ထားဝယ်ခရိုင်တွင် ဆန်သယ်ယူခွင့် ကန့်သတ်ခံနေရ

0
4075

ထားဝယ်ခရိုင်တွင် ယခုလ ဒုတိယအပတ်မှစပြီး ဆန်သယ်ယူခွင့် ကန့်သတ်ခံလာရကြောင်း ဆန်ဆိုင်ပိုင်ရှင်အချို့နှင့် ခရီးသည်တင်ကားမောင်းသူအချို့က ပြောသည်။

ထားဝယ်မြို့ အဝင်အထွက်ဂိတ်များတွင် စစ်ဆေးနေပြီး အချို့ကားများကို ဆန် ၇ အိတ်သာ သယ်ခွင့်ပြုကြောင်း ဆန်ဆိုင်ပိုင်ရှင်တစ်ဦးကဆိုသည်။

“တဖြည်းဖြည်းနဲ့ပိုဆိုးလာတယ်။ ဟိုတစ်လကတောင်မှ ဆန်ဆယ်အိတ် သယ်လို့ရသေးတယ်။ အခု ခုနစ်အိတ်ပဲရတော့တယ်။ လုပ်ရကိုင်ရတာ တော်တော်ပင်းပန်းတယ်” ဟု ဆိုသည်။

ယခင်က တိုက်ပွဲဖြစ်ပွားနေသည့် သရက်ချောင်းမြို့နယ်ဘက်သို့ ဆန်သယ်ယူခွင့်ကို ကန့်သတ်ထားရာမှ ယခုတွင်မူ ခရိုင်တစ်ခုလုံး ကန့်သတ်ခံလာရခြင်းဖြစ်သည်။

တိုင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးတစ်ဦးကမူ တိုင်းအတွင်းမှဆန်များ အခြားဒေသသို့ မရောက်သွားစေရန်အတွက် ကန့်သတ်ခြင်းဖြစ်ကြောင်းဆိုသည်။

ယင်းသို့ကန့်သတ်ရာတွင်လည်း ဆန်သယ်ယူ၊ ရောင်းဝယ်ခွင့်နှင့်သက်ဆိုင်သည့် လိုင်စင်ရှိသူများကို ကန့်သတ်ခြင်းမရှိဘဲ ခွင့်ပြုချက်မရှိသူများကိုသာ စစ်ဆေးကန့်သတ်ခြင်း ဖြစ်ကြောင်းပြောဆိုသည်။

ဒေသခံများမှာမူ ဆန်သယ်ယူရန် ခက်ခဲလာပါက ယခုထက်ပို ဆန်ဈေးကြီးလာပြီး ဝယ်ယူမရမည်ကို စိုးရိမ်နေကြသည်။

မကြာခဏ တိုက်ပွဲဖြစ်ပွားနေသည့် ထားဝယ်မြို့နယ်အရှေ့တောဒေသနှင့် သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ်ဒေသရှိ ဒေသခံများမှာ ဆန်သယ်ယူခွင့် ပိုမိုကန့်သတ်စစ်ဆေးခံနေရပြီး လိုသလောက် ဝယ်ယူမရဖြစ်နေကြသည်။

ထားဝယ်ခရိုင် ကျေးလက်ဒေသရှိ အသေးစား ဆန်လုပ်ငန်းရှင်များမှာလည်း ရန်ကုန်တင်ပို့မည့် ဒေသတွင်းဆန်များကို ထားဝယ်မြို့သို့ သယ်ယူရန် စိုးရိမ်မူရှိသဖြင့် ရန်ကုန်သို့ဆန်တင်ပို့မူကို ယာယီရပ်နားထားကြောင်း ပြောဆိုကြသည်။

ထားဝယ်ဒေသခံများသည် ဒေသထွက်ဆန်ကို အသုံးပြုလေ့မရှိဘဲ ရန်ကုန်ကဆန်ကိုသာ ဝယ်ယူအသုံးပြုလေ့ရှိသည်။

အချို့ကားများမှာ ဆန်သယ်ယူခွင့်ရှိနေသဖြင့် ဒေသတွင်းတွင်မူ ဆန်ပြတ်လပ်သည့် အခက်အခဲမရှိသေးကြောင်း ဆန်ဆိုင်ပိုင်ရှင်အချို့ကပြောသည်။