ဖြစ်ပွားမှုများလာတဲ့ သွေးလွန်တုပ်ကွေး

0
2362

မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းရှိ ကျေးရွာအချို့တွင် ရေရှားပါးမှု ပြဿနာများ ကြုံတွေ့လာနေရသည်။

ရေရှားပါးမှုကြောင့် သောက်ရေသုံးရေများ အလွယ်တကူ သိုလှောင်ထားရာမှတစ်ဆင့် သွေးလွန်တုပ်ကွေး ဖြစ်ပွားစေလာကြောင်း တွေ့ရှိရသည်။

သွေးလွန်တုပ်ကွေးရောဂါမှာ ခြင်မှတစ်ဆင့်ကူးစက်သည့် ရောဂါဖြစ်ပြီး ယင်းခြင်များမှာ ‌ရေကြည်ရေသန့်တွင် ပေါက်ဖွားကြသည်။

သွေးလွန်တုပ်ကွေးရောဂါမှာ ယခင်ကတည်းက ဖြစ်ပွားလေ့ရှိသော်လည်း လက်ရှိဖြစ်ပွားနေသည့် တိုင်းပြည်အခြေအနေများကြောင့် သတိထားရမည့် အခြေအနေကို ရောက်ရှိလာခြင်းဖြစ်သည်။

ယခင်က သွေးလွန်တုပ်ကွေးလူနာကို တွေ့ရှိပါက ယင်းဒေသတွင် ခြင်ဆေးဖျန်းခြင်း၊ ရေလှောင်ကန်များ ဆေးခတ်ခြင်း၊ အသိပညာပေးခြင်းစသည့် လှုပ်ရှားမှုများ လုပ်ဆောင်ကြသော်လည်း ယခုမူ ယင်းလုပ်ငန်းစဉ်များ လုပ်ကိုင်ခြင်းမရှိပေ။

ယင်းကြောင့် သွေးလွန်တုပ်ကွေး ကူးစက်မှုမှာ ပိုမိုများပြားလာပြီး စိုးရိမ်ရသည့် အခြေအနေသို့ ရောက်ရှိနေနိုင်ခြင်းဖြစ်သည်။

ပို၍ဆိုးသည့်အချက်မှာ ကျေးလက်ဒေသများတွင် ကျန်းမာရေးဆေးပေးခန်းများ ပိတ်ထားခြင်းဖြစ်ရာ ကျေးလက်နေပြည်သူများမှာ အချိန်လွန်မှ သွေးလွန်တုပ်ကွေးဖြစ်မှန်းသိကြရပြီး ဆေးရုံရောက်ချိန်တွင် သွေးသွင်းကုသရမည့် အဆင့်သို့ရောက်နေခြင်း၊ မလိုလားအပ်ဘဲ အသက်သေဆုံးရခြင်းတို့ ဖြစ်နေသည်။

သို့ပါ၍ တောင်ပိုင်းဒေသတွင် ဖြစ်ပေါ်နေသည့် သွေးလွန်တုပ်ကွေးအခြေအနေကို သိရှိနိုင်ရန်အတွက် ယခုအပတ် တနင်္သာရီ ပုံရိပ်အစီအစဉ်တွင် ဖော်ပြလိုက်ပါသည်။

“ဆေးရုံရောက်တော့မှ ဟိုရွာမှာလည်းဖြစ်နေတယ်၊ ဒီရွာမှာလည်းဖြစ်နေတယ်သိတာ‌”

လောင်းလုံးဒေသခံ မိခင်တစ်ဦး

DW ။ သွေးလွန်တုပ်ကွေးဖြစ်ပွားဖူးတဲ့ အတွေ့အကြုံပြောပြပေးပါ။

ဖြေ ။ ကလေးကဖျားတယ်။ ဖျားပြီးအန်တယ်။ ဖျားရင် အကျမရှိဘူး။ တစ်နေကုန်အဖျားတက်နေတာ။ အဲလိုဖြစ်နေတာ တစ်ရက်စောင့်ကြည့်နေသေးတယ်။ ဒီမှာလည်း ဆရာနဲ့ပြနေတာဆိုတော့လေ။ ဆရာကလည်းပြောတယ်။ သွေးလွန်တုပ်ကွေးလက္ခဏာဖြစ်နိုင်တယ်။ ဆေးရုံတက်ဖို့ပြောတယ်။ နောက်တစ်ရက်နေတော့မှ ဆေးရုံတက်ဖြစ်တာပေါ့။

DW ။ ဆေးရုံရောက်တော့ ဘာဆက်ဖြစ်လဲ။

ဖြေ ။ ဆေးရုံရောက်တော့ သွေးလွန်တုပ်ကွေးဖြစ်နေတာပေါ့။ အစကတော့ ကိုယ်တစ်ယောက်တည်းပဲထင်နေတာ။ ဆေးရုံရောက်တော့မှ ဟိုရွာမှာလည်းဖြစ်နေတယ်။ ဒီရွာမှာလည်းဖြစ်နေတယ်သိတာ‌။

DW ။ ဘာကြောင့်သွေးလွန်တုပ်ကွေးဖြစ်တယ်ထင်လဲ။

ဖြေ ။ ကျူရှင်ကနေကူးလာတယ်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူနဲ့အတူတူကျူရှင်တက်နေတဲ့ တစ်ယောက်နေမကောင်းဖြစ်တယ်။ အဲဒါပြီးမှာ သူလည်းနေမကောင်းဖြစ်တာပဲ။ အဲကနေတောက်လျှောက် ဖျားတာ။ ရေပက်တိုက်ပေးလည်းမကျဘူး။

DW ။ ရွာထဲမှာ အဲလိုဖျားတဲ့ကလေးတွေရှိလား။

ဖြေ ။ ရှိတော့ရှိတယ်။ ဒါပေမဲ့ သိပ်မများဘူး။ သွေးလွန်တုပ်ကွေးမှန်းလည်းမသိဘူး။

DW ။ သွေးသွင်းရသေးလား။

ဖြေ ။ သွင်းရတယ်။ အခုဖြစ်တဲ့သွေးလွန်တုပ်ကွေးက သွေးသွင်းနေရတာကများတယ်။ (နောက်ကျမှသိပြီး ရောက်လာသူအများစုမှာ သွေးသွင်းကုသဖို့လိုအပ်သည့် အဆင့်သို့ရောက်နေသဖြင့် အများစုမှာသွေးသွင်း ကုသရခြင်းဖြစ်သည်) သူများတွေလည်း သွင်းရတယ်။ အစက သွေးဘယ်မှာရှာရမှန်းမသိဘူး။ ဆေးရုံရောက်တော့ ဘေးကုတင်က ဦးလေးတစ်ယောက်ညွှန်လို့ သူကူညီတောင်းဖူးတဲ့အဖွဲ့ကို ဖုန်းဆက်လိုက်တာ အဆင်ပြေသွားတယ်။ သွေးသုံးခါလောက်သွင်းလိုက်ရတယ်။

‌DW ။ ဆေးရုံမှာ သွေးလွန်တုပ်ကွေးဖြစ်တဲ့သူ ဘယ်လောက်တွေ့ရလဲ။

ဖြေ ။ နှစ်ဆယ်ကျော်ကျော်လောက် ရှိမယ်ထင်တယ်။ ကိုယ်ကလည်း ကိုယ့်အပူနဲ့ကိုယ်။ သူတို့ကလည်း ပျောက်လို့ဆင်းတဲ့သူကဆင်း၊ တက်လာတဲ့သူကတက်နဲ့ဆိုတော့ သေချာတော့မသိဘူး။

DW ။ ရွာမှာ‌ ခြင်ဆေးဖျန်းတာ၊ အဘိတ်ဆေးခပ်တာတွေ ကျန်းမာရေးဌာနက လာလုပ်ပေးသေးလား။

ဖြေ ။ မလာဘူး။

DW ။ အာဏာမသိမ်းခင်ကနဲ့ အာဏာသိမ်းပြီးနောက်ပိုင်း ဘာတွေကွာခြားသွားတယ်ထင်လဲ။

ဖြေ ။ အရင်တုန်းကဆိုရင်တော့ သွေးလွန်တုပ်ကွေးချိန်ဆိုရင် ဆရာမတွေ( ကျန်းမာရေးဝန်ထမ်း) ‌အိမ်တွေကို လိုက်စစ်ဆေးတယ်လေ။ သွေးလွန်တုပ်ကွေးဖြစ်ရင်လည်း ခြင်းဆေးလာဖျန်းပေးတယ်။ အခုတော့ အဲဒါတွေမရှိတော့ဘူး။ ဆရာမလည်းမရှိတော့ဘူးဆိုတော့ အဲလိုမျိူးတွေဘယ်သူကလုပ်ပေးတော့မှာလဲ။

DW ။ အဲဒီအပေါ်မှာ ဘာပြောချင်တာရှိလဲ။

ဖြေ ။ ပြောချင်တာကတော့ အရေးပေါ်ဖြစ်ရင် ဆေးရုံ၊ ဆေးခန်းသွားမရတာပဲစိတ်ပူတယ်။ ညဘက်ဆိုရင်လေ။ သွေးလွန်တုပ်ကွေးဆိုတာက စိုးရိမ်ရတယ်လေ။ ညဘက်ဖြစ်မှာပဲစိတ်ပူတာ။ အဲတာကြောင့်လည်း နေ့ဘက်ဆေးရုံတက်လိုက်တာ။ ကံကောင်းသွားတာပေါ့။ အသိမြန်သွားလို့။

DW ။ ကျေးဇူးတင်ပါတယ်။

“ရေတွေသိုလှောင်ထားတာမှာ စနစ်တကျဖုံးအုပ်မထားဘူးဆိုရင် ခြင်တွေက အဲမှာပေါက်ဖွားတော့မှာ ”

တနင်္သာရီတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦး

DW ။ လက်ရှိထားဝယ်ခရိုင်မှာ သွေးလွန်တုပ်ကွေးဖြစ်ပွားမှုအခြေအနေဘယ်လိုရှိလဲ ဒေါက်တာ။

ဖြေ ။ ထားဝယ်မှာဆိုရင် လောင်းလုံး( မြို့နယ်) ဘက်မှာပိုဖြစ်များတယ်။ ထားဝယ်မြို့မှာကျတော့ ဘာပဲဖြစ်ဖြစ် ကျန်းမာရေးဝန်ထမ်းရှိသေးတယ်လေ။ ရပ်ကွက်တွေထဲမှာ အဘိတ်ဆေးလိုက်ခတ်တာတို့၊ သွေးလွန်တုပ်ကွေးဖြစ်ရင် ချက်ချင်းရောက်သွားနိုင်တာကိုး အဲလိုလုပ်ပေးတာဆိုတော့ တစ်ခြားထက်တော့ ‌နည်းနည်းတော်မလားလို့ ထင်ရတယ်။ ဒါပေမဲ့ ရပ်ကွက်တွေမှာ သူ့ဘာသာဖြစ်ပြီး ပျောက်သွားတာတွေလည်း ရှိနိုင်တယ်လေ။

DW ။ သွေးလွန်တုပ်ကွေးဖြစ်ပွားမှုက စိုးရိမ်ရတဲ့ အနေအထားရှိလား။

ဖြေ ။ ဒါကတော့ပြောရခက်တယ်။ ခန့်မှန်းတာပဲဆိုတော့လေ။ ခန့်မှန်းတာကလည်း ဖြစ်ချင်မှလည်းဖြစ်မှာကိုး။ လောလောဆယ်အထိကတော့ အရမ်းကြီးတော့ မဆိုးသေးဘူးထင်တာပဲ။

DW ။ သွေးလွန်တုပ်ကွေးဖြစ်တဲ့သူတွေ သွေးသွင်းကုသရတာတွေရှိတယ်။ အဲဒီအပေါ် ရှင်းပြပေးပါလား။

ဖြေ ။ ပုံမှန်က  ဥပမာ အယောက်တစ်ရာလောက် ရပ်ကွက်ထဲမှာရှိတယ်။ တစ်ရာထဲမှာမှ အကြောင်းကြောင်းကြောင့် နဲနဲနောက်ကျပြီးမှ၊ နဲနဲဆိုးမှ ဆေးရုံရောက်တယ်ဆိုတော့ အဲလို( သွေးသွင်း) ကုသရတဲ့အဆင့်အထိရောက်သွားတာပေါ့။ အယောက်တစ်ရာမှာ ဖြစ်ပြီး ပျောက်သွားတာကကျတော့ မသိနိုင်ဘူးလေ။ ‌ဆိုတော့ သူ့ဘာသာ ကုသရင်း ဆေးရုံမရောက်ဘဲ ပျောက်သွားတာတွေလည်းရှိတယ်။ အခြေအနေဆိုးတော့မှ ဆေးရုံလာတက်တာကြတာဆိုတော့ သွေးသွင်းကုသရတဲ့ လူနာက များနေသလို ထင်ရတာပေါ့နော်။

DW ။ သွေးလွန်တုပ်ကွေးဖြစ်ရင် သွေးသွင်းကုသရတာက ဘာကြောင့်လဲဆိုတာ ရှင်းပြပေးပါဒေါက်တာ။

ဖြေ ။ အဲဒါကတော့ ကုသရေးက ဆရာတွေက ပိုပြီး ကျွမ်းကျင်မှာပေါ့။ တစ်ခုရှိတာ သွေးလွန်တုပ်ကွေးဆိုတာက ကလေးရာခိုင်နူန်းအနည်းစုက သွေးခဲစေတဲ့ဓာတ်လျော့နည်းတာ၊ သွေးကျောနံရံလေးတွေက တစ်ခုခု ပြတ်ဿနာရှိတာတို့ နာမည်ကိုက သွေးလွန်တုပ်ကွေးဆိုတော့ သွေးထွက်တတ်တဲ့သဘောရှိတာပေါ့နော်။ အဲဒါကြောင့် အရမ်းဆိုးဝါးတဲ့အခြေအနေမျိုးဆိုရင် လိုအပ်ရင်ပေါ့ လူတိုင်းလည်း သွေးသွင်းရတာမျိုးမဟုတ်ဘူး။ တချို့က သွေးရည်ကြည်သွင်းရတယ်။ တချို့က သွေးလတ်လတ်ဆတ်ဆတ် သွင်းပြီး ကုသရတာတွေရှိတယ်။ ဒီဟာက အပြင်မှာ မြင်နေရတာမျိုးမဟုတ်ဘူး။ အထဲမှာ သွေးယိုစိမ့်မှုဖြစ်တာ။ ဒီတုပ်ကွေးက ပြင်းထန်လာပြီဆိုရင် အထဲမှာ သွေးယိုစိမ့်မှုဖြစ်တယ်။ အဲတာကြောင့် သွေးသွင်းတာပဲဖြစ်ဖြစ်၊ ‌သွေးရည်ကြည်သွင်းတာပဲဖြစ်ဖြစ် ဖြစ်နေတဲ့အပေါ်မှာမူတည်ပြီးတော့ ဆရာဝန်တွေက လိုအပ်ရင် လိုအပ်သလို ကုသပေးရတာ။ သွေးမသွင်းဘဲ ပြန်အဆင်ပြေသွားတာ၊ ကောင်းသွားတာတွေလည်းရှိတယ်။

DW ။ သာမန်အားဖြင့်ဆိုရင်တော့ နွေရာသီက သွေးလွန်တုပ်ကွေးရာသီမဟုတ်ဘူးလို့ သိထားရတယ်။ အခုနွေရာသီမှာ သွေးလွန်တုပ်ကွေးဖြစ်နေတာက ဘာကြောင့်လဲဆိုတာ ရှင်းပြပေးပါ ဒေါက်တာ။

ဖြေ ။ အခုကလေ သွေးလွန်တုပ်ကွေးရာသီရယ်လို့ မဟုတ်တော့ဘူး။ အရင်တုန်းကတော့ မိုးရာသီမှာ အဖြစ်များတယ်ပေါ့။ ကျန်တဲ့ရာသီမှာ အဖြစ်နဲတယ်ပေါ့။ ဒါပေမဲ့ အခုက အဲလိုမဟုတ်တော့ဘူး ၁၂ လ ရာသီလုံးနီးပါးဖြစ်တယ်။ အဓိကကဘာဖြစ်လဲဆိုတော့ ရေရှားလို့ ရေတွေသိုလှောင်ကြတယ်။ ရေတွေသိုလှောင်တဲ့အပေါ်မှာ မူတည်ပြီးတော့မှ ရေတွေကို ဖုံးတွေအုပ်မထားဘူး၊ အဲဒီအချိန်မှာ သွေးလွန်တုပ်ကွေးဖြစ်စေတဲ့ ခြင်က ပေါက်ဖွားမယ်၊ သွေးလွန်တုပ်ကွေးဖြစ်တဲ့ သူအချင်းချင်း ကူးကြမယ်။ အဓိကကတော့ မိုးရာသီရယ်လို့မဟုတ်တော့ဘူး။ အခုရာသီမျိုးက ခြင်တွေပိုပေါက်တယ်။ အခုက နွေကလည်း ခြင်ကိုက်တာပဲမလား။ အခုက တစ်နှစ်ပတ်လုံးဖြစ်တယ်။ မိုးဆိုပိုဖြစ်တယ် ဒီသဘော။ ခြင်ကတော့ ရာသီဥတု ပူအိုက်စွတ်စိုတာကို ပိုကြိုက်တာပေါ့နော်။ သွေးလွန်တုပ်ကွေးခြင်က ရေအသန့်ကိုကြိုက်တယ်။ ဗွက်ထဲမှာသွားမဥဘူး။ ရေရှားလို့ ရေတွေသိုလှောင်ထားတာမှာ စနစ်တကျဖုံးအုပ်မထားဘူးဆိုရင် ခြင်တွေက အဲမှာပေါက်ဖွားတော့မှာ။

DW ။ ကျေးဇူးတင်ပါတယ်။

“ကျွန်တော်တို့ကတော့ ဆေးဖျန်းစက်တွေနဲ့ ခြင်ဆေးတွေ အဆင်သင့်ပြင်ထားပါတယ်”

ဦးနိုင်မျိုးသွင် ဇမ္ဗူသီရိအ‌ရေးပေါ်လူနာသယ်ယူရေးအဖွဲ့ ဥက္ကဋ္ဌ

DW ။ ဒေသအတွင်းမှာသွေးလွန်တုပ်ကွေးဖြစ်ပွားမှု ဘယ်လိုအခြေနေရှိနေလဲ။

ဖြေ ။ အခု‌တ‌လော အရေးပေါ်အသင်းအနေနဲ့ သွေးလွန်တုပ်ကွေးလူနာရယ်လို့ သီးသန့်သယ်ပေးရတာ မရှိသေးဘူး။ လူနာတွေက ကိုယ့်အစီစဉ်နဲ့ကိုယ် ဆေးရုံတက်ကြတယ်ထင်တယ်။

DW ။ ပြီးခဲ့တဲ့လပိုင်းက အခြေနေရောခင်ဗျား။

ဖြေ ။ ပြီးခဲ့တဲ့လပိုင်းလောက်တုန်းကတော့ သွေးလွန်တုပ်ကွေးနဲ့ သေဆုံးတဲ့ ကလေးတစ်ယောက်ကို သွားပို့ပေးခဲ့ရဖူးတယ်။ သူမတိုင်ခင်ကတော့ သွေးလွန်တုပ်ကွေးဖြစ်ပြီး ဆေးရုံတက်ရောက် ကုသနေတဲ့ ကလေး လေးယောက်လောက်ရှိတယ်။ နောက်ထပ်ကိုယ့်အစီစဉ်နဲ့ကိုယ် သွားရောက် ကုသမှုခံယူနေတဲ့ သူတွေလည်း ရှိမှာပဲလို့ထင်တယ်။ အဲဒါတော့ ကျွန်တော်တို့မသိနိုင်ပါဘူး။

DW ။ လက်ရှိအခြေအနေ ဘယ်လိုကြားသိထားတာရှိလဲ။

ဖြေ ။ လက်ရှိအခြေအနေကတော့ အဖြစ်များနေတယ်လို့ပဲသိထားတယ်။ ဒါပေမဲ့ ထဲထဲဝင်ဝင်တော့ ကျွန်တော်တို့အတိအကျသိရတာမရှိဘူး။ အဲဒီလိုအနေထားတော့ရှိတယ်။

DW ။ မိုးရာသီရောက်တော့မယ်ဆိုတော့ သွေးလွန်တုပ်ကွေး ပိုဖြစ်လာနိုင်လား။

ဖြေ ။ ရာသီအကူးအပြောင်းဆိုတော့ တုပ်ကွေးလက္ခဏာတွေက ဖြစ်မှာပဲ။ကိုဗစ် နဲ့လည်းဝင်ယှဉ်နေတယ်ဆိုတော့လေ။ ဖြစ်လာနိုင်တယ်လို့ပဲ ကျွန်တော်တိုတွေးထားတယ်။ ဘာကြောင့်လဲဆိုတော့ အရင်က သွေးလွန်တုပ်ကွေးရယ်လို့ ဖြစ်လာပြီဆိုရင် အုပ်ချုပ်ရေး ကျန်းမာရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး ကျွန်တော်တို့ အဘိတ်ဆေးခတ်တာတို့ ဆေးဖျန်းတာတို့ရှိတယ်။

DW ။ အခုရောအဲဒီလိုတွေ ပူးပေါင်းလုပ်ဆောင်နေတုန်းလား။

ဖြေ ။ အခုသိပ်မရှိဘူး ။လူတွေကလည်း အရေးကြီးတဲ့ လက္ခဏာတစ်ရပ်ရယ်လို့ တွေးထင်ထားပုံမရဘူး။ အရင်က ရပ်ကျေးအုပ်ချုပ်ရေးမှုးသော်လည်းကောင်း၊ ကာယကံရှင်မိသားစုကသော်လည်းကောင်း အကူအညီတောင်းခံလာတာမျိုးရှိတယ်။ အခုအဲဒါမျိုး အကူအညီတောင်းခံလာတာ သိပ်မရှိသေးဘူးပေါ့နော်။ အခုက ကိုယ်ဖြစ်ရင်ကိုယ်ကု။ ဒီလိုပုံနဲ့သာ ရှေ့ဆက်သွားမယ်ဆိုရင် အခုမိုးရာသီထပ်ဖြစ်နိုင်တယ်လို့ပဲ ကျွန်တော့်အနေနဲ့ ခန့်မှန်းမိပါတယ်။ သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးကလည်း ဒီကိစ္စတွေကို ဖိဖိစီးစီး လုပ်ဆောင်ပေးစေချင်ပါတယ်။

DW ။ ဇမ္ဗူသီရိအနေနဲ့ရော အကူအညီတောင်းခံလာမယ်ဆိုရင် ဘယ်လိုပြင်ဆင်ထားပါသလဲ။

ဖြေ ။ ကျွန်တော်တို့အနေနဲ့  သွေးလွန်တုပ်ကွေး ဖြစ်ပေါ်နေတာနဲ့ပတ်သက်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှုးဖြစ်ဖြစ်၊ ကာယကံရှင်ဖြစ်ဖြစ်၊ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူဖြစ်ဖြစ် တိတိကျကျခိုင်ခိုင်မာမာနဲ့ အကူအညီ တောင်းခံလာတာမျိုးရှိရင် ကျွန်တော်တိုဘက်က ဆေးဖျန်းတာမျိုး လုပ်ဆောင်ပေးလို့ရတယ်။ အခုက ဆက်သွယ်လာတာမျိုးလည်းမရှိဘူး။ ဆက်သွယ်ကူညီတောင်းခံရကောင်းမှန်း မသိတာမျိုးလားတော့ ကျွန်တော်တို့လည်း မပြောတတ်ဘူးပေါ့နော်။ ကျွန်တော်တို့ကတော့ ဆေးဖျန်းစက်တွေနဲ့ ခြင်ဆေးတွေ အဆင်သင့်ပြင်ထားပါတယ်။ သက်ဆိုင်ရာတွေက အကူညီတောင်းခံလာမယ်ဆိုရင် ကျွန်တော်တို့ဘက်က အဓိကဦးစားပေး အနေနဲ့လိုက်လံ ကူညီဆောင်ရွက်ပေးဖို့ရှိပါတယ်။

DW ။ ကျေးဇူးတင်ပါတယ်။