ရင်ခွဲသူ တစ်ဦး၏ ကောက်ကြောင်း

433
ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

ထားဝယ် ဆေးရုံဝင်းအနောက် မြောက်ထောင့်ရှိ ရင်ခွဲရုံသည် သူ့ အလုပ်ခန်း..။
အခန်းလေးက ၁၀ ပေ ပတ်လည် သာသာ။  အလင်းက ဖျော့ဖျော့။

မွှန်ထူ ပြင်းရှလွန်းသည့် ဆေးနံ့တစ်မျိုးက အခန်းပြင်သို့ လျှံထွက် နေတတ်သဖြင့် အနီး အနားမှ မျက်ရည်စက်လက် ငိုမဲ့မဲ့ စောင့်ကြည့်နေသူများ (ရှိခဲ့လျှင်) အနား ကပ် နိုင်လေ့မရှိ။ အခန်းအလယ်ရှိ အင်္ဂတေ ကုတင်ပေါ် တွင် ပက်လက်အနေအထား အဝတ်မပါ အသက်မဲ့ လူ့ခန္ဓာတစ်ခု ရောက်ရှိနေပါက ထိုကုတင် အနီးတွင် သူနှင့် ဆေးမှတ်တမ်း ဆရာတစ်ဦး ရှိနေတတ်၏။ သူတို့ အလုပ်က” ထိုလူ့ခန္ဓာ ဘာကြောင့် အသက်မဲ့ သွားရသလဲ”  ဟူသော အဖြေကို ခွဲစိတ် ရှာဖွေရန်။ဆေးမှတ်တမ်းဆရာ ညွှန်ပြသော ထိုခန္ဓာ၏ ဦးခေါင်းခွံ တစ်နေရာကို သူ့လက်ထဲရှိ ထက်မြသော ဆောက်သွား ဖြင့် တိကျစွာ ချိန်ရွယ်။
” ခွပ်..၊ ခွပ်..၊ ခွပ်..၊ ခွပ်..၊ ခွပ်..”
တူငယ်ဖြင့် ရိုက်ခွဲ နေချိန်မှာ..၊ သူ့ မျက်လုံးများသည် သူ၏ဆောက်ကိုင် တူကိုင်လက်များလို တည်ငြိမ် အေးစက် လို့။
အလောင်း၏ ကွဲအက်သွားသော ဦးခေါင်းတွင်းမှ စီးကျလာသည့် သွေးများ က ကုတင်ပေါ် ခင်းထားသော ပလပ်စတစ် ပိုင်းအတွင်း ရဲဖြာအိုင် ထွန်းလာတတ်၏။ ထို ဦးခေါင်းအတွင်း လက်နှိုက်ကာ ဦးနှောက်အုံကြီးကို ဆေးမှတ်တမ်း ဆရာမှ ကြည့်ရှုမှတ်သားနိုင်ရန် ဘယ်ညာ လှန် ပြချိန်မှာ သူ့မျက်ဝန်းတွေက ခွဲစိတ်ခံ အသက်မဲ့မျက်နှာနှင့် အပြိုင်စိုးစဉ်းမျှ မလှုပ်ရှားတတ်။
ရိမြမြ ပြောင်လက်လက် ခွဲစိတ် ဓားငယ်လေးဖြင့် အသက်မဲ့ ခန္ဓာ၏ ဖောင်းကားနေသော ဗိုက်ကြီးကို ရင်ညွှတ် မှ ချက်နားအထိ ဒေါင်လိုက်ခွဲချ။ ထွက်ကျ လာသော သွေးများကို ဖယ်ရှား ဗိုက်တွင်းမှ အသည်း၊ အူ၊ စသည့် ကလီဇာ တစ်ခုချင်း ကို ကိုင်တွယ်ကာ မှတ်တမ်းဆရာအား ပြသရ၏။

yin-khwe-thu
အခန်းပြင်ဘက်မှ ရပ်ကြည့် နေသူ တို့ ထိုမြင်ကွင်းများကို ကြည့်ဝံ့ပုံ မပေါ်ကြ။ မျက်လွှာချ၊ မျက်နှာလွှဲ။
သို့သော်..၊ သူ့အတွက်တော့ လုပ်ရိုးလုပ်စဉ်၊ သူ့လုပ်ငန်းစဉ်၏ အစိတ်အပိုင်း တစ်ခုမျှသာ။ သူ့အာရုံကို လှုပ်ရှားစေရန် မစွမ်းသာ။ ” ဘာကြောင့် သေဆုံးသလဲ ” ဟူသည့်  အဖြေ တိတိ ကျကျ ရရန်သာ အဓိက။
ဤသို့..၊ သူသည် လူ့ ဦးခေါင်းနှင့် ဝမ်းဗိုက်တို့ကို ခွဲစိတ် ရ၏။ သို့သော် သူသည် ဆရာဝန် မဟုတ်။ ခြေ၊ လက်နှင့် လူ့ခန္ဓာအနှံ့ ခွဲစိတ်ဖူး၏။ သို့သော် မည်သည့် သင်တန်းမျှ သူမတက်ဖူး “အများ ဆုံးနေ့ဆို  ၃ ယောက်ထိ ဆက်တိုက် ခွဲရတတ်တယ်..၊ မတော်တဆ အဖြစ်များ တဲ့ သင်္ကြန်နေ့မျိုးတွေမှာပေါ့” ထားဝယ်ဆေးရုံမှ မသန်ပေမယ့်  စွမ်းတဲ့ ရင်ခွဲဝန်ထမ်း ဦးမောင်မောင်။

ခန္ဓာကိုယ်က သေးညှက်ညှက်။ မွေးရာပါ အကြောဆွဲ ရောဂါကြောင့် စကားက မပီတစ်ချက် ပီတစ်ချက်။ လေသံ နိမ့်နိမ့်က ရှည်မျောမျော ပလုံးပထွေး။ လမ်းလျှောက်လျှင် ယိုင်နဲ့နဲ့။ သို့သော်..၊ ခွဲဓားကိုင်လက်နှင့် လှုပ်ရှားမှုက သွက်သွက် လက်လက်။ သူ့ထက် အဆမတန် ကြီးထွားသော လူသေအလောင်းများကို ပင် ကျွမ်းကျင်စွာခွဲစိတ်နိုင်၏။” မှတ်တမ်း ဆရာ စိတ်ကြိုက်”  နှင့် ” အလောင်းပိုင် ရှင်တို့အလို” ကိုက်ညီမျှအောင် ချိန်ဆ တတ်၏။
” မသန်စွမ်း ငါ့တပည့်ကို ဆေးရုံမှာ လုပ်ခိုင်းရမယ်ဆိုပြီး ဆေးမှတ်တမ်း ဆရာအောင်ဇော်က ဒီအလုပ်ကို သွင်းပေး ခဲ့တာပါ”
သူ့လုပ်ငန်းခွင် ရင်ခွဲရုံအား ထားဝယ် ဒေသခံများက” သေတိုက်” ဟုသာ ခေါ်ကြ၏။ ” အစိမ်းသေ”  အလောင်းတွေ ထားရာ အခန်းဟု သိထားကြ၏။ လူတကာ မလုပ်ရဲ၊ မလုပ်လို၊ မလုပ်နိုင်။ အလုပ်လုပ် ဖို့ မဆိုထားဘိ၊ နှာခေါင်းရှုံ့ နောက်တွန့် ကာ မတတ်သာမှ သွားရာအရပ်ဟု ယူဆ ကြ၏။ တစပြင် တစ်ခုလို ကျောစိမ့်အောင် တိတ်ဆိတ်နေတတ်သော ရင်ခွဲရုံတွင် သူ တာဝန်ထမ်းနေသည်မှာ ၂၃ နှစ် ပြည့် ပေတော့မည်။
” အက်ဆီးဒင်းဖြစ်တဲ့ တစ်ခါက ရင်ခွဲရုံမှာ ရှစ်လောင်းပြိုင်အထိ ထားဖူး တယ်ဗျ”
လူသေ အလောင်းများနှင့် ပတ်သက် လျှင်  သူ့အတွေ့အကြုံက ပြောမကုန်နိုင်။ ဒဏ်ရာမျိုးစုံဖြင့် သေဆုံးသွားသော လူနာပေါင်းစုံအား ဆရာဝန်ညွှန်ကြား သလို ခွဲစိတ်။ ဆေးစစ်ချက်ယူပြီးပါက ပုံစံမပျက် ပြန်ချုပ်။ ဆေးရုံရောက် လူသေ အလောင်းတွေနှင့် ပတ်သက်သမျှသည် သူ၏အလုပ်။
” ဒီမှာ အလုပ်စဝင်တော့ တစ်လ လေးရာ့ငါးဆယ်….။”
ယခု လစာက တစ်သိန်း တစ် သောင်း။ စွန့်ပစ်ဆေးပစ္စည်းများမှ အပိုဝင် ငွေကို သူဖန်တီး၏။ ခွဲစိတ်ပြီးသော အလောင်းများကို ကြည့်ပျော်ရှုပျော် သေသပ် ညီညာအောင် ပြန်ချုပ်ပေးရန် ရည်ရွယ်ကာ လူနာရှင်များမှ ငါးထောင်၊ တစ်သောင်းခွဲ၊ နှစ်သောင်းအထိ ပေးကမ်း လာလျှင် သူမငြင်း။
” လက်ဖက်ရည်ဖိုးရမှ ကောင်းကောင်း လုပ်ပေးတယ် ဆိုတာတော့ မရှိဘူး၊ သူဋ္ဌေး တွေဆို တော်ရုံနဲ့ မပေးဘူးဗျ ”
ဆင်းရဲ ချမ်းသာမရွေး လူနာရှင်များ စိတ်ကျေနပ်အောင် ကြိုးစားလုပ်ပေး၏။ တငိုငိုတရီရီဖြစ် ဘာမျှလာမပြောနိုင် လာမပေးနိုင်သော လူနာရှင်များ၏ အလောင်းကိုလည်း မငြူမစူ။
” အရူးတွေ၊ ပိုင်ရှင်မပေါ်တဲ့ အလောင်းတွေဆို မရဘူးပေါ့ဗျာ၊ အသုဘ  ကိစ္စတွေကို နာရေးအသင်းတွေက ကူညီ ပေးကြတယ်လေ”
လုပ်ငန်းခွင် အခြေအနေအရ တစ်ချို့ ရင်ခွဲဝန်ထမ်းတွေ ရဲဆေးတင်တတ်၏။ သူ့ကတော့ အရက်သေစာနှင့် မတည့်။ ကိုယ်တိုင်လည်း မကြိုက်။  အလုပ်ချိန် တိုင်းတွင် စိတ်ဖိစီးမှု ရှိမနေတတ်။ ခွဲစိတ် မှုတိုင်းတွင် ဝမ်းနည်းဝမ်းသာ ခံစားမှု မရှိ။ ကျား မ ပျို အို ဖြူ ညို.. သူ့အာရုံကို မဖမ်းစားနိုင်။
သို့သော်.. သူသည်လည်း  ပုထုဇဉ် မဟုတ်ပေလော။ သူ၏ သားအရွယ်လေး တွေ ခွဲစိတ်ရရင် သူ့ရင်ထဲ နင့်နင့်နဲနဲ။
” မိဘတွေ ငိုနေကြတာကြည့်ပြီး ငါ့သားသာ အခုလိုဖြစ်ရင် ငါ..ဘယ်လိုနေ မလဲပေါ့”
၇ တန်း နှင့် ၅ တန်း ရောက်နေသော သားနှစ်ယောက်ကို ပညာတတ်ကြီးတွေ ဖြစ်စေချင်၏။ သူ့ဇနီးသည်ကား ပတ်ဝန်းကျင် အိမ်များတွင် အဝတ်လှည့် လျှော်ကာ အိမ်စရိတ်ကို ထောက်ကူနေ၏။
သူသည် မွေးစကတည်းက ကျန်းမာ ရေး နုံချာလှ၏။ နေမကောင်းဖြစ်၍ ငိုယိုချိန်တိုင်း ငန်းဖမ်း ဖမ်းတတ်၏။ ကျောင်းစနေချိန် ငါးနှစ်သားအရွယ်ထိ အခြား ကလေးငယ်တွေလို လမ်းကောင်း ကောင်း မလျှောက်နိုင်။ အမေဖြစ်သူ ဒေါ်အင်ကြွေမှ ဆေးဆရာစုံပင့် နည်း အဖုံဖုံဖြင့် ကုသပြုစုခဲ့ရသည် ဆို၏။
” အိမ်နောက်မှာ ၂ ပေပတ်လည် မြေကျင်းတူး၊ နေကျချိန်များတွေမှာ ခြေဆင်းထိုင်ခိုင်း ခဲ့တယ်၊ မြေအပူဓာတ် ပေးတာပေါ့လေ}}
ထိုကုထုံးနှင့် အခြားလိမ်းဆေး အမျိုးမျိုးကြောင့် ခြေအနည်းငယ် သန်လာ ၏။ ကျောင်းသို့ အမေတွဲပို့ခဲ့သော်လည်း လက်မသန် သဖြင့် စာကောင်းကောင်း မရေးနိုင်။ လေးတန်း အထိသာ နေခွင့်ရခဲ့ ၏။
” ကျွန်မ သားလေး မောင်မောင် ကလေ..၊ ငယ်ငယ်ကတည်းက ရထား လည်း ကြောက်၊ ကားလည်းကြောက်၊ ဆိုက်က္ကားလည်း ကြောက်ခဲ့တော့ အမြဲ ချီပိုး သွားခဲ့ရတာ”သူအမေ ပြောပြသည်။  ဘ၀ပေး အခြေအနေအရ အရွယ် ရောက်လာသည်နှင့်  ပန်းရံနေ့စားအလုပ် ကို ကြိုးစားလုပ်ခဲ့ရင်း တဖြည်းဖြည်း သန်မာလာ၏။ ထားဝယ်ဆေးရုံတွင် ရင်ခွဲရုံဝန်ထမ်း လိုအပ်နေကြောင်း သိရ သောအခါ အသက် ၂၄ နှစ် အရွယ်မှစ ယခုထိ တစ်စိုက်မတ်မတ် လုပ်ကိုင်ခဲ့လေ ၏။
ခုတော့..သူ လမ်းလျှောက်၊ စက်ဘီး စီးနိုင်ယုံမက အမေအိုနှင့် မိသားစု၏ ယုံကြည် အားကိုးမှုကို အပြည့်အဝ ခံယူ ထားလေ၏။

ထားဝယ်မြို့၊ မြောက်ရွာရပ်၊ တပင်ရွှေထီးလမ်းတွင် နေထိုင်သော သူ့ မိသားစုလေးသည် မရှိမရှား၊ စုစု စည်းစည်း သိုက်သိုက် ဝန်းဝန်း။
အလုပ်ပိတ်ရက်များတွင် မိသားစု နှင့်အတူ အငြိမ့်ခွေကြည့်၏။ လက်ဖက် ရည်ဆိုင် ထိုင်ရတာ ဝါသနာထုံ၏။ သူ့အလုပ်နှင့် ပတ်သက်ကာ သူ့ဝန်းကျင်မှ အဆင့်အတန်းခွဲ နှိမ်ချဆက်ဆံမှုမျိုး သူ မကြုံခဲ့ဖူး။ သူတို့ရပ်ကွက်အတွင်း နာရေး တစ်ခုခု ဖြစ်လျှင် ရပ်ကွက်သားများက သူ့မျက်နှာကိုသာ ပြေးမြင် မိကြ၊ အားကိုး တစ်ကြီး ပြေးခေါ်ကြရ၏။မသာရေချိုး၊ အသုဘအခမ်းအနား ပြင်ဆင်တာကအစ၊ သင်္ဂြိုလ်တဲ့ကိစ္စ အဆုံးစေတနာဖြင့် ဆောင်ရွက်ပေးတတ် သော သူသည် ရပ်ကွက်နာရေးကူညီမှု အသင်းဝင်လည်း ဖြစ်လေသည်။
” ကျုပ်တို့ ရပ်ကွက်ထဲမှာတော့ မောင်မောင်က မရှိမဖြစ်လို့ကို ပြောရမှာပဲ ဗျ၊ နာရေးကိစ္စတိုင်းက သူပါမှကို ပြီး သလောက်ပဲ” ဟု ထိုရပ်ကွက်သားတစ်ဦး က ဖွင့်ဟရတဲ့ အထိ။ပရဟိတ လုပ်ခွင့်ရတာ သူဂုဏ်ယူ ၏။ သူ့ကိုယ်သူ မသန်စွမ်းတစ်ယောက် အဖြစ် မသတ်မှတ်ခဲ့။ ရပ်ကွက်အချစ်တော် လေးသည် မည်သည့်အခါကမှ အားမငယ် ခဲ့ဖူး။
” ကျုပ်က ရပ်ကွက် အရန်မီးသတ် တပ်ဖွဲ့ဝင်လည်း ဖြစ်တယ်ဗျ”
သူ့လေသံက အားမာန်ဝင့်လှ။သူ၏ ဘ၀ရည်မှန်းချက်က လူတကာ နှင့် တန်းတူနေနိုင်ရေး။ ဆရာဝန်ပေါင်းစုံ နှင့် တွဲလုပ်နေသော သူသည် ၄ တန်း ပင် မအောင်သော်လည်း သား နှစ်ယောက် ကိုတော့ ပညာတတ်ကြီးတွေ ဖြစ်စေ ချင်၏။
“သားတွေက ကျွန်တော်လို မဟုတ် ဘူးဗျ၊ ထောင်ထောင်မောင်းမောင်းနဲ့ ကျန်းမာရေးက ဒေါင်ဒေါင်မြည်ပဲ..၊ ဆရာဝန်ကြီးတွေ ဖြစ်စေချင်တာပေါ့ဗျာ၊ ဒါမှ ကျွန်တော့်လို မပင်ပန်းမှာ”
မသန်ပေမယ့် စွမ်းတဲ့ ရင်ခွဲ ဝန်ထမ်း ဦးမောင်မောင်သည် လူ့ဦးခေါင်းနှင့် ဝမ်းဗိုက်များကို  ခွဲစိတ်ခဲ့သည်မှာ ၂၃ နှစ် ပြည့်တော့မည်။
မည်သည့်သင်တန်းမျှ မတက်ဖူး သော်လည်း အခုထိသူခွဲစိတ်နေရဆဲ။