ကျွန်တော်နှင့် သင်္ကြန်ထမင်း

0
553

ဒီတစ်နှစ် သင်္ကြန်ကျရင် ရန်ကုန်နဲ့ မန္တလေးမှာ ရှိနေကြတဲ့ ကျွန်တော်တို့ မောင်နှမတွေ နှစ်တိုင်းလိုပဲ အဖေနဲ့ အမေရှိရာ မွေးရပ်မြေ ထားဝယ်က မင်းရပ်ရွာ အိမ်မှာ ဆုံကြဦးမှာပါ။ မိသားစုတွေ ဆုံတဲ့အခါကျရင် အဖေက သင်္ကြန်ပြီးတာနဲ့ အလှူ တစ်ခုပြုလုပ်ချင်တယ်လို့ ကြိုပြော ပါတယ်။ ပြီးတော့ အဖေက အဲဒီ အလှူမှာ ရေးဇီမှန်း (ရေစိမ်ထမင်း – သင်္ကြန် ထမင်း) လှူချင်တာတဲ့။

သိပ်ကောင်းတဲ့ အစီအစဉ် တစ်ခုပါပဲ။ ကျွန်တော်တို့ မောင်နှမတွေ အကုန်လုံး လည်း ရေးဇီမှန်းလှူမယ့် အစီအစဉ်ကို သဘောကျကြပါတယ်။ အဖေ သင်္ကြန်မှာ ရေးဇီမှန်း လှူချင်တဲ့ ရည်ရွယ်ချက်ကို ကျွန်တော် ကောင်းကောင်း သိတာပေါ့။ အရင်ကတည်းကနေ အစဉ်ဆက်လုပ်လာ ကြတဲ့ ရိုးရာ ရေးဇီမှန်းဓလေ့ကို ပြန်လည် ဖော်ထုတ်ပြီး အဖေက လှူချင် နေတာပါ။ အခု နောက်ပိုင်း မှာကလည်း  ကျွန်တော် တို့နယ်မှာ ထားဝယ်ရိုးရာ ရေးဇီမှန်း လှူတာမျိုးက ရှားလာပြီ မဟုတ်လား။
အသက် ၂၀ ဝန်းကျင် အရွယ်တွေ လောက်ဆို ထားဝယ်ရေးဇီမှန်း ဓလေ့ကို ကောင်းကောင်း မသိကြတော့ဘူးလေ။  သိရင်လည်း အမယ်စုံတဲ့ ထားဝယ် ရေးဇီမှန်းကို သူတို့ မစားဖူး လောက် တော့ပါဘူး။ ဒါကြောင့် အဖေက ထားဝယ်ရေးဇီမှန်း ဓလေ့ကို တတ်နိုင် သလောက် ထိန်းသိမ်းချင်တဲ့ စိတ်နဲ့  ထားဝယ်ရိုးရာ အမယ်စုံတဲ့ ရေးဇီမှန်းကို လုပ်လှူချင်တာပါ။ ပြီးတော့ ထားဝယ် ရိုးရာ ရေးဇီမှန်းဆိုတာ ဘယ်လိုမျိုးလဲ ဆိုတာကို အခုခေတ် လူငယ်တွေ စားဖူး စေချင်တဲ့ စေတနာလည်း ပါပါတယ်။

thingyan-rice
ထားဝယ်ရိုးရာ ဓလေ့တွေထဲက ရေးဇီမှန်းလုပ် လှူတဲ့ဓလေ့လေးကို နှစ်သက်ပြီး စိတ်ဝင်စားမိတာမို့ ကျွန်တော့် အဖွား ရှိစဉ် အခါတုန်းက အဲဒီဓလေ့နဲ့ ပတ်သက်ပြီး မေးကြည့်ခဲ့ ဖူးပါတယ်။ အဖွားလည်း တိတိပပ မသိပါဘူး။ ” တို့ငယ်ငယ်လေးတုန်းကတော့ သင်္ကြန်ကျရင် ရေးဇီမှန်းကို ကြီးကြီး ကျယ်ကျယ် လုပ်ပြီး ကျွေးကြ၊ မွေးကြ နဲ့ ဘုန်းကြီး ကျောင်းတွေကို ပို့လှူ ကြတာ တကယ့်ကို ပျော်စရာကြီးပဲ ” ဆိုပြီး အသက် ၉၀ ကျော်နေပြီ ဖြစ်တဲ့ အဖွားက သူငယ်ငယ်တုန်းက ရေးဇီမှန်း ဓလေ့အကြောင်းကို လွမ်းလွမ်း ဆွေးဆွေး ပြန်ပြောပြပါတယ်။
အဖွားတို့ အသက် ၁၉၊ ၂၀ အရွယ် ၁၉၃၅ ခုနှစ်ဝန်းကျင်လောက် အချိန်က သင်္ကြန်ကျရင် ဟိုရွာ ဒီရွာ ကူးသန်းပြီး  ရေပက်ခံတဲ့ ဓလေ့မရှိသေးဘူးတဲ့။ အဲဒီတော့ ရွာထဲက အဓိကကျတဲ့ နေရာတွေမှာပဲ သင်္ကြန်ပွဲ ဆင်နွဲဖို့အတွက် မဏ္ဍပ်တွေ ခမ်းခမ်း နားနား ဆောက်လုပ်ကြတယ်။ တကယ်တော့ အဲဒီမဏ္ဍပ်ကြီးက ပဒေသာပင် ကြီး တစ်ခုလည်း ဖြစ်တယ်။ အနီးနားရှိ လူပျို အပျိုတွေက မဏ္ဍပ်ကြီးဆီကို လာကြပြီး ရေလာ ကစားကြတဲ့အခါ ပဒေသာပင်မှာ ချိတ်ဆွဲဖို့ အတွက် ဆန်၊ ဆီ၊ ကြက်သွန်၊ ငရုတ်နဲ့ တခြား လှူဖွယ် ပစ္စည်းတွေလာပြီး ချိတ်ဆွဲ ကြရတယ်။ မဏ္ဍပ်အတွင်းနဲ့ အနီးတဝိုက်မှာတော့ ဖြတ်သွား ဖြတ်လာသူတွေနဲ့ လာရောက် ရေကစားကြတဲ့သူတွေ ကျွေးမွေးဖို့ ရေးဇီမှန်း ချက်ကြတယ်။
ရေးဇီမှန်း ချက်ရာမှာ တွဲဖက်ပြီး စားသုံးကြမယ့် စားစရာ အမယ်တွေနဲ့ မုန့်အမျိုးမျိုးတွေကိုလည်း အပျို လူပျို တွေနဲ့ တက်ညီ လက်ညီ လုပ်ရ တာပါ။ မဏ္ဍပ် အနီးအနားမှာတော့ အိုးစည်ဝိုင်း ကြီးနဲ့ ဖျော်ဖြေနေကြပြီး သံချပ်ထိုးသူတွေ၊ တီးမှုတ်ကြသူတွေ၊ က တဲ့သူတွေနဲ့ ရေကစားကြသူတွေ စည်ကားလို့ နေတယ်။ သင်္ကြန်အတွင်း သုံးရက်စလုံး ရေးဇီမှန်းနဲ့ တွဲဖက် စားသုံးမယ့် မုန့်တွေ လုပ်ကြကိုင်ကြနဲ့ သူ့ခေတ် သူ့အခါက ဆိုရင်တော့ တော်တော်ကို ပျော်စရာ ကောင်းမှာပါ။ နောက်ပြီးရင်လည်း အပျို၊ လူပျိုတို့ တစ်ဦးနဲ့ တစ်ဦး တရားဝင် လက်ပွန်း တတီး နေခွင့်ရတဲ့ အချိန်အခါ ဆိုတော့ အဖွား တို့အရွယ် အသက်ပိုင်း ခြားတွေ တစ်သက်မမေ့နိုင်တဲ့ အချိန်လေး တွေ ဖြစ်နေကြမှာပါ။
နှစ်ဆန်း တစ်ရက်နေ့ကျတော့  မဏ္ဍပ်မှာ ကာလသားသမီးတို့ လာရောက် ချိတ်ဆွဲထားတဲ့ လှူဖွယ်ဝတ္ထုတို့ကို အကုန်သယ်ပြီး သက်ဆိုင်ရာ ရွာဘုန်းကြီး ကျောင်းဆီကို သွားလှူရတာပါ။ အဲခါကျရင် အလှူရှင်ကာလသား ကာလ သမီးများကို ကျောင်းထိုင်ဘုန်းကြီးက တရားဟောပြီး ရေစက် ချ အမျှပေးဝေ ရပါတယ်။ အဓိက အားဖြင့် ရေးဇီမှန်း စတုဒီသာ အလှူပြု ကြပြီး နောက်ဆုံးမှာ ပြုခဲ့သမျှ အလှူတို့ကို ဆရာတော် အရှေ့မှောက် တရားနာ ရေစက်ချ အမျှ ပေးဝေကြတာ ဖြစ်တယ်။ အဖွားတို့ခေတ် က သင်္ကြန်မှာ ရေးဇီမှန်း လုပ်လှူကြတာ က တကယ့်ကို ပြီးပြည့်စုံပြီး ချစ်စရာ ကောင်းတဲ့ ရိုးရာ ဓလေ့ လေးတစ်ခုပါပဲ။
အဖေတို့ အမေတို့ ခေတ်ကျတော့  ၁၉၆၀ ဝန်းကျင်နှစ်များကျတော့ ရေးဇီမှန်းဓလေ့က နည်းနည်း ပြောင်းလဲ လာပြီလို့ ဆိုပါတယ်။ သူတို့ ခေတ်ကျ တော့ အဖိုးတို့ အဖွားတို့ ခေတ်ကလို မဏ္ဍပ်ကြီးမှာ ရေးစီမှန်း လှူတဲ့ဓလေ့တွေ မရှိကြတော့ဘူးတဲ့။ အဲဒီချိန်တွေမှာ ကာလသားတွေက ရွာစဉ်လျှောက်လည် ပြီး ရေပက်ခံတဲ့ ဓလေ့တွေရှိနေကြပါပြီ။ အတီး အမှုတ်ဘက်မှာ ဝါသနာပါပြီး ပါရမီရှိတဲ့ အဖေတို့ကျတော့ ကာလသား တွေစုပြီး သံချပ်ဖွဲ့ထောင်တယ်။ တီးမှုတ် ကိရိယာတွေ အစုံအလင်ပါတဲ့ အဖေတို့ အဖွဲ့ဆိုရင် မြင်းလှည်းလေးတွေနဲ့ ရေပက်ခံ ထွက်ကြပြီး ရွာတန်းတစ်လျှောက် ရေကစားမဏ္ဍပ်တွေနဲ့ ဆုပေးမဏ္ဍပ် တွေမှာ သံချပ်ထိုးပြိုင်တာတို့ သီချင်း ဆိုပြိုင်ကြတာတို့ကို အပြိုင်အဆိုင် လုပ်လာကြပြီလို့ သိရပါတယ်။
အဲဒီ အချိန်တွေမှာတော့ ရွာက ရေကစား မဏ္ဍပ်တွေမှာ ရေးဇီမှန်း စတုဒီသာ ကျွေးတဲ့ အလေ့အထတွေ တဖြည်းဖြည်း မှေးမှိန် လာကြပါပြီ။ ဒါပေမယ့်လည်း ရွာထဲက အိမ်တိုင်းစေ့ နီးပါး ရေးဇီမှန်းလုပ်လှူတဲ့ ဓလေ့တွေ ပေါ်လာတယ်လို့ သိရပါ တယ်။ အဲဒီလို လှူကြတာကလည်း သင်္ကြန်အကြိုရက် တွေကနေ သင်္ကြန် အပြီး နှစ်ဆန်းနှစ်ရက် သုံးရက် လောက်ထိတောင် လှူနေကြ တုန်းပါတဲ့။ အဲဒီအချိန်က ကျွန်တော်တို့ ထားဝယ်သူ ထားဝယ်သားတွေ သင်္ကြန် ဆိုရင် ရေးဇီမှန်းကို မဖြစ်မနေ လှူရမယ် လို့ စွဲမြဲပြီး ခံယူထားပုံရပါတယ်။ ရွာတွေ မှာဆိုရင် ကိုယ့်အိမ်အနီးနား ပတ်ဝန်း ကျင် ခုနှစ်အိမ်လောက် အုပ်စုတစ်စုဖွဲ ကြပြီး ရေးဇီမှန်းလုပ်လှူကြတာပါ။ ဒီဘက်အုပ်စုက လှူပြီးရင် နောက် တစ်အုပ်စု လှူတဲ့နေရာမှာ ဝိုင်းကူလုပ်ပြီး ဘုန်းကြီးကျောင်းတွေကို အရင်ပို့၊ ပြီးရင် အိမ်နီးနား ပတ်ဝန်းကျင်တွေကို လှူကြ တာ၊ ကျွေးတာမျိုးတွေ လုပ်ကြပါတယ်။ ဒီကြားထဲမှာ ဘုန်းကြီးတွေပင့်၊ တရားနာပြီး ရွာလုံးကျွတ် ဖိတ်ထားတဲ့ လူတွေကို  ရေးဇီမှန်း ကြီးကြီးကျယ်ကျယ် လှူတာမျိုးလည်း ရှိပါသေးတယ်။  အဖေတို့ အမေတို့ ခေတ်ရောက်တော့ သင်္ကြန်မှာ ရေးဇီမှန်း ကျွေးတဲ့ဓလေ့က ပုံစံသာ ပြောင်းသွား ပေမယ့်လည်း သင်္ကြန်နဲ့ ရေးဇီမှန်း ၊ ရေးဇီမှန်းနဲ့ သင်္ကြန်ခွဲလို့ မရအောင် ဒွန်တွဲနေတုန်း ရှိသေးတယ်လို့ ဆိုရမှာ ဖြစ်ပါတယ် ။
ကျွန်တော်တို့ ငယ်ငယ်က သင်္ကြန် ကာလတွေ ရောက်တော့ ရွာထဲမှာ တစ်အိမ်စ နှစ်အိမ်စ ကြီးကြီး ကျယ် ကျယ် ရေးဇီမှန်း လုပ်လှူတာတွေနဲ့ ဘုန်းကြီး ကျောင်းတွေမှာ လှူတာတွေကို ကြုံခဲ့ ဖူးခဲ့ရတော့တာပါ။ အဖေတို့ အမေတို့ ခေတ်တွေတုန်းကလို ရွာထဲက အိမ်တွေ အစုဖွဲ့ပြီး အပြိုင်အဆိုင် လုပ်လှူတာ မျိုးတော့ မတွေ့ရတော့ဘူး။ အခု နောက်ပိုင်း ထားဝယ်ဒေသ သင်္ကြန် ကာလမှာ ရိုးရာ ရေးဇီမှန်း လုပ်လှူတဲ့ ဓလေ့က နည်းလာပြီး ရိုးရာနည်းကို သွေဖယ်ပြီး လုပ်လာကြ တယ်လို့လည်း သိရပါတယ်။ ဥပမာ အသီးအရွက် ပေါင်းထုပ်ကို ငှက်ပျောရွက်နဲ့ ထုပ်ပေါင်း တာမျိုး မဟုတ်တော့ဘဲ လင်ဗန်းထဲ အကုန်သွန်ထည့်ပြီး ပေါင်းတာမျိုး၊ ဖက်ရွက်နဲ့ ထုပ်ပြီး ပေါင်းရတဲ့ မုန့် ကော်ထုပ်တွေကို ပလတ်စတစ်အိတ်နဲ့ ထုပ်ပြီး ပေါင်းတာမျိုးတွေပါ။ နောက်ပြီး ရေးဇီမှန်းနဲ့ တွဲဖက်လှူလေ့ရှိတဲ့ မုန့်တွေထဲက ကောက်ညှင်းပြန်ပေါင်း တို့နဲ့ မုန့်ကော်ထုပ်တို့ကို မထည့်တော့ဘဲ အဓိက မုန့်ဖြစ်တဲ့ မုန့်ဆီ၊ မုန့်ထိုးခွာ (အစာသွပ် မုန့်ဆီကြော်) တို့ကိုသာ လုပ်ကြတော့တယ်လို့ သိရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ထားဝယ် ရေးဇီမှန်းရိုး မှန်ရင်တော့ ငါးပုပ်ခြောက်ဖုတ်နဲ့ အသီးရွက် ပေါင်းထုပ်က မပါမဖြစ်ပါရတာပါပဲ။

ကျွန်တော်တို့ ငယ်ငယ်က သင်္ကြန် ကျပြီဆိုရင် ရေးဇီမှန်း စားရတော့ မယ်ဆိုတော့ ကြိုပြီး ပျော်နေတတ် ကြပါတယ်။ အဲဒီအချိန်တွေတုန်းကတော့  ရွာထဲမှာ အနည်းဆုံး သုံးလေး ငါးအိမ် လောက်က ရေးဇီမှန်း လုပ်လှူ တတ်ကြ တာမို့ပါ။ အခုတော့ အဲဒီလို သိပ်ပြီး မျှော်လင့်လို့ မရတော့ပါဘူး။ ကံကောင်း ရင်တော့ သင်္ကြန်အချိန်တွေမှာ စားခွင့် ကြုံတတ်ပါတယ်။ ဒါတောင်မှ အမယ်စုံ တဲ့ ထားဝယ်ရေးဇီမှန်းမျိုး မဟုတ်ပါဘူး။ဘယ်လိုပဲ ဖြစ်ဖြစ် အဲဒါလေးကို စားရရင်ပဲ အလှူရှင်ကို ကျေးဇူးတင်ရ အုံးမှာပါ။ ကျွန်တော်တို့ ထားဝယ် အခေါ် ရေးဇီမှန်း သို့မဟုတ် သင်္ကြန် ထမင်း ဆိုတာကို မော်လမြိုင်နဲ့ ရခိုင် ဒေသတို့မှာလည်း လုပ်လေ့ရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း တွဲဖက် စားသုံးရတဲ့ အစားအစာတွေက မတူကြ ပါဘူး။ ကျွန်တော်တို့ ဘက်မှာ ငါးပုတ် ခြောက်မီးကင်နဲ့ အသီးအရွက် ပေါင်းထုတ်တွေ မပါမဖြစ် ထည့်သွင်းပြီး စားသုံးကြပေမယ့် သူတို့ ဆီမှာတော့ ငါပိကြော်လိုမျိုးနဲ့ တွဲဖက်စားသုံး ကြတယ်လို့ သိရပါတယ်။
ကျွန်တော် ဖတ်ဖူးသလောက်က ရေးဇီမှန်းက မွန်က ဆင်းသက် လာတယ် လို့ သိရပါတယ်။ ဒါပေမယ့် ဒီ ဆောင်းပါးရေးချိန်မှာတော့ အဲဒါကို သေသေချာချာ အတည်ပြုဖို့ အချိန်မရခဲ့ ပါဘူး။ အခု ကျွန်တော်ရေးပြတဲ့ ထားဝယ် ဒေသ ရိုးရာရေးဇီမှန်း သို့မဟုတ် သင်္ကြန် ထမင်းဓလေ့ အကြောင်းဟာ ထားဝယ် ခရိုင် လောင်းလုံးမြို့နယ်ထဲက မင်းရပ်ရွာ မှာ ကျွန်တော်တို့ အဘိုးအဖွား အစဉ်ဆက် ပြုလုပ်ခဲ့တာကို အခြေခံပြီး ဖော်ပြထား တာ ဖြစ်ပါတယ်။

ထားဝယ် ဒေသထဲက နယ်တစ်နယ် ရဲ့အလေ့အထကို အခြေခံပြီး ရေးပြထား တာဆိုတော့ သင်္ကြန်အချိန်အတွင်း ပြုလုပ်လေ့ရှိတဲ့ ရေးဇီမှန်း ဓလေ့ဟာ တခြားနေရာတွေက လုပ်ပုံလုပ်နည်းနဲ့ ပုံစံအားဖြင့် နည်းနည်း ပါးပါး ကွဲလွဲတာတွေ ရှိနိုင် ပါတယ်။
ဒါပေမယ့် ကြီးကြီး ကျယ်ကျယ် တော့ မဟုတ်လောက်ပါဘူး။အခုချိန်မှာ ကျွန်တော်တို့ ထားဝယ် ဒေသက လူငယ်လေးတွေ ကိုယ့်ရိုးရာ ဓလေ့တွေကို အလေးထားရကောင်းမှန်း၊ ထိန်းသိမ်းရကောင်းမှန်း အတော်လေး သိနေကြပြီလို့ ထင်ပါတယ်။ အခုလို ပြောရတာကလည်း အွန်လိုင်းမီဒီယာ တွေမှာ ဖွင့်ဟ ထုတ်ဖော်ထားကြတဲ့ သူတို့ သဘောထားလေးတွေကို တွေ့နေရတာမို့ပါ။

ဒါဆိုရင် ဒေသခံများအနေနဲ့ ကိုယ့်ဒေသက တိမ်မြှုပ်ပျောက်ကွယ်လု ဖြစ်နေတဲ့ ရိုးရာဓလေ့လေးတွေကို အစ ဖော်ထုတ်ပြီး ထိန်းသိမ်းကြဖို့ ဆန္ဒရှိ ကြမှာ မလွဲပါဘူး။ ဒီတော့ ရှေ့မီ နောက်မီ လူကြီးများနဲ့ လူငယ် များကလည်း ကိုယ့်ထားဝယ်ဒေသက ရိုးရာ ရေးဇီမှန်း ဓလေ့လေး ဆက်လက် ရှင်သန် ထွန်းကားနေအောင် အလေးထား ဆောင်ရွက်ကြဖို့ လိုပြီလို့ ထင်ပါတယ်။