အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရတဲ့ တောင်ပိုင်းဒေသက ကလေးများ

0
2624

အသက်မဲ့နေပြီဖြစ်တဲ့ အသက် ၆ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး။

လောင်းလုံးမြို့နယ်ထဲက တံငါပင်လယ်စခန်းတစ်ခုဖြစ်တဲ့ ဘူထောင့်ရွာလေးမှာ နေထိုင်တဲ့ ဒီကလေးငယ်လေးလည်း မသေသင့်ဘဲ သေဆုံးခဲ့ရပြီဖြစ်ပါတယ်။

ကိုဘိုတို့ ရေလုပ်သားမိသားစုမှာ သူတို့သမီးလေး နေမကောင်းဖြစ်နေတဲ့အတွက် ထားဝယ်မြို့ကဆေးရုံကို သွားရောက်ပြသခဲ့ပေမဲ့ ကလေးငယ်ရဲ့အသက်ကို ကယ်တင်နိုင်ခြင်းတော့ မရှိခဲ့ပေ။

ဦးဘိုတို့က သာမာန်လက်လုပ်လက်စား ရေလုပ်သားမိသားစုတွေ၊ ကလေး နေမကောင်းလို့ကုသနေရင်း မသက်သာလို့ ဆေးရုံသွားခဲ့ပေမယ့် ကလေးရဲ့ရောဂါက အချိန်လွန်သွားခဲ့ပြီလို့ဆိုပါတယ်။

ကလေးငယ်မှာ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်နေတယ်ဆိုတာကို ဆေးရုံရောက်မှ သိခဲ့တာပါ။

“သူတို့လည်း ဘယ်သိမလဲ ဒီရောဂါ (သွေးလွန်တုပ်ကွေး) ဖြစ်နေတယ်လို့။ ဒီလိုပဲ နေမကောင်းဖြစ်နေကျပဲလေ။ အဖျားမကျနိုင်လို့ ဆေးရုံတင်ရမှ အဲဒီရောဂါဖြစ်နေမှန်းသိတာ” လို့ ကိုဘိုနဲ့ တစ်ရွာတည်းသားချင်းတစ်ဦးက ဆိုပါတယ်။

သူတို့ရွာလေးမှာ ဖျားနေတဲ့ ကလေးတွေရှိနေပြီး ကိုဘို့သမီးလို သွေးလွန်တုပ်ကွေးလက္ခဏာတွေ ရှိနေပေမဲ့ ဘယ်သူမှ အရေးတယူ လာရောက်စမ်းသပ် စစ်ဆေးပေးတာမျိုးမရှိဘူးလို့ ဒေသခံတွေကဆိုပါတယ်။

မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာ မိုးရာသီရောက်ပြီဆိုရင် သွေးလွန်တုပ်ကွေးအန္တရာယ် စိုးရိမ်ရလေ့ရှိပေမယ့် အခုနှစ်မှာတော့ နွေခေါင်ခေါင်မှာပဲ သွေးလွန်တုပ်ကွေးရောဂါတွေ ဖြစ်ပွားမှု တိုးလာနေတာဖြစ်ပါတယ်။

အထူးသဖြင့် ထားဝယ်ခရိုင်မှာ သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုများပြားနေတာပါ။

တနင်္သာရီတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးရဲ့အဆိုအရ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်မှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု ပိုများနေတယ်လို့ဆိုပါတယ်။

နွေခေါင်ခေါင်မှာဖြစ်တဲ့ သွေးလွန်တုပ်ကွေး

သွေးလွန်တုပ်ကွေးရောဂါဖြစ်ရတဲ့ အကြောင်းအရင်းများစွာရှိပေ‌မယ့် ရေရှားတာကလည်း ဖြစ်ပွားမှုပိုများရတဲ့ အကြောင်းရင်းထဲ ပါဝင်တယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူက ဆိုပါတယ်။

“အခုက ရေရှားတော့ လူတွေက ရေတွေကို ပုံးတွေနဲ့စုထားကြတယ်လေ။ သွေးလွန်တုပ်ကွေးခြင်က ညစ်ပတ်တဲ့ရေမှာ မပေါက်ဖွားဘူး။ သန့်ရှင်းတဲ့ရေမှာမှ ပေါက်တာ။ အဲဒါတွေကြောင့်လည်း သွေးလွန်တုပ်ကွေးက အခုချိန်မှာ ပိုဖြစ်ကြတာ” လို့ အဲဒီကျန်းမာရေးဌာန တာဝန်ရှိသူက ဆိုပါတယ်။

အခုနွေရာသီမှာ သွေးလွန်တုပ်ကွေးဖြစ်ပွားမှုများနေပေမယ့် ဘယ်လောက်အထိများနေတယ်ဆိုတာကိုသိရဖို့ တနင်္သာရီတိုင်း သွေးလွန်တုပ်ကွေးဌာနကို အကြိမ်ကြိမ်ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဒီနေ့အထိ (မေ ၇ အထိ) ဖြေကြားတာမရှိသေးပါဘူး။

“စာပို့ထားပေးပါ။ အားရင်ပြန်ဖြေပါ့မယ်” ဆိုတဲ့ အကြောင်းပြန်ချက်ကိုသာ ရရှိခဲ့ပါတယ်။

ထားဝယ်ခရိုင်မှာ သွေးလွန်တုပ်ကွေးဖြစ်ပွားနေတာဟာ သင်္ကြန်မတိုင်ခင် မတ်လကတည်းကလို့ အရေးပေါ်လူနာတင် ပရဟိတအဖွဲ့တွေက ပြောဆိုကြပါတယ်။

Dawei Watch ရဲ့ စုံစမ်းမေးမြန်းထားသလောက် လောင်းလုံးမြို့နယ်ထဲမှာဆိုရင် ထိန်တွင်းကျေးရွာ၊ ကမြောကြီးကျေးရွာအုပ်စု၊ တီဇစ်ကျေးရွာ၊ ဂေါ့အင်းကျေးရွာ၊ မောင်းမကန်ကျေးရွာနဲ့ အနီးနားတွေမှာ သွေးလွန်တုပ်ကွေးဖြစ်ပွားနေပါတယ်။

ထိန်တွင်းကျေးရွာမှာဆိုရင် ၂၀၂၂ နိုဝင်ဘာလကတည်းက ဖြစ်ပွားနေတာလို့ ဒေသခံတစ်ဦးကဆိုပါတယ်။

အဲဒီအချိန်က သူတို့ရွာက ကလေးငယ် ဆယ်ဦးထက်မနည်း သွေးလွန်တုပ်ကွေးရောဂါနဲ့ ဆေးရုံတင်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။

ဒါပေမဲ့ ခြင်ဆေးဖျန်းတာ၊ ပိုးလောက်လန်းသေစေတဲ့ အဘိတ် (Abate) ဆေးခတ်တာတွေကို ကျန်းမာရေးဌာနဘက်က လာရောက်လုပ်ဆောင်ပေးခဲ့တာ မရှိဘူးလို့ဆိုပါတယ်။

“ဆေးရုံက ဒီရွာမှာ သွေးလွန်တုပ်ကွေးဖြစ်နေတာကို သိပေမယ့် ကျန်းမာရေးဌာနအနေနဲ့ ဘာမှလာလုပ်ပေးတာ မရှိဘူး။ ဆေးရုံတက်ရင် ဆရာဝန်က ပြောတဲ့စကားရှိတယ်။ ဘာပြောလဲဆိုရင် ဒီရွာကတော့ လာပြန်ပြီ အဲဒီလိုတွေပြောတယ်” လို့ သွေးလွန်တုပ်ကွေးရောဂါနဲ့ ဆေးရုံတက်ဖူးတဲ့ ကမြောကြီးကျေးရွာအုပ်စု ဒေသခံတစ်ဦးက ဆိုပါတယ်။

ကမြောကြီးရွာမှာလည်း ကလေးငယ် သုံးလေးဦးထက်မနည်း ဆေးရုံတက်ကုသခဲ့ရပါတယ်။

မေလနဲ့ ဧပြီလထဲ ထားဝယ်မြို့က ပုဂ္ဂလိကဆေးရုံတွေမှာလည်း သွေးလွန်တုပ်ကွေးနဲ့ ကုသနေရတဲ့သူ တော်တော်များများကို တွေ့ခဲ့ရတယ်လို့ အဲဒီအချိန်က ပုဂ္ဂလိက ဆေးရုံတစ်ခုမှာ ကုသခဲ့ရတဲ့ ဂေါ့အင်းဒေသခံတစ်ဦးက ဆိုပါတယ်။

ရောဂါဖြစ်ပွားပြီး အခြေအနေဆိုးမှ ဆေးရုံရောက်လာသူတို့ရှိတာကြောင့် အခြေအနေအရ သွေးသွင်းကုသရတဲ့ အနေအထားဖြစ်တယ်လို့ တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူကဆိုပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းအတွင်းက ကျန်းမာ‌ရေးဝန်ထမ်းအများအပြား အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပူးပေါင်းသွားခဲ့ပါတယ်။

အဲဒီနောက် ကျေးလက်တွေမှာ လုပ်ဆောင်နေတဲ့ သွေးလွန်တုပ်ကွေး၊ ကလေးကာကွယ်ဆေးထိုး လုပ်ငန်းတို့လို ပုံမှန်ကျန်းမာရေးဝန်ဆောင်မှုတွေ ပြတ်တောက်နေခဲ့တာ အခုဆို ၂နှစ်ကျော်လာပြီဖြစ်ပါတယ်။

တိုင်းထဲက မြို့နယ်၊ တိုက်နယ်အဆင့်ဆေးရုံအချို့တောင် ကျန်းမာရေးဝန်ထမ်း အခက်အခဲကြောင့် ပုံမှန်ဝန်ဆောင်မှု မပေးနိုင်တဲ့အခြေအနေမှာ ရှိနေကြပါတယ်။

ဒါ့အပြင် တိုက်ပွဲတွေ၊ ပစ်ခတ်သတ်ဖြတ်မှုတွေ၊ ပေါက်ကွဲမှုတွေ၊ လမ်းခရီးစစ်ဆေးတင်းကျပ်တာတွေ၊ ညမထွက်ရ ကန့်သတ်ချက်တွေကြောင့်လည်း ပြည်သူတွေဟာ အရင်လို ဆေးရုံ၊ ဆေးခန်းကို အလွယ်တကူ သွားရောက်ပြသနိုင်တဲ့ အခြေအနေမရှိတော့ပါဘူး။

ဒါကြောင့် ပြည်သူတွေမှာ ကျန်းမာရေးနဲ့ လက်လှမ်းဝေးလာကြပြီး အချိန်လွန်မှ မဖြစ်မနေ ဆေးရုံတက်ရမယ့် အနေအထားရောက်မှ ဆေးရုံတက်ကုသကြပါတော့တယ်။

ပရဟိတ အရေးပေါ်လူနာတင်ယာဉ်အဖွဲ့တွေရဲ့ အဆိုအရတော့ ထားဝယ်ခရိုင်မှာ သွေးလွန်တုပ်ကွေး‌ဖြစ်ပွားမှုက စိုးရိမ်ရတဲ့အနေအထားရှိတယ်လို့ ပြောဆိုကြပါတယ်။

“သွေးလွန်တုပ်ကွေးနဲ့ ပတ်သက်ပြီး ဆေးရုံတက်တက်နေတာကို ကျွန်တော်တို့က တွေ့တွေ့နေရတယ်။ သွေးသွားစစ်လိုက်ရင် သွေးလွန်တုပ်ကွေးဖြစ်နေပြီ။ အခြားနီးစပ်ရာတွေ မေးကြည့်တော့လည်း သူတို့လည်း ဖြစ်နေကြတယ်လို့ ပြောကြတယ်။ အဲဒါကြောင့် သွေးလွန်တုပ်ကွေးက ဂရုစိုက်ဖို့တော့ လိုအပ်နေပြီလို့ ပြောတာ” လို့ ပရဟိတအဖွဲ့ဝင်တစ်ဦးကဆိုပါတယ်။

ထားဝယ်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူကတော့ လတ်တလော သွေးလွန်တုပ်ကွေးဖြစ်ပွားမှုက စိတ်ပူစရာအနေအထားမှာ ရှိမနေဘူးလို့ဆိုပါတယ်။

ဒါပေမဲ့ ကျန်းမာရေးဌာနအနေနဲ့လည်း ဒေသတွင်းမှာ ဘယ်လောက်‌ပမာဏ အတိုင်းအတာအထိ သွေးလွန်တုပ်ကွေး ဖြစ်ပွားနေတယ်ဆိုတဲ့ အချက်အလက်တွေ တိတိကျကျ မရနိုင်တဲ့ အနေအထား ဖြစ်နေတယ်လို့ သူက ဝန်ခံပြောဆိုပါတယ်။

“ဆေးရုံတက်လာတဲ့ သူလောက်ပဲသိတာလေ။ အခုခြေအနေက (သွေးလွန်တုပ်ကွေး) ရောဂါဖြစ်ပြီး သူ့ဘာသူ ပျောက်သွားတာတွေလည်း ရပ်ကွက်တွေမှာရှိနိုင်တာပဲ” လို့ သူကဆိုပါ။

ဒေသခံတွေကလည်း အပူချိန်အလွန်မြင့်တက်ပြီး ဖျားတာ၊ အော့အန်တာ စတဲ့ သွေးလွန်တုပ်ကွေး လက္ခဏာတွေနဲ့ ဖျားနာနေကြတာရှိပေမယ့် ဆေးရုံမပြဘဲ ဒေသတွင်းက ဆေးလိုက်ကုနေကြတဲ့သူတွေနဲ့ ကျိတ်ကုနေကြတယ်လို့ဆိုပါတယ်။

တီဇစ်ကျေးရွာက ဦးဘိုရဲ့ ၆ နှစ်အရွယ်ကလေးလေးကလည်း အလားတူအဖြစ်မျိုးနဲ့ကြုံရပြီး အသက်သေဆုံးတဲ့အထိ ဖြစ်သွားတာလို့ ဒေသခံတစ်ဦးကဆိုပါတယ်။

“သူတို့က တော်တော်ဆင်းရဲကြတာလေ။ မရတော့ဘူးဆိုမှ ဆေးရုံသွားတာကိုး” လို့ အဲဒီဒေသခံကဆိုပါတယ်။

Dawei Watch အနေနဲ့ ကိုဘိုတို့မိသားစုကို ဆက်သွယ်ဖို့ကြိုးစားခဲ့ပေမယ့် ပင်လယ်ထဲ ငါးဖမ်းထွက်သွားပြီ ဖြစ်တာကြောင့် သူတို့မိသားစုနဲ့ တိုက်ရိုက်စကားပြောခွင့်တော့ မရခဲ့ပါဘူး။

ကူရာမဲ့နေတဲ့ ကျေးလက်ကပြည်သူတွေ

အာဏာသိမ်းပြီးနောက်ဆက်တွဲအ‌နေနဲ့ ဒေသတွင်း ကျေးလက်ကျန်းမာရေးကွန်ရက် ပြတ်တောက်ခဲ့ပါတယ်။

ကျေးလက်ဆေးပေးခန်းတွေ ပိတ်ထားသလို၊ ကျန်းမာရေး အသိပညာပေး လှုပ်ရှားမှုတွေ ရပ်ကုန်ပါပြီ။

အဆိုးဆုံးကတော့ သွေးလွန်တုပ်ကွေးဖြစ်ပွားတဲ့ ကျေးရွာတွေမှာ ဆေးဖျန်းတာ၊ အဘိတ်ဆေးခပ်တာတွေကို နေရာတော်တော်များများမှာ မလုပ်နိုင်တော့ပါဘူး။

မြို့ပေါ်မှာတော့ ကြက်ခြေနီအဖွဲ့အစည်းတွေ၊ ဇမ္ဗူသီရိလို ပရဟိတအဖွဲ့တွေနဲ့ ကျန်းမာရေးဌာနပူးပေါင်းပြီး သွေးလွန်တုပ်ကွေး ဖြစ်ပွားတဲ့နေရာတွေမှာ ကာကွယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေတာရှိတယ်လို့ဆိုပါတယ်။

“ကျွန်တော်တို့အနေနဲ့ သွေးလွန်တုန်ကွေး ဖြစ်ပေါ်နေတာနဲ့ပတ်သက်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်ဖြစ်၊ ကာယာကံရှင်ဖြစ်ဖြစ်၊ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူဖြစ်ဖြစ် တိတိကျကျ ခိုင်ခိုင်မာမာနဲ့ အကူအညီ တောင်းခံလာတာမျိုးရှိရင် ကျွန်တော်တို့ဘက်က ဆေးဖျန်းတာမျိုး လုပ်ဆောင်ပေးလို့ရတယ်” လို့ ဇမ္ဗူသီရိအဖွဲ့ ဦးဆောင်သူ ဦးနိုင်မျိုးသွင်ကဆိုပါတယ်။

အာဏာမသိမ်းခင် ၂၀၂၀ ခုနှစ်တွင် သွေးလွန်တုပ်ကွေးဖြစ်ပွားမှု လျှော့ချနိုင်ရေးအတွက် ကျန်းမာရေးဌာနနဲ့ အုပ်ချုပ်ရေးဌာနတို့ ပူးပေါင်းလုပ်ဆောင်ခဲ့ဖူးပါတယ်။

ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ကိုယ့်ရပ်ရွာထဲ သွေးလွန်တုပ်ကွေးဖြစ်ပွားမှုကို မှတ်တမ်းပြုစုတင်ပြပြီး ဖုံး၊ သွန်၊ လဲ၊ စစ် လိုမျိုး လိုအပ်တဲ့ အသိပညာပေးလုပ်ငန်းတွေ၊ ကာကွယ်ရေးလုပ်ငန်းတွေကို ကျန်းမာရေးဌာနနဲ့ ပူးပေါင်းလုပ်ဆောင်တာမျိူး ဖြစ်ပါတယ်။

အဲဒီလို သွေးလွန်တုပ်ကွေး ကာကွယ်ရေးလုပ်ငန်းကို ကိုယ်တိုင်လုပ်ဆောင်ပေးဖူးတဲ့ ကျန်းမာရေးဝန်ထမ်းတွေထဲမှာ ထားဝယ်မြို့နယ်က CDM ဝန်ထမ်း ဒေါ်ဖြိုးဝေ (အမည်လွှဲ) လည်း တစ်ဦးအပါအဝင်ဖြစ်ပါတယ်။

“တစ်အိမ်တက် တစ်အိမ်ဆင်း အဘိတ်ဆေးလိုက်ခတ်၊ ‌ဖုံသွန်လဲစစ်တွေ လုပ်ပေးရတာက ကျွန်မတို့ရဲ့တာဝန်ပဲ” လို့ အာဏာမသိမ်းမီက သွေးလွန်တုပ်ကွေးကာကွယ်ရေး ကွင်းဆင်းလုပ်ဆောင်ခဲ့ဖူးတာကို အရန်သားဖွား ဆရာမဖြစ်တဲ့ ဒေါ်ဖြိုးဝေကဆိုပါတယ်။

အစိုးရမဟုတ်တဲ့ NGO အဖွဲ့အစည်းတွေကလည်း တက်တက်ကြွကြွပါဝင်ခဲ့တယ်လို့ သူကဆိုပါတယ်။

အဲဒီအချိန်တုန်းကတောင် တနင်္သာရီတိုင်းမှာ သွေးလွန်တုပ်ကွေးဖြစ်းပွားသူဦး‌ရေ ထောင်ဂဏန်းအထိ ဖြစ်ပွားလေ့ရှိပါတယ်။

ကျန်းမာရေးဌာနရဲ့မှတ်တမ်းအရ ၂၀၁၈ ခုနှစ်မှာ ထားဝယ်မြို့နယ်ထဲ ၁၄၂ ဦး၊ ၂၀၁၉ ခုနှစ်မှာ ၉၇ ဦး ဖြစ်ပွားခဲ့ပါတယ်။

ပုလောမြို့နယ်မှာတော့ ၂၀၁၈ ခုနှစ်မှာ ၁၄၉ ဦး၊ ၂၀၁၉ ခုနှစ်မှာ ၂၂၂ ဦးဖြစ်ပွားခဲ့ပါတယ်။

ကိန်းဂဏန်းအချက်အလက် တိတိကျကျ မသိရပေမယ့် ကျန်မြို့နယ် ၈ မြို့နယ်မှာလည်း အလားတူ တစ်နှစ် ရာချီ ဖြစ်ပွားလေ့ရှိတယ်လို့ CDM ကျန်းမာရေးဝန်ထမ်းတွေက ခန့်မှန်းပြောဆိုကြပါတယ်။

တနင်္သာရီတစ်တိုင်းလုံးအနေနဲ့ သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူကတော့ ၂၀၁၈ ခုနှစ်မှာ ၉ ဦးရှိပြီး ၂၀၁၉ ခုနှစ်မှာ ၃ ဦးရှိပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့သွေးလုပ်တုပ်ကွေး ဖြစ်ပွားနေတာတွေရှိနေပေမယ့် ကျန်းမာရေးဌာနအနေနဲ့ တိကျတဲ့ ကိန်းဂဏန်းအချက်အလက်တွေ ‌မကောက်ခံနိုင်တော့ပါဘူး။

၂၀၂၂ ခုနှစ် နှစ်စကနေပြီး ဇူလိုင်လအထိ ၇ လတာကာလထဲ ‌ကျန်းမာ‌ရေးဌာနက မှတ်တမ်းတင်နိုင်တဲ့ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၇၀ ဦးပဲရှိနေပါတယ်။ အဲဒီထဲက ကံပေါက်ဆေးရုံမှာ ကလေးတစ်ဦး သေဆုံးခဲ့ပါတယ်။

အဲဒီအချက်အလက်ဟာ ပြည်သူ့ဆေးရုံတွေပေါ် ရောက်လာပြီး ဆေးကုသမှုခံယူတဲ့သူတွေရဲ့ အရေအတွက်သာ ဖြစ်ပါတယ်။

ပုဂ္ဂလိကနဲ့ အပြင်ဆေးခန်းတွေမှာ ကုသနေကြတဲ့သူတွေ ဘယ်လောက်ရှိတယ်ဆိုတာ သူတို့မသိနိုင်ဘူးလို့ တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဝန်ခံပြောဆိုထားပါတယ်။

မြို့ပေါ်နေသူတွေအတွက် ဆေးရုံဆေးခန်းမရှားပေမဲ့ ကျေးလက်နေသူတွေကတော့ ဆေးကုသခွင့် ရဖို့ဆို အလှမ်းဝေးတဲ့ မြို့ပေါ်ကို တက်‌ရောက်ကုသမှာပဲ အဆင်ပြေနိုင်မှာပါ။

ခေတ်အခြေအနေအရ လမ်းခရီးမသာတာ၊ တံတားပိတ်တွေ၊ စစ်ဆေးရေး ဂိတ်တွေကို ဖြတ်ရတာ၊ ကားငှားရခက်တာ စတဲ့ အခက်အခဲတွေလည်း အများကြီးရှိနေတာပါ။

ရပ်ရွာထဲမှာ ကျန်းမာရေး ဆေးပေးခန်းတွေမရှိတော့တဲ့အတွက် ကျေးလက်နေပြည်သူတွေကတော့ အားကိုးရာမဲ့နေကြတာပါ။

ဆေးရုံကို နောက်ကျမှ ရောက်တဲ့အတွက် အသက်ဆုံးရှုံးရတာတွေလည်း အများအပြားရှိနေပါတယ်။

ကြောက်စရာ သွေးလွန်တုပ်ကွေး

သွေးလွန်တုပ်ကွေးဟာ အသက် ၁ နှစ်မှ ၉ နှစ်အကြားမှာ အဖြစ်များတယ်လို့ဆိုပေမယ့် ကလေးလူကြီးမရွေး ရာသီမရွေး ဖြစ်တတ်ပါတယ်။

သွေးလွန်တုပ်ကွေးရောဂါဟာ ရောဂါလက္ခဏာပြတာနဲ့ အချိန်မီသိရှိကုသဖို့ လိုအပ်ပါတယ်။

နောက်ကျ အချိန်လွန်မှသိရင်၊ ဒါမှမဟုတ် စနစ်တကျ ဆေးဝါးကုသမှုမခံယူရင် မမြင်နိုင်တဲ့ ကိုယ်တွင်း သွေးယိုစိမ့်မှုဖြစ်ပြီး အသက်အန္တရာယ်အထိ စိုးရိမ်ရတယ်လို့ တိုင်းပြည်သူ့ကျန်းမာရေးဌာန တာဝန်ရှိသူတစ်ဦးကဆိုပါတယ်။

လက်ရှိထားဝယ်ခရိုင်ထဲ သွေးလွန်တုပ်ကွေးဖြစ်ပွားသူတွေထဲမှာ သွေးသွင်းကုသရတာတွေ အတွေ့များလာရတယ်လို့ ကိုယ်တိုင်ဆေးရုံတက်ဖူးသူတွေက ပြောဆိုကြပါတယ်။

ယခုနွေရာသီကာလ သွေးလွန်တုပ်ကွေးဖြစ်ပွားဖူးသူ ၇ ဦးကို Dawei Watch က ဆက်သွယ်မေးမြန်းခဲ့ရာ ငါးဦးက သွေးသွင်းကုသခဲ့ရတယ်လို့ ဖြေဆိုခဲ့ကြပါတယ်။

လက်ရှိလုံခြုံရေး အခြေအနေကြောင့်လည်း အရေးပေါ်သွေးလိုအပ်ပြီဆိုရင် သွေးလှူရှင်ရှာရတာ ခက်ခဲလှပါတယ်။

သွေးလွန်တုပ်ကွေးရောဂါက သွေးသွင်းဖို့လိုပြီဆိုရင် အချိန်မီသွေးသွင်းကုသနိုင်မှပဲ အသက်ရှင်နိုင်မှာပါ။

အခုလို သွေးလှူရှင်ရှာရ ခက်ခဲတဲ့ခေတ်ကာလမှာ သွေးလွန်တုပ်ကွေးဖြစ်ပြီဆိုရင် သွေးသွင်းတဲ့အဆင့် မရောက်ဖို့လိုနေပါတယ်။

လောင်းလုံးမြို့နယ် တီဇစ်ကျေးရွာက ကိုဘိုရဲ့ အသက် ၆ နှစ်အရွယ် သမီးလေးဟာလည်း အချိန်မီမသိ မကုသနိုင်တာကြောင့် သွေးလွန်တုပ်ကွေးရောဂါနဲ့ အသက်ဆုံးရှုံးလိုက်ရတာပါ။

မိုးရာသီမှာ ပိုဆိုးလာမလား

အခုဆို မိုးရာသီရောက်လာတော့မှာပါ။ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ လက်လှမ်းဝေးနေတဲ့ ဒေသတွေ၊ နယ်ကျေးရွာတွေမှာ သွေးလွန်တုပ်ကွေးဖြစ်ပွားမှု မြင့်တက်လာနိုင်ခြေရှိနေပါတယ်။

“ဒီလိုပုံနဲ့သာ ရှေ့ဆက်သွားမယ်ဆိုရင် အခုမိုးရာသီမှာ ထပ်ဖြစ်နိုင်တယ်လို့ပဲ ကျွန်တော်အနေနဲ့ ခန့်မှန်းမိပါတယ်။ သက်ဆိုင်ရာ အဖွဲ့စည်းအသီးသီးကလည်း ဒီကိစ္စတွေကို ဖိဖိစီးစီးလုပ်ဆောင်ပေးစေချင်ပါတယ်” လို့ ဇမ္ဗူသီရိအဖွဲ့ ဦးဆောင်သူ ဦးနိုင်မျိုးသွင်က ပြောဆိုလိုက်ပါတယ်။

သွေးလွန်တုပ်ကွေးရောဂါ ကူးစက်မှုကို လျှော့ချဖို့ဆိုရင် သွေးလွန်တုပ်ကွေး ဖြစ်ပွားရာဒေသတွေကို စနစ်တကျ သွားရောက်ပြီး ကာကွယ်ရေးလုပ်ငန်းစဉ်တွေ လုပ်ဆောင်ဖို့လိုပါတယ်။

ဒါပေမဲ့ အခုသွေးလွန်တုပ်ကွေး ဖြစ်ပွားနေတဲ့ ကျေးလက်ဒေသတွေမှာတော့ စစ်ကောင်စီရဲ့ ကျန်းမာရေးဌာနတွေက ထိထိရောက်ရောက် လုပ်ဆောင်ပေးနေတာ မတွေ့ရပါဘူး။

ဒါကြောင့်လည်း သွေးလွန်တုပ်ကွေးဖြစ်လေ့ရှိတဲ့ မိုးရာသီကာလရောက်ရင် အခြေအနေပိုဆိုးလာနိုင်တယ်လို့ ခန့်မှန်းနေကြာတာလည်းဖြစ်ပါတယ်။

သွေးလွန်တုပ်ကွေးရောဂါကတော့ တောင်ပိုင်းဒေသက ကလေးငယ်တွေရဲ့ အသက်ကို ခြိမ်းခြောက်လာနေပါပြီ။