ထိုင်း ရနောင်းတွင် အလုပ်လုပ်ခွင့်ကတ်လုပ်သော မြန်မာလုပ်သား ၁၀၀ ကျော် ငွေလိမ်ခံရ

0
5110

ထိုင်းနိုင်ငံ ရနောင်းခရိုင်တွင် ပန်းရောင်ကတ်ခေါ် ယာယီနေထိုင်အလုပ်လုပ်ခွင့်ကတ် ပြုလုပ်ပေးမည်ဟုဆိုကာ မြန်မာပွဲစားတစ်ဦးက မြန်မာအလုပ်သမား ၁၀၀ ကျော်ထံမှ ငွေကြေးလိမ်လည်ယူဆောင်ပြီး ထွက်ပြေးသွားကြောင်း အလိမ်ခံလိုက်ရသော မြန်မာအလုပ်သမားများထံမှ သိရသည်။

မြန်မာအလုပ်သမား အနည်းဆုံး ၁၀၀ ကျော်သည် ဘတ်ကတ်ဟုလည်းခေါ်သည့် ပန်းရောင်ကတ်ကို ပြုလုပ်ရန် မယုဇနထွန်းအမည်ရှိ ပွဲစားနှင့်ချိတ်ဆက်ခဲ့ကြကြောင်း ၎င်းတို့က ပြောသည်။

မြန်မာအလုပ်သမားများသည် ထိုင်းအစိုးရက တရားဝင်ပြုလုပ်ပေးနေသော ပန်းရောင်ဘတ် ပြုလုပ်ရန်အတွက် လုပ်ငန်းစဉ်အသေးစိတ်ကို မသိရှိကြသဖြင့် မြန်မာနိုင်ငံသား ပွဲစားတစ်ဦးနှင့် ချိတ်ဆက်လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။

အလုပ်သမားကတ်ပြုလုပ်ရာတွင် လက်ဗွေနှိပ်ခြင်း၊ ဆေးစစ်ခြင်းများပြုလုပ်နိုင်ရန်အတွက် မြန်မာအလုပ်သမားများ ထံမှ တစ်ဦးလျှင် ဘတ်ငွေ ၆၀၀၀ မှ ၉၀၀၀ အထိ တောင်းခံခဲ့ခြင်းဖြစ်ကြောင်း အလုပ်သမားများထံမှ သိရသည်။

ထို့ကြောင့် အလုပ်သမားများ ပေးချေထားသည့် ငွေမှာ ဘတ်ခြောက်သိန်းနှင့် ကိုးသိန်းကြားတွင် ရှိမည်ဖြစ်ကြောင်း အလုပ်သမားများက ပြောသည်။

ပန်းရောင်ကတ် ပြုလုပ်ထားကြသူများတွင် ထားဝယ်ဒေသခံ အများစုပါဝင်ကာ တောင်းခံသောငွေပမာဏကို အပြည့် ပေးချေပြီးသည့်အချိန်တွင် ပွဲစား ထွက်ပြေးသွားခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

လက်ဗွေမနှိပ်ရသည့်အပြင် ဆေးလည်းမစစ်ရသေးကြောင်း အလုပ်သမားများက ပြောဆိုသည်။

ပွဲစားဆီသို့ နောက်ဆုံးဆက်သွယ်ရရှိသည့် အောက်တိုဘာလ ၅ ရက်နေ့အထိ ရနောင်းသို့ပြန်လာ၍ ကူညီဖြေရှင်း ပေးရန် တောင်းဆိုသော်လည်း အဆက်အသွယ်ဖြတ်တောက်ကာ ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း ငွေလိမ်ခံရသော မြန်မာအလုပ်သမားတစ်ဦးက ဆိုသည်။

“သွေးစစ် လက်ဗွေနှိပ်ဖို့ဆိုပြီး ငွေအရင်တောင်းတယ်။ ငွေပေးပြီး နောက်ရက်တွေမှာ ထားဝယ်ခဏပြန်မယ် ပြော တယ်။ ပြီးတာနဲ့ သူက ကျွန်တော်တို့ ဆွေးနွေးပြောဆိုနေကျ Group Chat ထဲမှာ နင်တို့ ဘတ်လုပ်ထားတဲ့ ငွေတွေကို ရှမ်း (ထိုင်း) တစ်ယောက်က လိမ်သွားပြီလို့ပြောတယ်။ အဲဒီရှမ်း (ထိုင်း) က ဘယ်သူလဲ မေးလည်း မပြောဘူး။ အကုန်လုံးကို Block ပြီး ထွက်ပြေးသွားတာ” ဟု ၎င်းက ဆိုသည်။

မယုဇနထွန်းဆိုသူသည် ထားဝယ်နှင့် မြိတ်တို့တွင် နေထိုင်သူဖြစ်ပြီး ယခင်တစ်ကြိမ်က ပန်းရောင်ကတ်ကို အဆင်ပြေပြေ ဆောင်ရွက်ပေးခဲ့ဖူးသူဖြစ်ကာ ယခုတစ်ကြိမ်တွင် ငွေလိမ်ကာ ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း မြန်မာအလုပ်သမားများထံမှ သိရသည်။

၎င်းသည် ထိုင်းနိုင်ငံသားတစ်ဦးနှင့် အိမ်ထောင်ပြုထားသဖြင့် ငွေလိမ်လည်မှုအကြောင်းကို ခင်ပွန်းဖြစ်သူထံ မေးမြန်း ရာတွင် အကြောင်းတစ်စုံတစ်ရာ တိတိကျကျဖြေဆိုခဲ့ခြင်းမရှိဘဲ သားဖြစ်သူနှင့်အတူ ထွက်သွားပြီဟုသာ ပြောဆိုခဲ့ ကြောင်း အလုပ်သမားများက ပြောသည်။

ငွေလိမ်ခံရမှုအတွက် မြန်မာအလုပ်သမားများသည် ထိုင်းနိုင်ငံ အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးတွင် စုပေါင်းတိုင်ကြားနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေပြီး လက်ရှိအချိန်တွင် မြန်မာပွဲစားအနေဖြင့် ထိုကိစ္စကို ပြန်လည် လာရောက်၍ ဖြေရှင်းပေးစေလိုကြောင်း အလိမ်ခံရသော အလုပ်သမားများက ပြောဆိုသည်။

ထိုင်းရောက်မြန်မာအလုပ်သမားများသည် ပန်းရောင်ဘတ် ပြုလုပ်ရာခြင်း၊ အလုပ်ရှာ အလုပ်လျှောက်ပေးခြင်း စသည့်လုပ်ငန်းများတွင် ပွဲစားများ၏ ငွေလိမ်လည်ခံရမှုဖြစ်စဉ်များ ဆက်တိုက်ကြုံတွေ့နေခဲ့ရသည်ကို တွေ့ရှိခဲ့ရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၀ ရက်နေ့ကလည်း ပွဲစားတစ်ဦးသည် ပန်းရောင်ဘတ် ပြုလုပ်ပေးမည်ဟုဆိုကာ ရနောင်းခရိုင်ရှိ မြန်မာအလုပ်သမား ၅၀ ကျော်ထံမှ ဘတ်ငွေ ငါးသိန်းကျော် လိမ်လည်သွားသေးသည်။