အံဒင် ကျောက်မီးသွေး စက်ရုံ ကန့်ကွက်လက်မှတ် ၃၀၀၀ ကျော် မွန်လွှတ်တော်နှင့် အစိုးရထံ ပေးပို့

0
917

မွန်ပြည်နယ် ရေးမြို့နယ် အံဒင်ကျေးရွာအနီးတွင် တည်ဆောက်မည့် ကျောက်မီးသွေး ဓာတ်အားသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံ စီမံကိန်းကို ကန့်ကွက်ကြောင်း ဒေသခံ လက်မှတ် ၃၀၀၀ ကျော်ကို ရေးမြို့နယ် လူမှုအကျိုးဆောင်အဖွဲ့(YSS) က ဇန်န၀ါရီလ ၁၂ ရက်နေ့တွင် မွန်ပြည်နယ်အစိုးရနှင့် လွှတ်တော်ထံ ပေးပို့လိုက်သည်။

YSS က ဦးဆောင်ပြီး ရေးမြို့နယ် အနောက်တောင်ပိုင်း အစင်ကျေးရွာအုပ်စု၊ ဇီးဖြူတောင်ကျေးရွာအုပ်စု၊ ရေးမြို့ပေါ်၊ ကျောင်းရွာကျေးရွာအုပ်စု၊ ကျောက်မိကျောင်းကျေးရွာအုပ်စု၊ တူးမြောင်းကျေးရွာအုပ်စုတို့တွင် ကောက်ခံထားသည့် ကန့်ကွက်လက်မှတ် ၃၅၈၁ ခုကို ပေးပို့ခဲ့ခြင်းဖြစ်ပြီး စီမံကိန်း အကောင်အထည်ဖော်သည့် ဖာလိန်ဒေသက လက်မှတ်များ မပါဝင်သေးဟု YSS က ပြောသည်။

“အစကတော့ အတူတူတင်မလို့ပဲ။ ဖာလိန်ဒေသက လက်မှတ်တွေကို ပြန်စိစစ်နေတာကြောင့် စောင့်နေရင် ဇန်န၀ါရီ ၁၃ ရက်နေ့မှာ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ Toyo – Thai တွေ့ချိန်အမီ မတင်နိုင်မှာစိုးလို့”ဟု YSS အတွင်းရေးမှူး ဦးအောင်နိုင်ဝင်းက ရှင်းပြသည်။

ဖာလိန်ဒေသ ကျေးရွာများတွင် ယင်းဒေသမှ ဆရာတော်များက လက်မှတ်ကောက်ခံလျက်ရှိပြီး ဇန်န၀ါရီလ ၁၁ ရက်နေ့အထိ ကန့်ကွက်လက်မှတ်ပေါင်း ၅၆၀၀ ကျော် ရရှိထားသည်ဟု သိရကြောင်း ဦးအောင်နိုင်ဝင်းက ပြောသည်။

ဒေသခံများ၏ ကန့်ကွက်မှု အရှိန်မြှင့်လာသည်နှင့် တချိန်တည်း Toyo – Thai ကုမ္ပဏီက ဇန်နဝါရီလ ၁၃ ရက်နေ့တွင် မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တို့နှင့် စီမံကိန်းအကြောင်း တွေ့ဆုံရှင်းလင်းမည်ဖြစ်ကာ မြို့နယ်ကော်မတီတို့နှင့်လည်း ဆက်လက်တွေ့ဆုံသွားရန်ရှိကြောင်း YSS ထံမှ သိရသည်။

“စီမံကိန်းကို ကန့်ကွက်ကြောင်း ကုမ္ပဏီကိုလည်း စာပို့ထားတယ်၊ ကန့်ကွက်လက်မှတ်တွေလည်း ကောက်နေတယ်၊ ပြီးရင် သက်ဆိုင်ရာကို တင်ပြမယ်”ဟု ဖာလိန်ဒေသ၊ အံဒင်ကျေးရွာသူ မိနီမာဦးက ဆိုသည်။

ထိုအတူ အံဒင်ကျေးရွာသူ/ရွားသား ၂၀၃ ဦး က ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံစီမံကိန်းကို သဘောတူ ထောက်ခံကြောင်း လက်မှတ်ထိုးထားသည့် စာကိုလည်း မွန်ပြည်နယ်အစိုးရနှင့် မွန်ပြည်နယ်လွှတ်တော်ထံ တင်ပြထားမှု ရှိသည်ဟု မွန်ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးကျင်ဖေက ပြောသည်။

ကျောင်းမီးသွေးစက်ရုံစီမံကိန်းကို ဒေသခံများက ကန့်ကွက်နေသော်လည်း ကုမ္ပဏီအနေဖြင့် စီမံကိန်း အကောင်အထည်ဖော်နိုင်ရန် ကြိုးပမ်းနေသည့်အတွက် ဒေသတွင် ပဋိပက္ခဖြစ်အောင် ဖန်တီးသကဲ့သို့ ဖြစ်နေသည်ဟု ဒေသခံများက စွပ်စွဲ ပြောဆိုထားသည်။