ဘာတွေလုပ်ပေးစေချင်လဲ
ကိုမြတ်မျိုးမြင့်။ ။ ကျွန်တော်တို့ ကြုံတွေ့ခံစားခဲ့ ဆုံးရှုံးခဲ့ရတဲ့ အခွင့် အရေးတွေ ရပိုင်ခွင့်တွေကို ထိုင်းအလုပ်ရှင်တွေဆီက ပြန်တောင်းပေး စေလိုတယ်။ လျော်ကြေး မဟုတ်ဘူး နစ်နာကြေး။

မှတ်ချက်။ ။ ကျွန်းအမည်များကို ကိုမြတ်မျိုးမြင့် ပြောသည့် အသံထွက် အတိုင်း ရေးထားသည်။ ဌာနဆိုင် ရာများ၏ မှတ်တမ်းတွင်မူ ဘန်ဂျီးနားကျွန်း၊ တူရယ်ကျွန်းမှ ရေလုပ်သားများဟု ဖော်ပြသည်။