ကော့သောင်း မင်္ဂလာဈေး အသစ် ပြန်ဆောက်မည်

0
778

ကော့သောင်းမြို့နယ်၊ ရွှေဟင်္သာ ရပ်ကွက်ရှိ မင်္ဂလာဈေးကို ယခုနှစ် အတွင်း အသစ် ပြန်ဆောက်မည် ဖြစ်ကြောင်း မြို့နယ် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။


နှစ်အတန်ကြာ ပြင်ဆင်မွမ်းမံမှု မလုပ်နိုင်သည့်အတွက်  ဈေးသည်များနှင့် ဝယ်ယူသူများ အရောင်းဝယ်နှင့် သွားလာ ရေး အခက်ခဲဖြစ်လာခြင်းကြောင့် ယခုနှစ် တွင် ဈေးအင်္ဂါရပ်နှင့်အညီ ဆောက်လုပ် မည်ဟုအထက်ပါ ကော်မတီထံမှ သိရ သည်။
ဈေးဆောက်ရန်  ကန်ထရိုက် နှစ်ဦး အပြိုင်အဆိုင်ဖြစ်နေသည့်အတွက် တစ်ပတ်အတွင်း အဖြေထွက်ရန်ကြိုး စားနေသည်ဟု စည်ပင်သာယာရေး ကော်မတီ အဖွဲ့ဝင် ဦးဝင်းနိုင်က ပြောသည်။
” ဆိုင်ခန်းခွင်တွေကို ဈေးကြီးကြီး ရောင်းချမယ်ဆိုရင်တော့ မဝယ်နိုင်ဘူး။ ပျံကျပဲ ရောင်းတော့မယ် ” ဟု မင်္ဂလာ ဈေးတွင် ဟင်းရွက်ရောင်းနေသည့် ဒေါ်ပဲတီက ဆိုသည်။
မင်္ဂလာဈေးသည် စည်ပင်ပိုင် ဈေးဖြစ်ပြီး ဈေးကောက် နေ့စဉ်ပေး ဆောင်နေသော်လည်း ဈေးပျက်စီး နေသည့် အပေါ် တာဝန်ယူခြင်းမရှိ သည်မှာ ၈ နှစ်ခန့်ရှိနေပြီဖြစ်ကြောင်း ဈေးသည်များက ပြောသည်။
ဈေးပျက်စီးမှုများကို ဆိုင်ခန်းခွင် အလိုက် ကိုယ့်အစီအစဉ်ဖြင့်ကိုယ် ပြုပြင်နေရကြောင်း ယင်းဈေးတွင် ကြက်သားရောင်းနေသည့် အမျိုးသမီး တစ်ဦးက ပြောသည်။
မင်္ဂလာဈေးဆောက်လုပ်ခဲ့စဉ်က ဆိုင်ခန်းပေါင်း ၁၁၀ကျော်ရှိခဲ့သော်လည်း လက်ရှိတွင် ဆိုင်ခန်း ၂၀ ကျော်သာရှိပြီး ဈေးပြင်ပတွင် ရောင်းချသည့် ပျံကျဈေး သည်ပိုမိုများပြားကြောင်း  ဈေးသူ ဈေးသားများထံမှသိရသည်။