အမွား

564
ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

” ဆေးသောက်ချိန် ရောက်ပြီ .  ဘေဘီ… ဆေးသောက်ရအောင်…”
ပြတင်းပေါက်ကနေ မှောင်မည်း တိတ်ဆိတ်နေသည့် အပြင်လောကကြီး ဆီ ငေးကြည့်နေရာက ကျွန်မအသိ ပြန် ဝင်လာသည်။ ကျွန်မ ရပ်နေခဲ့တာ တော်တော်ကြာပြီ ထင်သည်။ ခြေထောက် တွေတောင်မှ တောင့်တင်းနေခဲ့ပြီ။


ဟုတ်တာပေါ့။
ကျွန်မ ဒီနေရာမှ စရပ်ကာစက အလင်းရောင် ရှိနေသေးသည်။ အခန်း မီးတောင်မှ မဖွင့်သေးဘဲ အပြင်ကို လှမ်းကြည့်နေခဲ့မိသည်။ ခုက အခန်းထဲ မှာ မီးတွေတောင်မှ လင်းနေပြီ။ မာမီ မီးဖွင့်လိုက်တာ ဖြစ်မည်။
” ဘေဘီ.. ဒီမှာဆေး..”
မာမီ့ လက်ထဲက ရေခွက်နှင့် ဆေး ကို ကျွန်မ တစ်ချက်လှမ်းကြည့် ဖြစ် သည်။
ဆေး…။

wrong
ဒီလို သေးသေးမွှားမွှား ဆေးလုံး လေးတွေက လူတွေရဲ့ ဝေဒနာကို သက်သာ စေသည်တဲ့။ လူတွေရဲ့ ဒဏ်ရာတွေကို  ပျောက်စေသည်တဲ့။ လူတွေ ရဲ့ သက်တမ်းတွေကို ဆွဲဆန့် ပေးနိုင် သည်တဲ့။ ဆေးလုံးလေးတွေ တွေ့တိုင်း ကျွန်မ ဒီအတွေးတွေကို ခဏခဏ တွေး ဖြစ်သည်။ ဒီနေ့ အသက်ရှင်နိုင်ဖို့ မနေ့က ဒီဆေးကို သောက်ခဲ့သည်။ မနက်ဖြန် အသက်ရှင်ဖို့ အတွက် ဒီနေ့ ဒီဆေးကို သောက်ရမည်။ သန်ဘက်ခါ အသက်ရှင်ဖို့ အတွက်ဆို မနက်ဖြန် လည်း ထပ်သောက် ရဦးမည်။ မသေမချင်း သောက်နေရဦး မည်။
ကျွန်မ ဟက်ဟက်ပက်ပက် ရယ် မိတော့ မာမီက စိုးရိမ်တကြီး ကြည့် သည်။ မာမီ့ မျက်လုံးတွေက အရမ်းလှ သည်။ ရွှန်းစိုနေပြီး တစ်လက် လက် တောက်ပနေသည်။ ဒါပေမယ့် သူ့ မျက်လုံးမျိုးကို ကျတော့ မာမီက ကျွန်မ ကို အမွေ မပေးခဲ့။
” ဘေဘီ..”
” စိတ်မပူပါနဲ့ မာမီ.. ကျွန်မ မရူးသေးပါဘူး..၊ မရူးသေးပါဘူး.. ၊ ခုချိန်ထိပေါ့.. ဟက် ဟက် ဟက်..”
ကျွန်မ ခုတင်ပေါ်မှာ ထိုင်လိုက် တော့ အခန်းဝမှာ ဒက်ဒီ ပေါ်လာသည်။ အရပ် မြင့်မြင့်၊ ပိန်ပိန် ပါးပါးနှင့် အမြဲတမ်း စမတ်ကျသည့် ကျွန်မ ဒက်ဒီ။ ဟိုလူ ဒီလူ ပြောကြတာကတော့ လူချော တဲ့။ ဆိုးတာက ဒက်ဒီလည်း သူ့ရဲ့ စမတ်ကျမှုကို ကျွန်မကို အမွေ မပေးခဲ့ ပေ။
” ဘာဖြစ်တာလဲ ဘေဘီ၊ မာမီ့ကို ဘာပြဿနာ ထပ်ရှာ နေပြန်ပြီလဲ”
” မဟုတ်ဘူး ကို … ဘေဘီက ဘာကို သဘောကျနေမှန်း မသိဘူး”
” ဟုတ်လား.. ပြောပါဦးကွာ… ဒက်ဒီ တို့ကိုလည်း ဘာတွေ သဘောကျနေလဲ”
ဒက်ဒီက မာမီ့ ပုခုံးလေးဖက်ပြီး စာကြည့် စားပွဲရှေ့က ခုံမှာ ထိုင်သည်။ လိုက်ဖက် ညီလှသည့် မာမီနှင့် ဒက်ဒီ ဘယ်တော့ ကြည့်ကြည့် တစ်တွဲတွဲ။ ဘယ်သွားသွား ဘယ်တော့မှ မခွဲ။ ပါတီတက်လည်း အတူ။ ဒင်နာသွား လည်း အတူ။ ကလပ်တက်လည်း အတူ။ ချိန်းဝိုင်းဆိုလည်း အတူ။ အသွင်တူ ခြေလှမ်းညီကြသူများ။
” အခု တွေးနေတာ ပြောပြရမလား ဒက်ဒီ”
”ေ အးပေါ့.. ပြောပါဦး။ ဘေဘီနဲ့ စကား မပြောရတာလည်း ကြာပေါ့…”
ကျွန်မ အားရပါးရပဲ ပြုံးဖြစ်သည်။ ဟုတ်တာပေါ့။ စကား မပြောရတာ ကြာရောပေါ့။ ကျွန်မကမှ ဒီအခန်းထဲ ကနေ တော်ရုံ အပြင် မထွက်ဖြစ်တာ။ မျက်လုံး ဖွင့်လိုက်တဲ့ အချိန်ကနေ မျက်လုံးပြန် မှိတ်တဲ့ အချိန်ထိ ဒီအခန်း လေးထဲမှာပဲ ဆိုတော့။ ဘယ်တော့မှ အိမ်မှာ မရှိတဲ့ လူတွေနဲ့ ဘယ်မှာ ဆုံချိန် ရှိပါ့မလဲ ..။
” ကျွန်မ အခု တွေးနေမိတာ အပင် ငယ်လေး တစ်ပင်ကို အဆိပ်ပင်ကြီး အဖြစ် ရေလောင်း ပေါင်းသင်ပြီး ရှင် သန်နေခဲ့တဲ့ ဥယျာဉ်မှူးတွေ အကြောင်း လေ”
” ဘေဘီ..”
” ပြီးတော့ အဲဒီ ဥယျာဉ်မှူးတွေက ငါတို့တွေ အဆိပ်ပင် တစ်ပင်ကို ပျိုးမိ ခဲ့လေခြင်းဆိုတဲ့ နောင်တမျိုး မရှိခဲ့တဲ့ အကြောင်းလည်း ပါသေးတယ် ဒက်ဒီ ”
ကျွန်မ ဟက်ဟက်ပက်ပက် ထရယ် ဖြစ်သည်။
တကယ် ရယ်နေတာလား။ အသံပဲ ထွက်နေတာလား။
ကျွန်မ ကိုယ်တိုင် ဘာမှန်း ဝေခွဲမတတ် သည့် ရယ်သံတွေ ကို ရယ်တတ်နေခဲ့တာ ကြာပြီပဲလေ။
” ဘေဘီ တော်တော့.. အလကား နေရင်း ရယ်စရာ မဟုတ်ဘဲ ရယ်မနေ နဲ့ .. ဆေးသောက်တော့…”
” သောက်ရမှာပေါ့လေ..၊ သောက်ရ မှာပေါ့..၊ ဒီအသက်နဲ့ ခန္ဓာအိုးစား မကွဲ ချင်သေးသမျှ အချိန်ထိတော့ သောက်နေ ရဦးမှာပေါ့..၊ ဒါနဲ့ ဒက်ဒီနဲ့ မာမီ့ကို ကျွန်မပြောချင်တဲ့ စကားရှိတယ်”
မာမီ့ လက်ထဲက ဆေးကို ကျွန်မ သောက်လိုက်သည်။ ဖန်ခွက်ထဲက ရေ ကို အကုန်သောက် ပစ်လိုက်သည်။
“ငရဲကြီးမယ် ဆိုရင်တောင်မှ ကျွန်မ ဖြစ်အောင်ပြောမှာ ”
တဆတ်ဆတ် တုန်လာသည့် နှုတ်ခမ်းကို ကျွန်မ ဖိကိုက်လိုက်သည်။  ဒက်ဒီနဲ့ မာမီရဲ့ အကြည့်က ကျွန်မဆီ ပြိုကျနေသည်။
” ဒက်ဒီနဲ့ မာမီ့ကို ကျွန်မ အရမ်း မုန်းတာပဲ ”
ကျွန်မ အခန်းထဲမှာ အသံတွေ တိတ်ဆိတ် သွားသည်။
တိတ်ဆိတ်မှုတွေကြားမှာ ကျွန်မရဲ့ အမုန်းတွေကိုလည်း ကျွန်မ ပြန်မြင်နေ ရသည်။
_ _ _ _ _
” ဝေး.. တို့ဝေးရပြီ.. မဆုံတဲ့ ဖူးစာ အဆုံးသတ် တို့လွမ်းမှာ … ကလေးရယ် ငိုမနေနဲ့… မင်းစိတ်ကို ခိုင်အောင်ထား.. ကိုယ့် လမင်းလေးရာ.. တိမ်တိုက်          အမှောင်ထဲ တိုးလို့ ကွယ်ပျောက်ပြီ.. သိပ်လှတယ် ဒီဇာတ်လမ်း.. အဆုံးသတ် ကိုယ်တို့နှစ်ဦး.. နှုတ်ဆက်တဲ့ နေ့ရယ်..”
ဂစ်တာသံ သဲ့သဲ့နှင့် အတူ လွင့်ပျံ့နေသည့် သီချင်းသံ။
အိပ်မက်လား။ တကယ်လား။
ဟင့်အင်း။ ကျွန်မ မျက်လုံးအစုံ ဖွင့်မိချိန်ထိ သီချင်းသံအား  ကြားနေ ရဆဲ။ ညဦးပိုင်းတည်းက ဘယ်လိုက ဘယ်လို အိပ်ပျော်သွားမှန်း မသိ။
ဖွင့်ထားဆဲ ပြတင်းပေါက်ဆီမှ လေအေးအေးတချို့နှင့် အတူ ထိုသီချင်း သံများ ကျွန်မ အခန်းထဲမှာ လွင့်ပျံ နေသည်။
မျက်နှာကျက် အစိမ်းရင့်ရင့် အရောင်အား ကျွန်မ တော်တော်ကြာသည် အထိ ကြည့်နေမိသည်။ ဒီအရောင်ကို ကျွန်မ ကြိုက်သည်။ အစိမ်းရင့်နေသည် မှာ အနက်ရောင်ဘက်လုချင် နေသည်။ ထိုအရောင်ကို ကျွန်မ အခန်းတစ်ခုလုံးကို သုတ်ထားခဲ့တာကြာတော့ ကြာခဲ့ပြီ ဖြစ်သည်။
အရင်တုန်းက ကျွန်မ ဒီအရောင်ကို မကြိုက်ခဲ့ဘူး ထင်ပါသည်။ မှတ်မိနေဆဲ ငယ်ဘ၀မှာတုန်းက ကျွန်မ အပြာရောင်၊ ပန်းရောင်တို့ကို နှစ်ခြိုက် ခဲ့ဖူးသည်။ ဟုတ်သည်။ အဖြူရောင်ကိုလည်း ကျွန်မ ကြိုက်ခဲ့သည်ပဲ။
နောက်ပိုင်းမှသာ .. ။
ထိုနောက်ပိုင်းမှသာ အနုရောင် တွေထက် အရောင်အရင့်ရင့်တွေကို ကျွန်မ ပိုနှစ်သက်လာခဲ့သည်။ နူးညံ့ခြင်း ထက် ကြမ်းရှခြင်းကို ပိုနှစ်သက် လာခဲ့သည်။ သိမ်မွေ့မှုထက် မာကျောမှု ကို ပိုနှစ်ခြိုက် ပျော်ဝင်လာခဲ့သည်။
” ဟင်း . . . .”
သက်ပြင်း တစ်ချက်ကို ခပ်ပြင်း ပြင်းချမိရင်း အိပ်ယာက ထလိုက်သည်။
ပြတင်းပေါက်ဆီမှ တိုးဝင်လာသည့် လေအေးတစ်ချို့၏ ပွေ့ဖက်မှုက ကျွန်မ ကို ချက်ချင်း လန်းဆန်း သွားစေသည်။
လမ်းမီးရောင် ဖျော့ဖျော့အောက်က ဂစ်တာ ဝိုင်းလေးကို လှမ်းမြင်နေရသည်။ ကျွန်မတို့အရွယ် ကောင်လေးတွေပါပဲ။
လေးယောက်….။
ဟင့်အင်း။
ဟိုဘက်မှာ တစ်ယောက် ကျန်သေး သည်။ စုစုပေါင်း ငါးယောက်။
သူတို့ မျက်နှာမူထားရာ နေရာမှာ တက္ကသိုလ်ကျောင်းသူတွေ စုနေသည့် အဆောင် ရှိသည်။ ထိုအဆောင်မှ မမ အချောအလှများ၊ ညီမအရွယ် နုနုရွရွ လေးများအား ကျွန်မ အမြဲတွေ့နေကျ ဖြစ်သည်။ တစ်ခါတစ်လေ စာကျက်သံ တွေ၊ တစ်ခါတစ်လေ ရယ်မောသံတွေနဲ့ ဆူညံ သက်ဝင်နေတတ်သော အဆောင် လေး။
ထိုအဆောင်လေးသည်  ကျွန်မ အတွက်တော့ နေ့စဉ် အပျင်းပြေ ကြည့် ချင်စရာ အသက်ဝင်နေသော ပန်းချီကား တစ်ချပ်။
ဟုတ်သည်။
ကျွန်မ ပြတင်းပေါက်ကနေ ကြည့် လျှင် လေးထောင့်ဘောင်ထဲကနေ မြင် နေရသည့် ပန်းချီကားထဲမှ လှုပ်ရှားနေ သော အရိပ်များ..။
ပျော်ရွှင်မှု၊ တက်ကြွမှု၊  ရည်မှန်း ချက်များ…၊ မျှော်လင့်ချက်များဖြင့် နေ့စဉ် ဘ၀တွေ။
ဖြတ်သန်းမှု၊ ရပ်တည်မှုတွေ။
ကျောင်းသူတွေ ဘ၀မှာ ကျောင်း တက်မည်။ ကျောင်းပြီးလျှင် ဘွဲ့တစ် ခုခု ယူကြမည်။ ထို့နောက် ကိုယ်စီ ဆန္ဒရှိရာ အလုပ်ခွင်ထဲ ရောက်ကြမည်။ လက်တွဲဖော် တစ်ယောက်ယောက်နှင့် အနာဂတ်လမ်းကို အတူတူလျှောက်ကြ မည်။ သူတို့တွေရဲ့ အနာဂတ်ကို ကျွန်မ အမြဲတမ်း အမျိုးမျိုး ပုံဖော်ကြည့်နေ ခဲ့ဖူးသည်။ ပုံဖော်ကြည့်မိသမျှ အနာဂတ် အားလုံးသည် လင်းလက် ချောမွေ့နေကြ သည်သာ..။
ဒါဖြင့် ကျွန်မကကော…။ ကျွန်မ အနာဂတ်ကကော ဘာတွေ ဆက်ဖြစ် မတဲ့လဲ။ ဘာတွေ ရင်ဆိုင်ရမှာလဲ၊  ဘာတွေ လက်ခံရမှာ တဲ့လဲ။
မတွေးရဲပါ…။ ဆက်မတွေးရဲခဲ့ပါ။
အသက် ဆယ့်ကိုးနှစ်အရွယ် ပျိုမြစ် နုနယ် ကာစ၊ အပျံသင် ကာစ အရွယ် ယမုံနွေဦးဟူသည့် မိန်းကလေး တစ်ယောက်၏ သေဆုံးနေခဲ့ပြီးသား အနာဂတ်အား ကျွန်မ ဘယ်တုန်းကမှ ဆက် မတွေးရဲခဲ့ဖူးပါ။
ဂစ်တာဝိုင်းလေး သိမ်းတော့မည်။ ပလက်ဖောင်းပေါ်မှာ ထိုင်နေကြရာမှ ထလိုက်ကြကာ ဖုန်ခါသူကခါ၊ ဂစ်တာကို အိတ်ထဲတည့်သူကထည့်  လုပ်နေကြသ ဖြင့် ထိုဂစ်တာ အဖွဲ့လေး ပြန်တော့မှာကို ကျွန်မသိလိုက်သည်။
သူတို့တွေ အမြဲလာကြသည်။  ည တိုင်းလိုလို ဒီအဆောင်ရှေ့လာကာ သီချင်းဆိုကြ၊ ရယ်ကြမောကြပြီး ညဥ့် မနက်ခင်းမှ ပြန်တတ်ကြသည်။
ပတ်ဝန်းကျင်ကိုလည်း အနှောင့် အယှက်မပြုကြ။ ခံစားချက်တွေ ရင် လာဖွင့်ကြပုံရကာ သီချင်းပေါင်းစုံ ဟစ် ကြွေး ပြီးခဲ့ရင်တော့ ပြန်သွားတတ် ကြသည်။
ဒီအဆောင်ထဲမှာ သူတို့ ချစ်သူတွေ သော်လည်းကောင်း၊ မြတ်နိုးသူတွေ သော်လည်းကောင်း ရှိကြပေမည်။ တစ်ဖက်သတ် ရင်ဖွင့်ချင်သူတွေလည်း ရှိကြမည်သာ။ ခံစားချက်တွေကို စကား လုံးအဖြစ် ဖွင့်ဟ မရဲ၍ သံစဉ်တွေအဖြစ် ကြွေးကြော်ကြသူတွေလည်း ပါကောင်း ပါပေမည်။
အဆောင်ထဲက ကျောင်းသူလေး တွေမှာရော၊ ဂစ်တာ ဝိုင်းက ကောင်လေး တွေမှာပါ မနက်ဖြန် များစွာရှိသည်။ အနာဂတ် လှလှလေးတွေ ရှိသည်။ ထိုခဏလေးမှာ ကျွန်မ အတွေးထဲ မနာလို ဖြစ်မိသည်။
မှန်သည်။
သူတို့ကို ကျွန်မ မနာလိုပါ။ သူတို့လို  မနက်ဖြန်တွေ ကျွန်မဆီမှာ မရှိသောကြောင့် သူတို့ကို ကျွန်မ တကယ် မနာလိုပါ။
သူတို့တွေလည်း ဆယ်ကျော်သက်အရွယ် ကျွန်မလည်း ဆယ်ကျော်သက် အရွယ်။ သူတို့ ဆယ်တန်းအောင်ပြီးပြီ။ ကျွန်မလည်း အောင်ခဲ့ပြီးပြီ။ သူတို့ မိဘတွေ သူတို့ကို ကျောင်းဆက် ထားနိုင်သည်။ ပြည်စုံစွာထားနိုင်သည်။ ကျွန်မ မိဘတွေလည်း သူတို့လိုပဲ ကျွန်မကို ထားနိုင်သည်။
ဒါပေမယ့်…သူတို့နှင့် ကျွန်မ ဘ၀တွေ အကွာခြားကြီးကွာခြားနေခဲ့သည်။ အရင်တုန်းက တူခဲ့ကောင်း တူခဲ့ မည်။ ဟုတ်ပါရဲ့..။ ကျွန်မက ဆယ်တန်း စာမေးပွဲကြီးအောင်သည့်နေ့အထိ သူလို ကိုယ်လို ပုံမှန်ဘ၀လေး ရှိသည့် ကလေးတစ်ယောက်ပဲ။
အဲဒီ အချိန်တွေတုန်းက … ဟုတ်သည်။ အဲဒီအချိန်တွေတုန်းက ကျွန်မမှာလည်း အနာဂတ် အိပ်မက်တွေ အများကြီး ရှိခဲ့ဖူးသည်။
ကျောင်းဆရာမလေး ဖြစ်ချင်ခဲ့သည့် ကျွန်မအိပ်မက်ကို ဖျတ်ခနဲ ပြန်အမှတ်ရမိတော့ ကျွန်မ နှစ်နှစ်ခြိုက်ခြိုက်ပဲ ပြုံးမိသည်။ ဆံထုံးလေးထုံး အဖြူအစိမ်း ယူနီဖောင်းလေး ဝတ်ပြီး ဖိနပ်အဖြူ ပါးပါးလေးစီးကာ လက်ထဲမှာ ကြိမ်ဆွဲ ခြင်းလေးနဲ့ ပုံရိပ်တစ်ခုကို ကျွန်မအမြဲ စိတ်ကူး ယဉ်ခဲ့ဖူးသည်။
ချက်ချင်း နူးညံ့သွားသည့် ခံစားချက်ကို ကျွန်မသတိပြုမိသည်။ ခုနကပဲ ကျွန်မစိတ်တွေ ကြမ်းတမ်းနေခဲ့တာကို ပြန်သတိရတော့ မျက်မှောင်ကုတ်မိသည်။
ကျွန်မစိတ်တွေ အမြဲပဲ မငြိမ်သက်ချေ။ အမြဲတမ်း ဂယောက်ဂယက်နှင့် အတွေးတွေက ပြန့်ကျဲလွန်းလှသည်။

———————————-

ပြတင်းပေါက်ကို ပိတ်ပြီး ခုတင် ပေါ် ပြန်ထိုင်မိတော့ တစ်အိမ်လုံး တိတ် ဆိတ်နေတာကို သတိပြုမိသည်။
အကုန်လုံး အိပ်ပျော်နေကြတာ တော့ မဖြစ်နိုင်။ အိမ်အလုပ်တွေ တာဝန် ယူထားသည့် အဒေါ်ကြီးနှင့် ကလေးမလေး ကတော့ ကိုးရီးယားစီးရီးတွေ ကြည့်နေ ကြပေမည်။ ဒက်ဒီနဲ့ မာမီကတော့ ပါတီတစ်ခုခု ဒါမှမဟုတ် ဝိုင်းတစ်ခုခုမှာ ရယ်မော နေကြပေမည်။
အတွေးက ကျွန်မကို အံတစ်ချက် ကျိတ်မိလျက်သား ဖြစ်စေသည်။
ကျွန်မအနားမှာ နေပေးဖို့ သူတို့မှာ စိတ်ကူးရှိကြပုံ မပေါ်ပါ။ ကျွန်မကလည်း သူတို့တွေ ကျွန်မအနားမှာ နေတာကို မကြိုက်လှပါ။ ဒါဟာ ကျွန်မတို့ မိသားစု ရဲ့ နွေးထွေး လွန်း လှသည့် ဆက်ဆံရေး ဖြစ်သည်။
အရင်ကတော့ ဒီလိုပဲလား။
ဟုတ်သည်။
အရင်ကလည်း ဒီလိုပါပဲလေ။ ကျွန်မ လူမှန်းသိတတ်စ အရွယ်ကတည်း က မာမီနဲ့ ဒက်ဒီဟာ ကျွန်မအတွက် သူစိမ်းတွေလိုပါပဲ။ ဒါပေမယ့် နောက် ပိုင်းမှာမှ ပိုစိမ်းသွားခဲ့ခြင်း ဖြစ်သည်။
ဟုတ်ပါသည်။ နောက်ပိုင်းမှာမှ ပိုစိမ်း သွားခဲ့သည်။
Before and After  ဆိုပြီး ကျွန်မဘ၀ကို နှစ်ပိုင်းခွဲရမည် ဆိုလျှင် ကျွန်မဘ၀ရဲ့Before အချိန်များသည် နေသာထိုင်သာ ရှိခဲ့သည်။ သာမန် ကလေးဘ၀ကို ကျွန်မ ပိုင်ဆိုင်ခဲ့သည်။
နှလုံးအား နည်း၍ သွေးအားနည်း၍ ဟု သောက်ရသည့် ဆေးများ ကလွဲပြီး၊  ဒက်ဒီနဲ့ မာမီက သိပ်ဂရုမစိုက် တတ်တာက လွဲပြီး ကျွန်မဆီမှာ ဘာအခက်အခဲမှ မရှိလှပါ။
အတန်းထဲမှာ ရွယ်တူတွေကြားမှာ ပုံမှန်ပဲ ကျွန်မ နေထိုင်လာခဲ့သည်။ ပုံမှန် နေ့ရက်တွေကို ဖြတ်သန်းရင်း မနက်ဖြန် အတွက် အိပ်မက်တွေ ရှိခဲ့ဖူးသည်။ အနာဂတ်အတွက် မျှော်လင့် ချက်တွေ ရှိခဲ့ဖူးသည်။
မျက်ဝန်း ညိုညိုလေးတစ်စုံအတွက် ရန်ခုန် လှုပ်ခတ်ခဲ့ဖူးသည်။
ဟုတ်ပါရဲ့။
အဲဒီမျက်ဝန်း ညိုညိုလေး…။ မဝံ့ မရဲလေး လှမ်း. . . လှမ်းကြည့်တတ် သည့် ထိုမျက်ဝန်း ညိုညိုလေးတွေကို ကျွန်မ ချစ်စနိုးနှင့် အမြဲတမ်း ဖမ်းတတ်ခဲ့ သည်။
အဲလို ရှက်သွေးရောင်လက် အတိတ် တစ်ခုလည်း  ကျွန်မဆီမှာ ရှိခဲ့ဖူးသည်။
မျက်ဝန်းပိတ်ကား အချမှာ  ဘယ် ဘက် မျက်လုံးထောင့်က လိမ့်ဆင်း သွားသည့် မျက်ရည် တစ်စက်။
ငိုဖူးသည့် မျက်ဝန်း ပိုလှသည်ဟု ကျွန်မ ကြားဖူးသည်။
မနက်ဖြန် ကျွန်မ မျက်ဝန်းတွေ ဒီနေ့ထက် ပိုလှမည် ထင်ပါသည်။
After ဟူသည့် ဘ၀ကို ကျွန်မ တကယ်ပဲ ကြောက်ရွံ့လှပါသည်။ ပြန် မတွေးရဲသည့် အချိန်။ အိပ်မက်ဆိုး အဖြစ်က ဘယ်တော့မှ ပျောက်ကွယ် သွားတော့မှာ မဟုတ်သည့်၊ နောက်ဆုံး ထွက်သက်အထိ ကျွန်မနဲ့ အတူ လိုက်ပါ နေတော့မှာ သေချာသည်။ ထိုအဖြစ်ဆိုး ကြီးကို ငြင်းပယ်နိုင်ခဲ့သည့် အင်အား တော့ ကျွန်မကို ဘုရာသခင်က ပေးသနား ခြင်း မရှိခဲ့ပါ။
_____
” သားသမီး မကောင်း မိဘခေါင်း ” ဟူသည့် စကားပုံကို ကြားတိုင်း ကျွန်မ နာနာ ကျင်ကျင်နဲ့ ဟက်ဟက် ပက်ပက် ရယ်ပစ်ခဲ့သည်။
သားသမီး မကောင်း မိဘခေါင်းတဲ့ လားကွယ်။ ကျွန်မ ဘယ်တုန်းကမှ ကျွန်မမိဘ အပြောအဆို ခံရလောက် အောင် မကောင်းတာမှ မလုပ်ခဲ့ဖူးပါ။
သူတို့ကသာ… ကျွန်မရဲ့ ဘ၀ တစ်ခုလုံးကို သူတို့ စိတ်ကြိုက် မွမ်းမံ ခြယ်လှယ် ပြောင်းပြန် လှန်ပစ်ခဲ့သည်။ ကျွန်မ အမှားလည်း တစ်ခုမှ မပါခဲ့ ပါဘဲ သူတို့တွေရဲ့ အမှားတွေကို ကျွန်မ ကသာ ရင်စည်းခံ ခဲ့ရသည်သာ။
ပိုးပိုးပေါက်ပေါက် ကျလာသည့် မျက်ရည်တွေကို ကျွန်မ မသုတ်ဖြစ်။ အဲဒီနေ့က …။
အဲဒီနေ့က … ကျွန်မ ဆယ်တန်း အောင်သည့်နေ့..။
အနာဂတ်တွေ သေဆုံးခဲ့ရသည့် နေ့။
အသက်ရှူနေရင်း ရပ်တန့်ခဲ့ရသည့် နေ့။
မျက်ဝန်း ညိုညိုလေးတွေကို စွန့်လွှတ်လိုက်ရသည့် နေ့။
ကျွန်မက နှလုံးအားဆေးတွေ၊ သွေးအားတိုးဆေးတွေ တစ်လျှောက်လုံး သိလာခဲ့ရသည့် ဆေးတွေက….။
ထို ဆေးတွေက …။
လက်သီးနှစ်ဖက်ကို ကျစ်ကျစ်ပါ အောင် ဆုပ်ရင်း ခေါင်းအုံးပေါ် မျက်နှာ အပ်မိတော့ ကျွန်မ အသက်ရှူသံတွေ မြန်ဆန် လွန်းနေခဲ့သည်။
ထိုအချိန်လေးမှာ အကြိမ်ပေါင်း များစွာ တွေးဖူးပြီးသား ထိုအတွေး ကိုပါ ကျွန်မ ထပ်တွေးမိသည်။
ကျွန်မ ဘ၀ရဲ့ တစ်ခုတည်းသော အမှားက ဒီမိဘတွေရဲ့ သမီးအဖြစ် မွေးဖွား လာခဲ့မိခြင်း..။ ဟုတ်သည်။ ဒီတစ်ခုတည်းသာလျှင် ကျွန်မ အမှား။
သူတို့ မက်သည့် အပျော်အပါး။ သူတို့မက်သည့် လူမှုရေးဝင်ဆံ့မှု၊ သူတို့ မက်သည့် အလောင်းအစား၊ သူတို့မက် သည့် ခေတ်နှင့်အညီ ရင်ဘောင်တန်းခြင်း တွေကြောင့်  HIV Positive အဖြစ်နဲ့  မွေးဖွား ရှင်သန်လာခဲ့ရသည့် အဖြစ် တစ်ခုတည်းသာလျှင် ကျွန်မရဲ့ အမှား ဖြစ်ခဲ့ ပုံရပါသည်။
ဘယ်သူက ဘယ်လို နည်းလမ်းမှား တွေ လုပ်ခဲ့မိ၍ ဒီရောဂါ စတင်ဖြစ်ခဲ့သလဲ သူတို့ ကိုယ်တိုင်တောင်မှ မသိခဲ့ကြ ပါတဲ့။ လွတ်လွတ် လပ်လပ်နေလိုခဲ့၍ သားသမီး မရအောင် အသည်းအသန် တားဆီးခဲ့ကြသည့် ကြားမှကျွန်မ ကိုယ်ဝန် ကို လွယ်ခဲ့ရစဉ်က မာမိကော၊ ဒယ်ဒီ ပါ စိတ်ဆင်းရဲခြင်းကြီးစွာ ဖြစ်ခဲ့ကြရ ပါသည်တဲ့။
သူတို့ ကိုယ်တိုင်လည်း သူတို့ဆီမှာ ဘယ်အချိန်ကတည်းက ဒီရောဂါစတင် ခိုအောင်းနေခဲ့သလဲ မသိလေတော့ ကျွန်မ အတွက် ဘယ်လို အကာအကွယ် ကိုမှ မလုပ်ပေးနိုင်ခဲ့ကြပါတဲ့။ ကျွန်မကို မွေးသည့်နေ့မှာမှ မာမီ့အတွက် သွေး လို၍ သွေးအမျိုးအစားတူသည့် ဒက်ဒီ ထံမှ သွေးယူဖို့ စစ်ဆေးတော့မှ …။ ထိုအချိန်ရောက်မှ တစ်ကိုယ်လုံးမှာ   ရှိသမျှ သွေးတွေထဲမှာ ရောဂါဆိုး တည် ရှိနေခဲ့တာကို သိခဲ့ကြရပါသည်တဲ့။
ထိုအချိန် ရောက်တော့မှ သူ့အပြစ်၊ ကိုယ့်အပြစ် လက်ညှိုးထိုးရင်း အပြစ် လွှဲခဲ့ကြပေမယ့် လောကကြီးထဲကို  လာခြင်း မကောင်းစွာ ဖြစ်တည် ရောက်ရှိ လာခဲ့သည့် ကျွန်မက ရှင်သန် နေခဲ့ပြီ လေ။ ပိုးမွေးသလို အသည်းအသန် ဂရု စိုက်ပြီး ဆက်လက် ရှင်သန်ရေးအတွက် ပြုစု စောင့်ရှောက် ခဲ့ကြရပါသည်တဲ့။  ARV ဟူသည့် Anti Retro Virus ဆေးများအား တစ်မိသားစုလုံး သောက်သုံး ခဲ့ကြရပါသည်တဲ့။ ဒီဆေး အဆင့်အား ပထမအဆင့်မှ ဒုတိယအဆင့်သို့ ရောက်မသွားရေးအတွက် အသေအချာ ဂရုစိုက်ခဲ့ကြရပါသည်တဲ့။ ပထမအဆင့် ဆေးသောက်သုံးမှုမှာ အချိန်ကွဲလွဲမှု၊ ဒါမှမဟုတ် တစ်စုံတစ်ရာ ချွတ်ချော်ခဲ့၍ ဒုတိယအဆင့်သို့ ရောက်ခဲ့မည်။ ထိုဒုတိယအဆင့် သည် နောက်ဆုံး အဆင့် ဖြစ်သွားနိုင်ပါသည်တဲ့။
ထိုဒုတိယအဆင့်ကိုပါ ထပ်မံ ချွတ်ချော်ခဲ့ပြီဆိုရင် ဆက်လက် ထိန်း ချုပ်ထားနိုင်တော့မှာ မဟုတ်သည့်။ ရှင်သန်ခြင်းအတွက် စိုးရိမ်ခြင်း ကြီးစွာ ဖြင့် ပထမအဆင့်ကိုပဲ တစ်စက္ကန့်မျှ ကွဲလွဲမှု မရှိဘဲ ဆေးသောက်ခဲ့ကြရပါ သည်တဲ့။
ဟိုတစ်လောလေးကတော့ ဒက်ဒီ ပြောတာ ကြားလိုက်ရပါရဲ့။ တတိယ အဆင့် ဆေးရနိုင်ပါပြီဆိုလား။ လွယ် လွယ်ကူကူ မရနိုင်သေးပေမယ့် ရှိနေပြီ ဖြစ်၍ တော်ပါသေးရဲ့ဆိုပဲ။
ကျွန်မ အတွက်တော့ ထိုစကား တွေက အားပေးစကား ဖြစ်မလာခဲ့ ချေ။ ဖြစ်လေရာဘ၀မှာ ပျော်အောင်နေပြီး ဘ၀ကို ရှင်သန် တည်ဆောက်ပါ ဟူသည့် စာစောင် တစ်ချို့ဆီက ဆောင် ပုဒ်တွေကလည်း ကျွန်မအတွက် အထောက် အပံ့ မဟုတ်ခဲ့ပါ။ မဖြစ်ခဲ့ပါ။
ကျွန်မမှာ ဒီရောဂါရှိသည်ဟု သိခွင့် ရခဲ့ပြီးတည်းက ဆေးပညာဆိုင်ရာ စာအုပ်အချို့ ကျွန်မ ဖတ်ခဲ့ဖူးသည်။ ရောဂါမရအောင် နေထိုင်နည်း။ မကူး စက်အောင် ကာကွယ်နည်း အိမ်ထောင် ရေး မဖောက်ပြန်ဘဲ နေထိုင်နည်း။ အများကြီး ဖတ်ခဲ့ရသည်။ ရောဂါဖြစ် နေခဲ့ပြီဆိုလည်း သက်တမ်းကို ဆွဲဆန့် ထားနိုင်ဖို့ ဘယ်သို့ဘယ်ပုံ နေထိုင် ရမည်။
ထိုအရာတွေထဲမှာမှ ကျွန်မအနာ ကျင်ရဆုံး နည်းတစ်ခုလည်း ရှိခဲ့သည်။ မိခင်မှ သန္ဓေသားသို့ ရောဂါမကူးစက် အောင် ကာကွယ်နည်းတဲ့…။
ဒီနေ့ခေတ် မိခင်တွေက ကိုယ်ဝန် ရှိကတည်းက စစ်ဆေးမှုတွေရှိခဲ့လေ တော့ အကယ်၍ ရောဂါရှိနေခဲ့ရင်တောင် မှ သန္ဓေသားဆီ မကူးစက်ရလေအောင် ကာကွယ်နိုင်ခဲ့လေပြီ။
ဤအချက်သည်လည်း ကျွန်မ အမှားပဲ ဖြစ်ခဲ့ဖို့ ရပါသည်။ ဆေးပညာ တိုးတက် မြင့်မားနေသည့် ဒီနေ့ခေတ်မှာ မမွေးဖွားလာခဲ့ဘဲ ဆေးပညာဗဟုသုတ နည်းပါးသေးသည့် လွန်ခဲ့သော ၁၉ နှစ်ခန့် ကတည်းက ကျွန်မက လူ့ လောကကြီးထဲ ရောက်လာမိခဲ့ သည် ကိုးလေ…။
_ _ _ _ _
ဒီနေ့မှာ ရှင်သန်နိုင်ဖို့ရာ မနေ့က ကျွန်မ အဲဒီဆေးတွေ သောက်ခဲ့ သည်။ မနက်ဖြန် အသက်ဆက်ဖို့ရာ ဒီနေ့လည်း ကျွန်မသောက်သည်။ သန်ဘက်ခါ အတွက် မနက်ဖြန်ဆို ထပ်သောက်ရပေ ဦးမည်။
ဘ၀တစ်ခု ဆိုတာက ဖြစ်တည် လာခဲ့ပြီးမှတော့ အဆိပ်ပင်တစ်ပင် ဖြစ် နေပေမယ့်လည်း ဆက်လက် အသက် ရှင်သန်ဖို့ရာ ရေသောက်ရင်း နေရောင် ခြည်တွေ ခံယူရင်းနဲ့ပဲ ဖြစ်တည် ရဦး မည်။
ပြတင်းပေါက်နားမှာ ရပ်နေရင်း လေးထောင့် ဘောင်လေးထဲက အသက် ဝင်နေကြသည့် အရုပ်လေးများကို ကြည့် ရင်း ကျွန်မ ဆေးလုံးတွေကို ရေနဲ့ မျှောချ လိုက်ရသည်။

ပြီးပါပြီ