ဥပဒေအထက်က ဝန်းရံသူများ

ဥပဒေအထက်က ဝန်းရံသူများ
ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

ညနေ ၆ နာရီကျော်ပြီမို့ ကျေးရွာ လျှပ်စစ်မီးက အိမ်ထဲမှာရော၊ လမ်းမှာပါ ထိန်လင်းနေပြီ။ အစိုးရလျှပ်စစ်မီး မရောက်တဲ့ မြန်မာနိုင်ငံရဲ့ အစွန်အဖျား ဇနပုဒ်မှာ နေထိုင်ရတဲ့ ဦးဖိုးတုတ်တို့လို တောသူတောင်သားတွေဟာ ကိုယ်ထူ ကိုယ်ထ ကျေးရွာလျှပ်စစ်မီးကျေးဇူးနဲ့ပဲ ညကာလကို လင်းလင်းထိန်ထိန် ဖြတ်သန်းကြရပါတယ်။ ဈေးကြီးတာတွေ၊ ဘာတွေ ထည့်မတွက်နိုင်ပါဘူး။ အစိုးရ မီးဆိုတာ ဘယ်ဆီဘယ်ဝယ်မှန်း မသိတာမို့ အစိုးရမီးကို မျှော်မှန်းတမ်းတတဲ့အထဲမှာ ဦးဖိုးတုတ်မပါဝင်ပါ။ ညဘက်မီးလာချိန်မှာ တီဗီလေးဘာလေး ကြည့်။ အဲ၊ နေ့ဘက်ကတော့ ရောင်ခြည် တစ်ထောင်အလင်းဆောင်တဲ့ သူရိယနေမင်း ရှိနေသရွေ့ လျှပ်စစ်မီးကို တမ်းတနေစရာ ဘာအကြောင်းမှ မရှိပါ။

ည ၇ နာရီလောက်ဆိုရင် ဦးဖိုးတုတ်တစ်ယောက် တီဗီရှေ့ရောက်နေပြီ။ ဦးဖိုးတုတ်အများဆုံးကြည့်တာက သတင်းတွေ။ တောသားဆိုပြီး အထင်တော့ မသေးလိုက်နဲ့။ ပြည်တွင်းသတင်း သာမက နိုင်ငံတကာသတင်းတွေပါ အစုံသိ အကုန်သိသူ။ အသက် ၂၀ ဆယ် ကျော် လူပျိုဘဝတုန်းက ယိုးဒယား (ထိုင်း)မှာ သုံးလေးနှစ်အလုပ်သွားလုပ်ဖူးတာမို့ ထိုင်းစကားလည်း အတော်လေးနားလည်တယ်။ ဒါ့ကြောင့် တီဗီ စဖွင့်ဖွင့်ခြင်းမှာ ထိုင်းရုပ်သံလိုင်းတွေကို ဦးစားပေးကြည့်ဖြစ်ပြီး ၈ နာရီထိုးရင် ဒီဗီဘီက သတင်းကို မလွတ်တမ်းကြည့် တတ်သူလည်း ဖြစ်တယ်။

အခုလည်း ကိုဗစ်-၁၉ အကြောင်း ကြေညာနေတဲ့ ထိုင်းရုပ်သံလိုင်းတစ်ခုကို ကြည့်နေရင်း ဘေးနားက ဇနီးဒေါ်မိကို စကားပြန်လုပ်ပေးနေတယ်။ ဒေါ်မိကေတာ့ ကိုဗစ်မဖြစ်ခင်က တီဗီရှေ့မှာ ထိုင်ငိုက်ရုံသာ ငိုက်တတ်ပေမဲ့ အခုတော့ ဦးဖိုးတုတ်နဲ့အတူ သတင်းတွေကို မျက်တောင်မခတ် စိတ်ဝင်တစား ကြည့်နေမိတယ်။

ဒေါ်မိက သတင်းကြေညာသူကို မျက်တောင်မခတ် စိုက်ကြည့်နေယင်းက အနားမှာရှိတဲ့ ဦးဖိုးတုတ် ဘာသာပြန်တာ ကို အားမရဟန်နဲ့-

“သူ ဘာပြောတာလဲ ဟင်။ အခြေအနေဘယ်လိုလဲ၊ လမ်းဖွင့်နေပြီလား” စတဲ့ စကားတွေကို ဆီမန်းမန်းသလို ထပ်ခါတလဲလဲ ရွတ်ဆိုနေတော့တယ်။

ဒေါ်မိရဲ့ ပွစိပွစိအသံကြောင့် စိတ်တိုလာတဲ့ ဦးဖိုးတုတ်က “နေစမ်းပါဦးဟ ဒီမှာသေချာနားထောင်နေတာ၊ ထိုင်း စကားတွေကလည်း အရင်ကနဲ့ မတူတော့သလိုပဲ” လို့ ပြောလေရဲ့။

ထိုင်းကနေ ပြန်လာတာ နှစ်ပေါင်း ၄၀ နီးပါးရှိပြီမို့ ထိုင်းစကားကို နားလည် ဖို့ နားရွက်ကျွတ်ထွက်မတတ် နားစွင့်ရင်း ဒေါ်မိကို ပြန်ငေါက်လိုက်တယ်။

တစ်ဦးတည်းသော စကားပြန်က ငေါက်လိုက်တော့ ဒေါ်မိမှာ အသံတိတ်သွားပြီး ဦးဖိုးတုတ်ဘာသာပြန်ပေးတာကိုပဲ ယုံကြည်ချက်ကြီးမားစွာနဲ့ နားစွင့်နေတော့တယ်။ ထိုင်းစကားမတတ်တာကို ဒီလောက်အထိအားငယ်ရမှန်း အခုကိုဗစ်ကာလရောက်မှ ဒေါ်မိ သိသွား တော့တယ်။

ထိုင်းမှာအလုပ်သွားလုပ်နေတဲ့ သားကြီးက ဒီနှစ်တပို့တွဲလ ရွာဘုရားပွဲ ဆို ပြန်လာမယ်လို့ ဖုန်းဆက်ထားတာ ကြာပြီ။ သားကြီးကထိုင်းသွားတာ သုံးနှစ်ကြာသွားပြီမို့ ရွာဘုရားပွဲကျရင် ပြန်လာဖို့ ရွယ်ထားတာ။ အခုတော့ ကိုဗစ်ကြောင့် လမ်းတွေမဖွင့်ဖြစ်မှာကို စိုးလှတယ်။ ပိုဆိုးတာက ကိုဗစ်စဖြစ် ကတည်းက သားတို့အလုပ်လုပ်တဲ့ သူဌေးက လစာမပေးနိုင်တော့ဘဲ ထမင်းကျွေးထားရုံ ထားနိုင်တော့ အိမ်ကို ငွေမပို့ဖြစ်တာလည်း ကြာပြီ။ ဒါ့ကြောင့်လည်း ထိုင်းသတင်းတွေက ဒေါ်မိအတွက် သေရေးရှင်ရေး ဖြစ်နေတယ်။

ဒေါ်မိအတွက်ကတော့ ထိုင်းက သတင်းလည်း အရေးကြီးလှသလို ဗမာသတင်းကလည်း အရေးကြီးပြန်တယ်။ အကြောင်းကဒီလို။

ဦဖိုးတုတ်နဲ့ ဒေါ်မိတို့မှာ သားတစ်ယောက်၊ သမီးနှစ်ယောက်ရှိတယ်။ ကျေးလက်တောရွာမှာ နေထိုင်ကြီးပြင်း ကြသူတွေပေမဲ့ သားသမီးတွေကို ကျောင်းထားဖို့အတွက်တော့ လက် မနှေးကြရှာဘူး။ ဒေါ်မိက သေစာရှင်စာလောက်သာ တတ်ပေမဲ့ ဦးဖိုးတုတ်က မူလတန်းပြီးတဲ့အထိ ကျောင်းနေထားဖူးတာမို့ သားသမီးတွေ ပညာတတ်ဖြစ်ဖို့ အားပေးရှာတယ်။

ကျောင်းစာကို စိတ်မဝင်စားတဲ့ သားကြီးက ရှစ်တန်းမှာ ကျောင်းပြေးပြီး အဖေ့ခြံမှာ ဝိုင်းကူလုပ်ပေးတယ်။ နောက်တော့ ထိုင်းဘက်မှာ အလုပ်လုပ်နေတဲ့ ဆွေမျိုးတွေက လှမ်းခေါ်တော့ လိုက် သွားလိုက်တယ်။ သမီးလတ်ကတော့ ဘွဲ့ရပြီး အခုရန်ကုန်က ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေလေရဲ့။ သမီးထွေးကတော့ ဒီနှစ်ဆယ်တန်းအတက်မှာပဲ ကိုဗစ်ကြောင့် ကျောင်းပိတ်လိုက်တော့ အိမ်မှာဖုန်းတစ်လုံးနဲ့ ဇိမ်ကျနေရှာတယ်။

သမီးလတ်က တစ်နှစ်တစ်ကြိမ် သင်္ကြန်ပိတ်ရက်တွေမှာ အိမ်ပြန်လာနေ ကျပေမဲ့ ပြီးခဲ့တဲ့ သင်္ကြန်ကတော့ ကိုဗစ်ကြောင့် ပြန်လို့မရခဲ့ဘူး။ သမီးလတ်နဲ့ ဟိုနေ့က ဖုန်းပြောတော့ သူတို့အိမ်မှာပဲ အလုပ်လုပ်နေရတယ်။ အိမ်ပေါ်ကနေ အိမ်အောက်တောင် မဆင်းရဲဘူး။ ဘေးနားတိုက်ခန်းက လူနာတင်ကားနဲ့ လာခေါ်သွားကြပြီဆိုတဲ့ စကားကြောင့် ဒေါ်မိမှာ ပိုပြီး စိတ်ပူရပြန်တယ်။

အဲဒါကြောင့်ပြောတာပေါ့။ ဒေါ်မိအတွက် ထိုင်းသတင်းကလည်း အရေးကြီးသလို ဗမာသတင်းကလည်း အရေးကြီးတယ်ဆိုတာ။

ဦးဖိုးတုတ်ရဲ့ တုတ်ထိုးအိုးပေါက် ဘာသာပြန်တာကို နားစွင့်ရင်း အသံချဲ့စက်နဲ့ ရွာထဲမှာ လှည့်အော်တဲ့အသံကြားလိုက်တယ်။ အသံက အိမ်နဲ့တဖြည်းဖြည်းနီး လာပြီ။

“ရွာသူ ရွာသားအပေါင်းတို့ ခင်ဗျား၊ အခုဆိုရင် ကိုဗစ်-၁၉ ရောဂါဟာ ကျွန်တော်တို့နိုင်ငံမှာ တစ်ရက်ကို ကူးစက်ခံရသူ ထောင်ကျော်ရှိနေပြီး သေဆုံးသူတွေဟာလည်း ဆယ်ဂဏန်း ကျော်နေပါတယ်။ ဒါကြောင့် ကိုယ့်အိမ်မှာပဲ ကိုယ်နေကြပါ။ အပြင်ထွက်ရင် မတ်(Mask) တပ်ပါ။ လူစုလူဝေး မလုပ်ရပါ၊ လူစုလူဝေးလုပ်ရင် —-”

ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ အထက်ပါ အသံသွင်းထားတဲ့ ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် ဥပဒေတွေ အမိန့်တွေကို တသီတတန်းကြီး ကြေညာနေပြန်ပြီ။ နောက်ဆုံးအဆုံးသတ်ကတော့ ထုံးစံအတိုင်း ထုတ်ပြန်ထားတဲ့ အမိန့်ကို မလိုက်နာရင် ဥပဒေနဲ့အညီ အရေးယူခံရ မည် ဆိုတဲ့စကားပေါ့လေ။ ဒီလိုရွာစဉ် လှည့်ပြီး သတိပေးတာက ဦးဖိုးတုတ်တို့ ရွာမှာ တစ်ပတ်တစ်ကြိမ် ပုံမှန်လုပ်ပါတယ်။ အမိန့်ကတော့ တစ်ပတ်နဲ့ တစ်ပတ် လိုတိုးပိုလျှော့ပေါ့လေ။ အချုပ်ကတော့ ကိုယ့်အိမ်မှာ ကိုယ်နေပါပေါ့။

ဦးဖိုးတုတ်က နိုင်ငံသားကောင်း ပီသတဲ့ တောသားတစ်ယောက်ဖြစ်ချင် တာမို့ ဥပဒေတွေကို ဦးလည်မသုန် လိုက်နာသူတစ်ယောက်ပါ။ ဒါ့ကြောင့် ကုသိုလ်ရေးအပါအဝင် ရပ်ရွာက သာရေး နာရေးတွေကို လည်ပြန်မကြည့်ခဲ့တာ လပေါင်းအတန်ကြာခဲ့ပြီ။ ခြံသွားတဲ့ အလုပ်ကလွဲပြီး လူတွေနဲ့ ခပ်ခွာခွာ နေခဲ့တာက ပျော်လို့တော့မဟုတ်။ ကိုဗစ် ကူးမှာကို ကြောက်တာအပြင် ဥပဒေ လိုက်နာတယ်ဆိုတဲ့ ဂုဏ်ပုဒ်ကို လိုချင်တာလည်းပါပါတယ်။

“သန်ဘက်ခါ သမီးတို့ရဲ့ တိုင်းရင်းသား ပါတီကို ဝန်းရံတဲ့အနေနဲ့ အင်အားပြ သွားကြမလို့တဲ့။ တစ်ရွာလုံးသွားမှာ။ အဲဒါ အင်္ကျီ၊ နဖူးစည်းနဲ့ မတ်(Mask) ဝယ်ဖို့ ပိုက်ဆံပေးဦးအမေ”
သမီးထွေးက ဖုန်းနဲ့မျက်နှာမခွာ ကြည့်နေရာကနေ လှမ်းပြောလိုက်တယ်။ ဒေါ်မိက လည်ပြန်ကြည့်ရင်း-

“ဘာလုပ်မှာ၊ နင်ကဘယ်လိုသိရ ပြန်တာတုံး”
သမီးထွေးက ဒေါ်မိအမေးကို နှုတ်နဲ့ မဖြေဘဲ ဖုန်းကိုထောင်ပြလိုက်တယ်။ ဖုန်းကြည့်ရင် အကုန်သိတယ် ဆိုတဲ့ သဘော။

“လူစုလူဝေး မလုပ်ရ အမိန့်ကို ခုနက ကြေညာနေတာ မကြားဘူးလား။ ထောင်ထဲရောက်သွားချင်လို့လား”

ဦးဖိုးတုတ်က သူ့ထုံးစံအတိုင်း ပြတ်တောင်းတောင်းပြောလိုက်တယ်။ သမီးထွေးက တစ်ချက်မဲ့ကာ ဖုန်းကို ပြန်ကြည့်နေလိုက်တယ်။

သမီးထွေးကို တားလို့မှ မဆုံးသေးဘူး။ ဒီဗီဘီသတင်းကနေ တွေ့လိုက်ရတာက အင်အားပြနေကြတဲ့ ပါတီဝန်းရံ သူများ။ အစိမ်းအုပ်စုတွေ၊ အနီအုပ်စုတွေ အရောင်မျိုးစုံနဲ့ အမျိုးမျိုးအဖုံဖုံ စီတန်း လှည့်လည်နေကြသလေတဲ့။ ပါတီ ကိုယ်စားပြု အရောင်အမျိုးမျိုးနဲ့ လမ်း လျှောက်သူလျှောက်၊ စက်ဘီးစီးသူစီး၊ ဆိုင်ကယ်နဲ့တစ်သွယ်၊ ကားနဲ့ တစ်တန်၊ လား..လား.. များလိုက်တဲ့ လူအုပ်ကြီးတွေ။ သတင်းကြေညာသူကတော့ ဘယ်ဒေသမှာ ဘယ်ပါတီဝန်းရံသူတွေ က အင်အားဘယ်နှစ်သောင်း၊ ဘယ်နှစ်ထောင် ပြကြပါတယ်လို့ ကြေညာနေ လေရဲ့။

ဟင်…ငါ့မှာတော့ သင်္ကြန်တုန်းကရော အခုဝါတွင်းသုံးလလည်း ဘုန်းကြီးကျောင်းမှာ ဥပုသ်မစောင့်ရ။ ဘယ်မှမသွားရဲဘဲ အိမ်မှာ အောင်းလိုက် ရတဲ့ဒုက္ခ။ ရွာနီးချုပ်စပ်က အမျိုးတစ်ယောက် ဆုံးသွားတာတောင် မသွားဘဲ မျက်နှာ အပျက်ခံလိုက်ရသေးတာ။ အခုကျတော့ ဘယ်လိုတွေတုန်း၊ ဒီကိုဗစ်ဆိုတဲ့ရောဂါ က လူရွေးပြီးများ ကူးတာလား။ ဥပဒေ တွေကရော လူရွေးပြီးတော့ အရေးယူတာလား။

ဦးဖိုးတုတ်က သတင်းတွေကြည့်ပြီး မိမိဆုံးရှုံးလိုက်ရတဲ့ အခွင့်အရေးတွေကို ပြန်ပြောင်းသတိရသွားကာ သူ့ဘဝမှာ ပထမဆုံးအကြိမ် ဥပဒေအပေါ်မှာ မခံချိမခံသာ ဖြစ်သွားမိတယ်။

အဲဒီလိုတွေးလို့မှ မဆုံးသေးဘူး။ ဆောင်းဘောက်သံ တညံညံနဲ့ ကားတစ်စီး အိမ်ရှေ့မှာ လာရပ်ပြန်တယ်။ ဖွင့်ထားတဲ့ သီချင်းက မဲဆွယ်သီချင်း။ သန်ဘက်ခါ အင်အားပြဝန်းရံဖို့ ဆော် သြတဲ့အသံကလည်း မြိုင်မြိုင်ဆိုင်ဆိုင်။ သီချင်းသံနဲ့ ဆော်သြသံတွေကို ကြားရ သူဘယ်သူမဆို မျိုးချစ်စိတ်၊ ပါတီ ချစ်စိတ် တဖြန်းဖြန်း နိုးကြားလာစေတာ တော့အမှန်။ ဒါပေမဲ့ ဦးဖိုးတုတ်ကတော့ မျိုးချစ်စိတ် နိုးကြားလာဖို့နေနေသာသာ ဥပဒေကို မလိုက်နာရကောင်းလားဆိုပြီး ဒေါသတွေပဲ အလိပ်လိုက်ထွက်လာတယ်။

သမီးထွေးကတော့ သွားကိုသွားရ မယ်ဆိုတဲ့ မျက်နှာပေးနဲ့ သူ့အမေကို ကြည့်နေလေရဲ့။
“သမီးပြောသားပဲ၊ တစ်ရွာလုံး သွားမှာလို့၊ သမီးလည်း သွားမှဖြစ်မယ်အမေ။ အမျိုးသစ္စာဖောက်လို့တော့ အပြောမခံနိုင်ဘူး”

သမီးထွေးရဲ့စကားက မြုံနေတဲ့ ဦးဖိုးတုတ်ရဲ့ ဒေါသကို ရေနံဆီလောင်း လိုက်သလို ဝုန်းခနဲ ပေါက်ကွဲသွားစေတယ်။

“တောက်..လုပ်လိုက်ရင် သောက်တလွဲတွေချည်းပဲ။ အင်အားပြရင် မဲနိုင်မှာမို့လို့လား။ မဲထည့်ဖို့က အရေး ကြီးတာမဟုတ်လား။ ခုတ်ရာတစ်ခြား ရှရာတစ်ခြား။ ကိုဗစ်သာမရှိရင် ကြိုက် သလောက်စုကြ။ အခုတော့ ဆေးကုပေးနေရတဲ့ သူတွေကိုမှ အားမနာ။ ဥပဒေ မလိုက်နာကြလို့ ဒီနိုင်ငံ မတိုးတက်တာ။ ငါ့အိမ်ကလူတွေ ငါဥပဒေကို လေးစားလိုက်နာသလို လေးစားလိုက် နာရမယ်။ ဘယ်သူဘာပြောပြော မသွားရဘူး၊ ဒါပဲ” ဦးဖိုးတုတ်ရဲ့ တစ် ချက်လွှတ် အမိန့်။ သူပိုင်တဲ့ အင်ပါယာမှာ သူ့ရဲ့ ထပ်ဆင့်အမိန့်ကို ထုတ်ပြန် လိုက်လေပြီ။ အဲဒီအမိန့်က အာဏာ တည်မတည် ဆိုတာတော့..။

ဒေါ်မိနဲ့ သမီးထွေးတို့နှစ်ယောက် ဘာမှပြန်မပြောဘဲ နောက်ဖေးဘက်ကို ထဝင်သွားကြတယ်။ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်လွန်းလှသူ ဒေါ်မိက သမီးထွေးကို ပိုက်ဆံတစ်သောင်းတန် နှစ်ရွက်ကမ်းပေးရင်း လွန်ခဲ့တဲ့ ငါးနှစ်က ကခဲ့ခုန်ခဲ့တာကို သတိရသွားပြီး အပျော်တွေ ကူးစက်လာတော့တယ်။

“တို့နှစ်ယောက်အတွက် နှစ်စုံ။ အင်္ကျီက အသားကောင်းတာလည်း ရွေးဝယ်လာဦး။ မဲနိုင်တဲ့အခါကျရင်လည်း အမတ်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ ကြိုဆိုပွဲတွေလုပ်ရင် ဝတ်ရဦးမှာမဟုတ် လား”

သမီးထွေးက အမေကမ်းပေးတဲ့ ပိုက်ဆံနှစ်သောင်းကို လှမ်းယူရင်း..
“ရှုံးရင်ကော အမေ”

“ရှုံးရင်လည်း အားပေးတဲ့အနေနဲ့ ဝန်းရံကြမှာပဲလေ”

အမေ့စကားကြောင့် သမီးထွေး ခမျာ သန်ဘက်ခါအတွက် ပျော်ရမယ့် အပျော်နဲ့ မဲပေးပြီးရင်လည်း ထပ်ပျော် ရဦးမှာပါလားလို့တွေးရင်း အမေ့ မျက်နှာမော့ကြည့်လိုက်တော့ အမေကလည်း အပျော်တွေကို မြင်ယောင်သွားတဲ့ အပြုံးမျက်နှာနဲ့။

အခုတော့လည်း သားအမိနှစ် ယောက်အတွက် ကိုဗစ်ဆိုတာ ဟိုး..အဝေးကြီးမှာ။ ကမ္ဘာတွေတောင်ခြားလို့။ ။

နီမာဦး (အံဒင်)