အစိုးရအလိုရှိသည်

ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

ဘာမှမကြာလိုက်ဘူး နောက်ထပ် ရွေးကောက်ပွဲတစ်ခု လာတော့မယ်။ နောက်အစိုးရ တစ်ခု ပြောင်းပြန်တော့မယ်။

တိုင်းပြည်က ပွင့်လင်းလာတယ်ပြောတယ်။ လှုပ်ရှားမှုတွေ အများကြီး လုပ်လာကြတယ်။ ပျော်စရာကြီး၊ မောလည်း မောစရာကြီးပေါ့လေ။

တိုင်းပြည်ကြီးကတော့ သွားနေတယ်၊ ဒီမိုကရေစီနဲ့ ပြည်ထောင်စု စနစ်ကိုတဲ့။

ဒါပေသိ အခုထိ တိုင်းသူပြည်သားတွေကြွယ်ဝချမ်းသာလာအောင် ဘယ်လိုနည်းနဲ့ တည်ဆောက်မယ်ဆိုတာကို ရင်းရင်းနှီးနှီးကြားရတယ်ကို မရှိသေးဘူး။

နေပြည်တော် အစိုးရကတော့ ဝေးပါတယ်။ ဗမောင်းတို့ တနင်္သာရီ အစိုးရဆီကနေကော အဲလိုမျိုးကြားဖူးကြပါသလား။

စက်မှုဇုန်ဆောက်ဖို့ ကြိုးစားနေတယ်။ ထီးခီးနယ်စပ်ဂိတ်ဖွင့်တယ်။ လမ်းတွေ အကြီးစားပြင်တယ်၊ ဖောက်တယ်။ လျှပ်စစ်မီးလိုလို့ဆိုပြီး ကျောက်မီးသွေး စက်ရုံတွေ ဆောက်ဖို့လုပ်တယ်။ (ဘယ်သူ့အတွက် လျှပ်စစ်လဲတော့ မသိဘူး၊ သကျက်တော ရွာသားတွေ ပြောတာတော့ ကြားလိုက်တယ်။ ကျောက်မီးသွေး စက်ရုံဆောက်မှ လျှပ်စစ်ရမယ်ဆိုရင် ငါတို့ ဖယောင်းတိုင်နဲ့ပဲနေမယ်တဲ့)

အဲဒါတွေတော့ ဟိုတစ်စ ဒီတစ်စ လုပ်နေတာပဲ။ ဒါပေမဲ့ အခြေအနေ အရပ်ရပ်ကို ခြုံငုံသုံးသပ်ပြီး ပြောဆိုထုတ်ပြန်တဲ့ Holistic ဖြစ်တဲ့ အစီအစဉ် ဆိုတာ တစ်ခါမှကို မကြားဖူးပါဘူး။

တလောကပဲ ဧရာဝတီတိုင်းဝန်ကြီးချုပ်က သူသာ ၀န်ကြီးချုပ်ဆက်လုပ်ရရင် နောက်ငါးနှစ်အတွင်း သူ့တိုင်းကို စင်ကာပူလိုဖြစ်အောင်လုပ်မယ်တဲ့။

တော်တော်ကို စိတ်ကူးယဉ်ရှုးနှမ်းတဲ့ စကားဆိုပေမင့် အော် . . . ဘာမှ ရည်မှန်းချက် မရှိတာထက်စာရင်တော့ တော်သေးသပေါ့ဆိုပြီးဖြစ်ရတယ်။

အိုကေ ဟုတ်ပြီ စင်ကာပူလိုမျိုးတဲ့။

စင်ကာပူဟာ ၁၉၆၅ မှ မလေးရှားက ခွဲထွက်တယ်။ လမ်းခင်းကျောက်တောင် ကောင်းကောင်းမထွက်တဲ့ နိုင်ငံ၊ သောက်သုံးဖို့ ရေချိုတောင်အလုံအလောက်မရှိတဲ့ နိုင်ငံက ဘယ်လိုတည်ဆောက်ခဲ့လဲ။

အဲဒီလိုအချိန်မှာ တိုင်းပြည်ခေါင်းဆောင် လီကွမ်ယု က ဘယ်လိုနိုင်ငံမျိုး တည်ဆောက်မလဲစဉ်းစားခဲ့တယ်။

ဈေးပေါပေါ ပစ္စည်းတွေထုတ်ပြီး တိုင်းပြည်ပိုက်ဆံရှာမလား၊ မဖြစ်နိုင်ဘူး။ ဒါမျိုးလုပ်နိုင်တဲ့ သူ့ဘေးမှာ အများကြီး တရုတ်၊ ဗီယက်နမ် စသည်ဖြင့်။ ဒီတော့ အဲလိုဆိပ်ကမ်မြို့လေးကို ပွဲစား တိုင်းပြည်ဖြစ်အောင် လုပ်လိုက်တယ်။

သူ့နိုင်ငံသားတွေကို အင်္ဂလိပ်စာ တတ်အောင်လုပ်တယ်။ ကမ္ဘာ့အဆင့်မီ အခြေခံအဆောက်အဦ လမ်း၊ တံတား၊ မီး၊ တယ်လီကွန်းဆက်သွယ်ရေး ပျံနေအောင်လုပ်ထားတယ်။

အစိုးရရဲ့ မူဝါဒတွေက တည်ငြိမ်အောင်လုပ်ထားတယ်။ ကမ္ဘာ့အနှံ့ ဘယ်နေရာကို မဆို ဆက်သွယ်၊ ထိတွေ့၊ စီးပွားရေးလုပ်လို့ရ အောင် လုပ်ထားလိုက်တယ်။

ပြောရရင်တော့ ၀န်ဆောင်မှုကို အခြေခံပြီး တိုင်းသူပြည်သားတွေ ပိုက်ဆံရှာ၊ တိုင်းပြည်ကို ချမ်းသာအောင် လုပ်လိုက်တယ်။

ဒါက လီကွမ်ယုနည်းပေါ့။

ကဲအခု တနင်္သာရီ ၀န်ကြီးချုပ် ဦးမြတ်ကို အစိုးရ (U Myat Ko Administration) ရဲ့နည်းကကော။

တကယ်တော့ အစိုးရတစ်ခုရဲ့ အလုပ်က တိုင်းသူပြည်သားတွေ သူတို့ရဲ့ ကံ၊ ဥာဏ်၊ ၀ိရိယ နဲ့ အညီကြီးပွားတိုးတက်အောင် ကြံဆောင်နိုင်ဖို့ ရေခံမြေခံတွေ ဖန်တီးပေးရတာပါပဲ။

ကိုယ့် တိုင်းပြည်ရဲ့ အားသာချက်က ဘာ၊ အားနည်းချက်က ဘာလဲ တွက်ချက်၊ သုံးသပ်ပြီးတော့ ဘယ်လို လုပ်ငန်းမျိုးတွေ လုပ်မယ်ဆိုရင် တိုင်းသူပြည်သားတွေ စီးပွားဖြစ်နိုင်တယ်။ အဲဒီလို ပန်းတိုင်ချ၊ ပန်းတိုင်ကို သွားနိုင်ဖို့ ရေခံမြေခံတွေ ဖန်တီးပေး။

ဒါက အစိုးရရဲ့ အလုပ်ပဲ။

ရေခံမြေခံဆိုတာကို အခုအသုံးများတဲ့ ဝေါဟာရအရဆိုရင် အခြေခံအဆောက်အဦ (Infrastructure) တွေ ဖန်တီးပေးရတာပေါ့။ နားလည်သလောက် Infrastructure ဆိုတဲ့ နေရာမှာလည်း နှစ်မျိုးရှိတယ်။

Soft Infrastructure နဲ့ Hard Infrastructure ပေါ့။

Hard Infrastructure ကတော့ လမ်း၊ တံတား၊ ကျောင်း၊ လျှပ်စစ်မီး စသည်ဖြင့်ပေါ့။ Soft Infrastructure ကတော့ ကျန်းမာရေးစနစ်၊ ပညာရေး စနစ် အဲဒါတွေက အစ အစိုးရမူဝါဒ၊ ဘဏ်စနစ်၊ တရားဥပဒေစိုးမိုးရေး အဲဒါတွေအထိ ပါပါတယ်။

အဲဒါ အစိုးရ လုပ်ရမဲ့ အလုပ်တွေပါပဲ။ ကိုယ်လုပ်ရမဲ့ အခြေခံ အလုပ်ကို မဲဆွယ်အခါ ထည့်ထည့်ပြောနေတော့ စိတ်ထဲက ကလိကလိကိုဖြစ်လို့။

အခုများကြတော့ တစ်နိုင်ငံလုံးနဲ့ တန်းတူ လျှပ်စစ်မီးရဖို့ ဆန္ဒပြရမတဲ့။ ကြားလို့ကောင်းသေးရဲ့လား အရပ်ကတို့ရေ။ အစိုးရက တိုင်းသူပြည်သားတွေ ပေးထားတဲ့ လခယူ၊ အဆောင်အယောင်တွေ ခံစား၊ ကိုယ့်အလုပ်ကိုကျတော့ တာဝန်ကျေအောင် မလုပ်တော့ တိုင်းသူပြည်သားတွေ အလုပ်ပျက် အကိုင်ပျက် စီးပွားပျက်ခံပြီး ဆန္ဒထွက်ပြရတော့မယ်။

အစိုးရဆိုတာ စီးပွားရေး လုပ်ဖို့မဟုတ်ဘူး။ ပြည်သူပြည်သားတွေ စီးပွားရေးလုပ်နိုင်ဖို့ ရေခံမြေခံဖန်တီးရတဲ့ ပံ့ပိုးကူညီသူ (Facilitator) သာ ဖြစ်တယ်။ အစိုးရဆိုတာ ကိုယ့်ဆွေမျိုးတွေ အတွက် တာဝန်ပေးထားတာ မဟုတ်ဘူး။ အစိုးရဆိုတာ ကုမ္ပဏီနှစ်ခု၊ သုံးခုတည်းအတွက် တာဝန်ပေးထားတာမဟုတ်ဘူး။ တိုင်းပြည်က လူအားလုံးအတွက်ဖြစ်တယ်။

အချို့ဌာနတွေက တော်တော် ရယ်စရာ ကောင်းတဲ့ စကားပြောတတ်တယ်။ ကျွန်တော်တို့ ဌာနက ငွေရှာနိုင်တယ်၊ အဲဒီဌာနက ဘယ်လောက်ပဲ ရှာနိုင်တာ စသည်ဖြင့်ပေါ့လေ။ စစ်အစိုးရလက်ထက်ကဆို ကျန်းမာရေးနဲ့ ပညာရေး ဌာနတွေကို ငွေမထွက်တဲ့ ဌာနတွေ ဖြစ်လို့ ပစ်ထားတယ်ဆိုပဲ။

တကယ်တော့ အစိုးရတွေ၊ ဌာနတွေဟာ ငွေရှာဖို့မဟုတ်၊ တိုင်းသူပြည်သားတွေ ငွေရှာနိုင်ဖို့၊ ကြီးပွားရာ ကြီးပွားကြောင်း ကြံဆောင် အားထုတ်နိုင်ဖို့ ပံ့ပိုးကူညီသူတွေသာ ဖြစ်တယ်။

ဘယ်လို တိုင်းပြည်မျိုး တည်ဆောက်မယ်ဆိုတာကို ဦးဆောင် လမ်းပြနိုင်သူတွေဖြစ်ရမယ်၊ အဲဒီကို တိုင်းသူပြည်သားတွေနဲ့ အတူတကွ ချီတက်ဖို့ ရေခံမြေခံ ဖန်တီးသူသာဖြစ်ရပါမယ်။

အစိုးရ ငါးနှစ်တက်လုပ်တယ်။ အစိုးရလုပ်တဲ့ နိုင်ငံရေး သမားကတော့ ချမ်းသာသွားတယ်၊ သူမိသားစုတွေကတော့ စီးပွားဖြစ်သွားတယ်။ တိုင်းပြည်ကတော့ ဆက်မွဲနေရုံမက ပိုတောင်ပျက်စီးသွားသေးတယ်ဆိုရင်တော့ ဘယ်လို အစိုးရမျိုးလဲဆိုတာကို မှတ်ကျောက်တင်ကြပေါ့။

အခု နောက်ရွေးကောက်ပွဲ တစ်ခု လာပြန်တော့မယ်။

တိုင်းသူပြည်သားတွေ အနာဂတ်အတွက် ဘယ်လို ပြင်ဆင်ရမလဲ ဆိုတာကို၊ ရော်ဘာပဲ ဆက်စိုက်ရမလား၊ ဒီနှစ်ကွမ်းသီးကောင်းတော့ ရော်ဘာပင်တွေ အကုန်လှဲ ကွမ်းပင်ပြောင်းစိုက်ရင် ကောင်းမလား၊ အထည်ချုပ်စက်ရုံလေးထောင်ဖို့က နောက်နှစ်လောက်မှာ မီးက ရပါ့မလား။ ဟိုတယ်ဆောက်မယ်ဆိုရင်လည်း လူတွေလာဖို့ လမ်းတွေကော ကောင်းလာပါ့မလား။

ဘာမှ မသေချာတဲ့ အနာဂတ်။

ကဲ အဆုံးသတ်ရရင်တော့ ရွေးကောက်ပွဲကျရင် လမ်းပြင်ပေးမယ်၊ တံတားဆောက်ပေးမယ်၊ ကျောင်းဆောက်ပေးမယ်ဆိုတဲ့ ခပ်တုံးတုံး မဲဆွယ်စကားတွေနဲ့ မဲချူမဲ့သူတွေနဲ့ ကျေနပ်မနေနဲ့တော့လို့ပဲ ပြောချင်ပါတယ်။

ဗမောင်းတို့ အနာဂတ်ကို အကျအနတည်ဆောက်ပေးမဲ့ နိုင်ငံရေးသမားကိုပဲ ရှာကြစို့ရယ်။ အဲဒီလို အစိုးရ အလိုရှိသည် လို့ အလုပ်ခေါ်ရအောင်။

ကိုယ်တွေက အလုပ်ရှင်နော်။ အစိုးရက အလုပ်သမား။ ဒါကြောင့် အလုပ်ခေါ်မယ်လို့ သုံးတာ။

ဗမောင်း

တနင်္သာရီ အပတ်စဉ် အတွဲ ၂ အမှတ် ၃၁ တွင် ဖော်ပြပြီး ဆောင်းပါးဖြစ်ပါသည်။