မြိတ်-ထားဝယ်ကားလမ်း ယခုရက်ပိုင်းအတွင်း အသုံးမပြုရန် ထုတ်ပြန်

0
4256

မြိတ်-ထားဝယ် ပြည်ထောင်စုလမ်းအား ယခုရက်ပိုင်းအတွင်း အသုံးမပြုရန် ပြည်သူ့ကာကွယ်တပ်ရင်း (၁) ပုလောနှင့် မဟာမိတ်တပ်များက ထုတ်ပြန်လိုက်သည်။

မြိတ်-ထားဝယ်ကားလမ်းရှိရာ ပုလောမြို့နယ်၌ ယခုရက်ပိုင်းအတွင်း နေ့စဉ်နှင့်အမျှ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်နေပြီး နောက်ထပ်လည်း စစ်ရေးအရှိန်မြှင့်တိုက်ခိုက်သွားမည်ဖြစ်သည့်အတွက် ခရီးသွားပြည်သူများ ယင်းလမ်းကို အသုံးမပြုကြရန် နိုဝင်ဘာလ ၇ ရက်နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။

မိဘပြည်သူများ၏ လုံခြုံရေးကို ရှေးရှု၍ မေတ္တာရပ်ခံပန်ကြားခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

နောက်ထပ် ထုတ်ပြန်ချက်တစ်စုံတစ်ရာ မထုတ်ပြန်ခင်အထိ သွားလာခြင်း မပြုလုပ်ကြရန် ထုတ်ပြန်ထားသည်။

နိုဝင်ဘာလ ၇ ရက်နေ့က ပုလောမြို့နယ် မင်းထိန်ရွာအနီးဝန်းကျင်တွင် စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခြင်း၊ အပြန်အလှန် ထိတွေပစ်ခတ်မှုများ ဖြစ်ခဲ့သည်။

ယနေ့ နံနက်တွင်လည်း ကဒဲ၊ သင်္ကန်းတော၊ နန်းတောင် စသည့် ကျေးရွာတစ်ဝိုက်တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး ပုလောမြို့နယ် ပြည်ထောင်စုလမ်းမကြီးတွင် ဖြတ်သန်းသွားလာနေသည့် ယာဉ်များ မတွေ့ရတော့ကြောင်း ဒေသခံများက ပြောသည်။

“တိုက်ပွဲဖြစ်နေတာ ကြားလို့ပဲ အတက်အဆင်း မလုပ်ကြတာလားတော့ မသိဘူး။ ဒီနေ့ဖြတ်သန်းသွားလာတာ မတွေ့ရဘူး” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ထားဝယ်-မြိတ် ပြည်ထောင်စုလမ်း ပုလောမြို့နယ်အတွင်း မကြာခဏထိတွေ့တိုက်ပွဲများဖြစ်ပွားနေရာမှ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းမှ စတင်ပြီး တိုက်ပွဲအရှိန်မြင့်တက်လာကာ လမ်းကြောင်းတစ်လျှောက် နေရာအနှံ့ ထိတွေ့ပစ်ခတ်မှုများ ဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှ သိရသည်။