မြန်မာနိုင်ငံတောင်ဘက်စွန်း ကော့သောင်းမြို့နယ်အတွင်းတွင် အမျိုးသား နှစ်ဦးကို လက်လုပ်ယမ်းထောင်း သေနတ် နှစ်လက် နှင့် အတူ မေလ ၃၀ ရက်နေ့က ထပ်မံ ဖမ်းဆီး ရမိခဲ့ကြောင်း မြို့မ ရဲစခန်း ထံမှသိရသည်။
ကော့သောင်းမြို့မှ ဆယ်မိုင် တာညိုပါဒ ကျေးရွာ တွင် အမျိုးသားနှစ်ဦး ကို လက်လုပ်သေနတ် နှစ်လက်နှင့်အတူ စိတ်ကြွဆေးပြားများ ဖမ်းမိပြီးနောက် သုံးရက်အတွင်း ထိုသို့ ဒုတိယအကြိမ်ဖမ်းမိခဲ့ခြင်းဖြစ်သည်။
ယခု အကြိမ်ဖမ်းဆီးရမိသော နေရာမှာ ကော့သောင်းမြို့မှ မိုင်ငါးဆယ်ခန့်အကွာရှိ စူငယ်ဘာလှိုင်းကျေးရွာအုပ်စု အောင်မြန်မာကျေးရွာရှိ ခြံဝင်းကျယ်တစ်ခုတွင်ဖြစ်ပြီး ယင်းခြံအတွင်း ခွေး ၁၀ ကောင်ခန့်မွေးမြူထားကြောင်း ကော့သောင်းမြို့မရဲစခန်းမှ ရဲအုပ်က ဆိုသည်။
နေအိမ်အတွင်း ၀င်ရောက်ရှာဖွေစဉ် ထွက်ပြေးသဖြင့် လုံးထွေးဖမ်းဆီးခဲ့ရကြောင်း ၎င်းကဆိုပြီး ဘိန်းစာမှုန့် ၂ ထုပ်၊ WY မူးယစ်ဆေးပြား ၃ ပြား၊ သေနတ်နှစ်လက်နှင့် ဆေးရှုရာတွင် အသုံးပြုသော ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။
“မူးယစ်ဆေးဝါး ဖမ်းတိုင်း ဓား၊ သေနတ် တွေ နဲ့ အမြဲဖမ်းမိတယ်။ ဒါကြောင့် ဖမ်းဖို့သွားရင် အန္တရာယ် ကို ကြိုတင်ကာကွယ်မူတွေ သတိရှိရှိ လုပ်ကြရတယ်”ဟု ကော့သောင်းမြို့မစခန်းမှ ရဲအုပ် အောင်ဇော်မင်းထွန်း ကဆိုသည်။
ယခုဖမ်းမိသော နေရာသည် ကော့သောင်းမြို့ပေါ်အထိ ဆေးဖြန့်နေသော နေရာဖြစ်ကြောင်း ရဲအဖွဲ့က ယူဆထားသည်။
ကော့သောင်းမြို့နယ် အတွင်း ငါးလတွင် မူးယစ်ဆေးဝါး အမူ တစ်ရာကျော် ဖမ်းဆီးခဲ့သည်။
တနင်္သာရီတိုင်း၏ မြို့တော် ထားဝယ်တွင်လည်း မူးယစ်ဆေးဝါးနှင့် အတူ သေနတ်များ ဖမ်းဆီးရမိဖူးပြီး ယခုလဆန်းက မူးယစ်တရားခံက ပြန်လည်ပစ်ခတ်မှုကြောင့် ရဲတပ်သားတစ်ဦး သေဆုံးခဲ့သေးသည်။