မူးယစ်ဆေးဝါး လူထုကြားထဲ ဘယ်လောက် ပျံ့နေပြီလဲ

0
824

တနင်္သာရီတိုင်းအတွင်း မူးယစ် ဆေးဝါး ပျံ့နှံမှုနှင့် ပတ်သက်ပြီး လူထုသိထားသည့် အခြေအနေနှင့် အကြံပြုချက် အတွေးအမြင်များကို သိနိုင်ရန် ယခုအပတ်တွင် မူးယစ် ဆေးဝါးနှင့် ပတ်သက်ပြီး လူထုအသံ ကဏ္ဍတွင် ဖော်ပြလိုက်ပါသည်။

ထားဝယ်
ဆိုင်ကယ် အငှားယာဉ်မောင်း တစ်ဦး၊ ထားဝယ် အဝေးပြေးဝင်း။

အများကြီးကို ပျံ့နှံ့နေတယ်၊ လူငယ်တွေ ကြားမှာဆို ပိုဆိုးတယ်။ ဝယ်ရလွယ်လို့ ပျံ့နှံ့နေတာ။
ကျွန်တော်တို့ အနေနဲ့ သိလျက်နဲ့ လည်း ဘာမှလုပ်လို့ မရဘူး။ ပြည်သူ့ရဲ အနေနဲ့လည်း ထစ်ခနဲဆို ဖမ်းဖို့ချည်း လုပ်နေလို့ မရဘူး။ သုံးနေတာ တစ်ခါ နှစ်ခါလောက် တွေ့ရင် ခေါ်ယူ ပညာ ပေးသင့်တယ်။ အုပ်ချုပ်ရေး အနေနဲ့ လည်း ဒီတစ်ခုတည်းကို ၆လ ၁နှစ် ၂နှစ် စီမံကိန်းတွေချပြီး တိုက်ဖျက် ရေးတွေ လုပ်ဆောင်သင့်တယ်။
ကိုသားကြီး၊ ဆန်းချီရပ်
လူငယ်ပိုင်းမှာဆို အသက် တဆယ် ကျော်နဲ့  ၂၀ ဝန်းကျင်အကြား အတော် များများ ပျံ့နှံ့နေပြီလို့ ယူဆမိတယ်။ ပျံ့နှံ့ သွားတာက အုပ်ချုပ်ရေး ယန္တရား အားနည်းနေတဲ့ အပြင် ဘယ်သူ သေသေ ငတေမာရင် ပြီးရောဆိုတဲ့ ကိုယ်ကျိုးရှာ စီပွားရေး သမားတွေ ရှိနေလို့ အဲလောက် ပျံ့နှံ့ သွားတာလို့ ယူဆမိတယ်။လူထုက ကိုယ်ကျိုးရှာ အတ္တသမား တွေကို သက်ဆိုင်ရာဌာန သို့မဟုတ် အုပ်ချုပ်ရေးပိုင်းကို တာဝန်သိတတ်စွာ သတင်း ပေးရမယ်။ သက်ဆိုင်ရာ ဌာနတွေကလည်း ကိုယ့်ရဲ့ တာဝန် တွေကို ကျေပွန်စွာ ထမ်းဆောင်ဖို့ လို မယ် ထင်တယ်။အဂတိ လိုက်စားမှု မရှိဘဲ ဆောင် ရွက်ကြဖို့ တိုက်တွန်းလိုတယ်။
ကိုရေဂင်၊ ဝဲကျွန်းရပ်
ကျွန်တော်တို့ ပတ်ဝန်းကျင် လူငယ်နဲ့ လူလတ်တန်းမှာတော့ မူးယစ် ဆေးဝါးဟာ ယဉ်ကျေးမှုတစ်ရပ် အနေနဲ့ ကို သုံးစွဲတာတွေ့ရတယ်။ အထူးသဖြင့် စိုးရိမ်မိတာက အထက်တန်း ကျောင်းသား ကအစ တက္ကသိုလ် ကျောင်းသားအရွယ် တွေကြားမှာ သုံးစွဲမှုတွေ တဖြည်းဖြည်း ကျယ်ပြန့် လာတာပါ။ အင်မတန် စိုးရိမ်မိတယ်။ ဘာကြောင့်လဲဆို လွယ်လွယ်ကူကူ ဝယ်လို့ ရတယ်။ ထိထိ ရောက်ရောက် အရေးယူ ဆောင်ရွက် လိုက်တယ်ဆိုတာ မျိုး ကောင်းကောင်း မတွေ့ရဘူး။ မစို့မပို့ ဖမ်းဆီးမှုလေးတွေ တော့ ရှိတာပေါ့ဗျာ။
ရွှေသမင် ဘယ်ကထွက် မင်းကြီး တာကထွက် ဆိုသလို ဖြစ်နေတယ်ဗျ။
အုပ်ချုပ်ရေး ယန္တရားကိုယ်တိုင်က တရားဥပဒေစိုးမိုမှု ရှိရမယ်လေ။ ဒါမှ တာဝန်ရှိပုဂ္ဂိုလ်များက ထိထိ ရောက် ရောက် တာဝန်သိသိ အရေးယူ ဆောင်ရွက်မှု ရှိလာမှာပေါ့။ အဂတိလိုက် စားမှုလည်း ကင်းမယ်၊ လူထုကြားမှာ အသိပညာတွေ ဖြန့်ဝေပေးမယ်ဆိုရင် ယုံကြည်မှု ရှိရှိနဲ့ အပြန်အလှန် ကူညီမှု တွေ ရရှိလာမယ်။
လူထု ပူးပေါင်းပါဝင်မှု ရရှိမှ တိုက် ဖျက်ရေးလုပ်ငန်းတွေ တဖြည်း ဖြည်းချင်း အောင်မြင်လာမယ်။

မြိတ်
ကိုအောင်ဆန်းဦး၊ ကုမ္ပဏီဝန်ထမ်း
မူးယစ်ဆေးဝါးက လူငယ် ကြားထဲမှာ တော်တော်လေး ပျံ့နှံနေပါ တယ် လူငယ် ၁၀ ဦးမှာ ၅ ဦးခန့် သုံးစွဲ နေတာပါ။ သူတို့တွေက ရောင်းချ ရင်းနဲ့ သုံးစွဲနေကြတယ်။ အဲဒီလို သုံးစွဲနိုင်အောင် ပင်ရင်းဒိုင်တွေက လုပ်ပေးထားတာ။ WY ဆေးပြား ၁၀ ပြားလောက် ရောင်းပေးရင် နှစ်ပြား လောက်က ရောင်းချပေးသူတွေ အတွက် အလကား သုံးရသလို ဖြစ်နေတယ် ဆိုတော့ လူငယ်တွေလည်း သုံးလာ ကြတာပါ။ ဒါတွေကို ထိန်းချုပ် နိုင်ဖို့ ဆိုရင် သက်ဆိုင်ရာ အဖွဲ့အစည်း တွေက လက်ရှိ သုံးစွဲနေသူများကို စောင့်ကြည့်ပြီး ပင်ရင်းဒိုင်တွေကို ရှာပြီး ဖမ်းဖို့ လိုပါတယ်။ ပြီးခဲ့တဲ့ လတုန်းက အဝေးပြေး ကားလိုင်းနဲ့ ဝင်လာတဲ့ WY ဆေးပြား သုံးထောင်ကျော်ကို ဖမ်းဆီး လိုက်တာမျိုးပေါ့။ အဲလိုမျိုး ပင်ရင်း တွေကို ဖမ်းဆီးဖို့လိုပါတယ်။ သုံးစွဲ နေသူတွေကိုသာ လိုက်ဖမ်းနေရင် ဘာမှ ထူးလာမှာ မဟုတ်ဘူး။
ဦးစိန်မောင်၊ စန္ဒဝတ်ကျေးရွာ
မူးယစ်ဆေးဝါးက ဘယ်အတိုင်းအ တာထိ ပျံ့နေသလဲဆိုတာ ခန့်မှန်း ရခက်နေပါတယ်။ တချို့ ဆိုင်ကယ် ကယ်ရီသမားတွေဆိုရင် ခရီးသည်ဆီက မူးယစ်ဆေးဝါး ဖမ်းမိရင် ကိုယ်က ဘာမှမလုပ်ဘဲနဲ့ ဆိုင်ကယ်လည်းရှုံး ထောင်လည်းကျ သွားတာမျိုးတွေ တွေ့ဖူးပါတယ် ဆိုင်ကယ်ကယ်ရီသမား တွေအတွက် အထူးသတိထားရပါမယ်။ မူးယစ်ဆေးဝါးကို လက်ကား ဖြန့်ဖြူးနေ တာထက် ဘယ်ဒေသက ဝင်လာတာလဲ ဘယ်လမ်း ကြောင်းကနေ ဝင်လာတာလဲ ဆိုတာ သေချာစောင့်ကြည့်ပြီး ပင်ရင်းကို ဖမ်းဆီးခြင်းအားဖြင့် လူထုကြားမှာ သုံးစွဲမှုတွေ လျော့နည်း လာလိမ့်မယ်လို့ မြင်ပါတယ်။

ကော့သောင်း
ဒေါ်ငုဝါ၊ အေးရိပ်ငြိမ် ရပ်ကွက်
ယခုနှစ်တွေမှာ ပိုများလာတယ်။ လူငယ်တွေကြားမှာ ဒါမျိုး မလုပ်ရင်ပဲ ခေတ်မမီတော့သလို ထင်နေကြသလား မသိဘူး။ မသုံးစွဲတဲ့ သူတွေဆို ဒီမြို့မှာ အပေါင်းအသင်းနည်းတဲ့ လူငယ်လို့ တောင် မြင်နေကြပြီ။ အဓိကကတော့ ပညာရေးအသိနဲ့ ဘာသာရေးအသိ အားနည်းတာလဲပါတယ်။ ကလေးတွေ အတော် များများက ကျောင်းကို တက်ဖို့ သိပ်အလေးအနက် မထားသလို မိဘ တွေကလဲ ဂရုမစိုက်နိုင်ကြဘူး။ တာဝန်ရှိ တဲ့ ဌာနတွေက လုပ်ဆောင်ချက် အားနည်း နေသေးတယ်လို့လဲ မြင်တယ်။

drugs_1တကယ်ဆို ရပ်ကွက်ထဲမှာ ဘယ်သူ ဘာလုပ်နေသလဲ ဆိုတာ အတော်များများ သိနေသေးတာပဲ။ တာဝန်ရှိသူတွေက ပိုသိမှာပါ။ ထိုင်းက ပြန်လာတဲ့ လူငယ် အတော် များများမှာ လည်း တစ်ဝက်လောက်က ဒီလို မူးယစ် ဆေးဝါးနဲ့ ကင်းတဲ့သူ ရှားတယ်။ နောက်ပြီး တစ်ချို့ စီးပွားရေးသမားတွေကလည်း လူငယ်တွေကို အသုံးချလာကြတယ်။ အလုပ်အကိုင် ရှားပါးတာလဲပါတယ်။ အလုပ်မရှိတော့ လက်ဖက်ရည်ဆိုင်တွေ အရက်ဆိုင်တွေ ဆိုင်ကယ်ဂိတ်တွေမှာ ထိုင်နေကြတာ များတယ်။ အဲဒီမှာ ဒီလို ပိုက်ဆံ လွယ်လွယ်ရနိုင်တဲ့ မူးယစ်ဆေး ရောင်းဝယ်တာတွေ စမ်းလုပ် လာကြ တယ်။ သုံးလဲသုံးတယ် ရောင်းလည်း ရောင်းကြတယ်။ တချို့ လူငယ်တွေဆို မူးယစ်ဌာနတွေမှာ သတင်းပေး သလိုလို နဲ့ လူငယ်တွေကြား ဆေးဝါးတွေ ဖြန့်ဖြူး နေကြတယ်လို့လဲ သိရတယ်။ ကျွန်မတို့ မြို့က ကြာလာတော့ ဒီကိစ္စကို ရိုးသလို တောင် ဖြစ်နေကြပြီ။ အဓိကကတော့ သက်ဆိုင်ရာဌာနက သေချာ မလုပ်နိုင်သေး လို့ပါ။ ပင်ရင်းကို မဖမ်းနိုင်သေးသရွေ့ တော့ သံသရာလည် နေဦးမှာပဲ။ လူငယ် တွေ မျိုးဆက်သစ်တွေအတွက် ရင်လေး စရာပါပဲ။
ဒေါ်ဝင်းဝင်းခိုင်၊

ကုန်စုံဆိုင်ရှင်၊ အေးမြကန်သာ ရပ်ကွက်။
ကျွန်မအနေနဲ့  မူးယစ်ဆေးဝါး အမြစ်ပြတ်အောင် ဆောင်ရွက်တဲ့နေရာမှာ ဌာနဆိုင်ရာတွေ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး တွေ မြို့မိမြို့ဖနဲ့ မူးယစ်ဆေးဝါး သုံးစွဲနေတဲ့ မိဘတွေကိုပါ ကြပ်ကြပ် မတ်မတ် အသိပညာပေး စေချင်တယ်။ မူးယစ်ဆေး ဖမ်းတဲ့အခါ ဘက်လိုက်မှု၊ အားနာမှုတွေ၊ အထက်အဖွဲ့အစည်းတွေရဲ့ မျက်နှာ ထောက်ထားမှု တွေကို မကြည့် ဘဲ ဆောင်ရွက်စေချင်တယ်။ လူငယ် အတော်များများက ခုဆိုညအချိန် မတော်မှာ မှောင်ရိပ်ခိုပြီး ကော်ရှူတာတွေ ကို ကမ်းနားလမ်းတွေ၊ ဆိပ်ကမ်းသာ ပန်းခြံလို နေရာမျိုးတွေမှာ မြင်နေရတာ၊ မျက်နှာလွှဲနေရတာ မကြာ ခဏပဲ ပြောလဲ မပြောရဲဘူး၊ ရန်လုပ် မှာစိုးလို့၊ နောက်ပြီး ကော့သောင်း ဆေးရုံမှာလည်း မူးယစ်ဆေးဝါး ဖြတ်တဲ့ နေရာမျိုးထားစေချင်တယ်။ အဓိကကတော့ အသိပညာ အားနည်းမှု ကြောင့်ပေါ့။
ဦးမျိုးမင်း၊

ရပ်ကွက် အထောက် အကူပြု အတွင်းရေးမှူး၊ ရွှေဇင်ယော် ရပ်ကွက်။
ရောင်းဝယ်သူနဲ့ ထိန်းချုပ်သူတွေ ကြောင့်လည်း ပိုပြီး ကျယ်ပြန့်လာတယ် ထင်တယ်။ ဘာလဲဆိုတော့ မျက်နှာနာပြီး သေချာ မလုပ်နိုင်တာကိုပါ။ နားလည်မှု ယူထားသလိုတွေ ဖြစ်နေရင် မကောင်း ဘူးပေါ့။
ကျောင်းတွေ ရပ်ကွက်တွေမှာလည်း သက်ဆိုင်ရာ ဌာနက မကြာခဏ အသိ ပညာပေးတွေ ခပ်စိပ်စိပ် လေးလုပ်ပြီး တာဝန်ရှိတဲ့အတိုင်း လုပ်စေချင်တယ်။ ကလေးတွေ အာရုံပြောင်းအောင် ထား ဝယ်မှာလိုမျိုး စကိတ်စီး ကစားကွင်းမျိုးနဲ့ တစ်ခြား လူငယ်တွေ စိတ်ဝင်စားနိုင်တဲ့ အားကစားကွင်းတွေ၊ အလုပ်အကိုင်တွေ ဖန်တီးပေးဖို့လည်း လိုနေတယ်။ ဒါမှ လည်း စိတ်လေလွင့်မှုနည်းပြီး မကောင်း တဲ့အရာတွေကို စိတ်ဝင်စားမှုနည်း လာမှာပါ။
ဦးမိုးဒီ၊

အေးရိပ်ငြိမ်ရပ်ကွက်။
တားဆီးတဲ့နေရာမှာ လိုအပ်နေ တယ်။ ဘာဖြစ်လို့လဲဆိုတော့၊ အကိုင်း အခက်တော့ လှဲပြီး ပင်စည်အမြစ်ကို မသတ်နိုင်ဘူးဆိုတော့ မထိရောက် ဘူးပေါ့။ မိဘတွေရဲ့ အုပ်ထိန်းမှုလဲ လိုတာပေါ့နော်။ အပေါင်းအသင်း ပေါင်းတာ သတိထားရမယ်။ ပစ်ထား သလိုနေလို့ မရဘူး၊ ကော့သောင်းမှာ နေတာ ၁၅ နှစ် ဝန်းကျင်လောက်တော့ ရှိပါပြီ။ ယခု နောက်ပိုင်း ပိုများလာ တယ်လို့ ထင်တယ်။ မူးယစ်ဆေးသုံးစွဲတဲ့ လူငယ်တွေ၊ လူငယ်တွေကို အာရုံပြောင်း စေတဲ့ သင်တန်းတွေ၊ အလုပ်အကိုင်တွေ၊ အားကစားတွေကို ဖန်တီးပေးစေ ချင်တယ်။
နောက်ပြီး နယ်စပ်ဝင်ထွက်ဂိတ် တွေရဲ့ စစ်ဆေးမှု တွေကလည်း အားနည်းတယ်လို့ ထင်တယ်။